ရေးသားသူ – ကောင်းစည်သူ (သုတစွယ်စုံ)
ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ကို လင်းနို့များ အသုံးပြုကာ ဗုံးမိုးကြဲရန် ကြံရွယ်ခဲ့သည့် အမေရိကန်တို့၏ လင်းနို့ဗုံး စီမံကိန်းသည် ယနေ့တိုင် ပြောစမှတ် ပြုနေကြရသည့် ထူးခြားသော စစ်ရေးစီမံချက် တစ်ရပ်ပင်ဖြစ်သည်။
လင်းနို့များ၏ စရိုက် သဘာဝကို အသုံးချလျက် စစ်ရေးအနိုင်ရရန် သုတေသနပြု စီစဉ်ခဲ့သော ထိုစီမံချက်သည် လက်တွေ့တွင် မအောင်မြင်ခဲ့သော်လည်း ယထာဘူတကျ သည့် အောင်မြင်နိုင်ခြေများသော ကြံဆမှုတစ်ရပ် ဖြစ်ခဲ့ပေသည်။ တိရစ္ဆာန်တို့၏ အစိုးမရသော စိတ်နှင့် မထိန်းချုပ်နိုင်သော အပြုအမူတို့ကြောင့်သာ လင်းနို့ဗုံး စီမံကိန်း ပျက်ခဲ့ရခြင်း ဖြစ်ကြောင်း သုံးသပ်နိုင်ခဲ့ကြပေသည်။
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပင်ဆီဗေးနီးယားပြည်နယ်မှ သွားဆရာဝန် လီတယ်လ်အဒမ်စ်သည် အမေရိကန် အနောက်တောင်ပိုင်း နယူးမက္ကဆီကိုရှိ ထင်ရှားသော ကားလ်စ်ဘက်လိုဏ်ဂူတွင် အပန်းဖြေခရီး ရောက်ရှိနေခဲ့သည်။ အဒမ်စ်သည် ယင်းမြေအောက်လိုဏ်ဂူတွင် ရှိနေသည့် သန်းနှင့်ချီသော လင်းနို့များကို တွေ့ရသဖြင့် သဘောကျ ကျေနပ်နေမိခဲ့သည်။ သို့ရာတွင် သူ၏ မော်တော်ကား ရေဒီယိုမှ ကြေညာနေသော ပုလဲဆိပ်ကမ်းကို ဂျပန်တို့ ဗုံးကြဲသည့် သတင်းကို ကြားရသောအခါတွင် ဒုတိကမ္ဘာစစ်အတွင်း အမေရိကန်တို့၏ ရန်သူဖြစ်သည့် ဂျပန်နိုင်ငံအား လင်းနို့များကို အသုံးချကာ အလွန်ထူးခြားသည့် ပုံစံဖြင့် ကလဲ့စားချေရန် ဆုံးဖြတ်ချက် ချခဲ့သည်။
တစ်လမျှ အကြာ ၁၉၄၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အဒမ်စ်သည် သူ၏ အကြံအစည်အား အိမ်ဖြူတော်သို့ ပေးပို့ တင်ပြခဲ့သည်။ မီးလောင်ဗုံးများ ချည်နှောင်ထားသော လင်းနို့များဖြင့် ဂျပန်မြို့တော်များအား ဖျက်ဆီးနိုင်ကြောင်း၊ အဆိုပါ လင်းနို့များသည် ဂျပန်နိုင်ငံရှိ မြို့များ၏ ချောင်ကြို ချောင်ကြားများ၊ အပေါက်များတွင် ခိုအောင်းကြမည်ဖြစ်ကြောင်း၊ လင်းနို့များ၏ ကိုယ်ပေါ်မှ ဗုံးများကို ဖောက်ခွဲလိုက်ပါက မိုင် ၄၀ အတွင်း တစ်အိမ်လျှင် ဗုံးတစ်လုံးစီ ချလိုက်သကဲ့သို့ဖြစ်ပြီး ထောင်ပေါင်းများစွာသော ပေါက်ကွဲ မီးလောင်မှုများ တစ်ပြိုင်တည်း ဖြစ်ပွားမည်ဖြစ်ကြောင်း အဆိုပြုခဲ့သည်။အဒမ်စ်သည် ထိုစဉ်က အမေရိကန် သမ္မတကတော် အီလင်နော ရုစဗဲ့ နှင့် ရင်းနှီး ခင်မင်သူ တစ်ဦးဖြစ်သည့်အတွက် သမ္မတကတော်ကိုလည်း သူ၏ အကြံအစည်ကို ရှင်းပြခဲ့သည်။
အဒမ်စ်၏ အဆိုပြုချက်ကို အမေရိကန် အစိုးရက စစ်ရေးဆိုင်ရာ သုတေသန စူးစမ်းမှုများကို တာဝန်ယူထားရသည့် အမျိုးသား ကာကွယ်ရေး သုတေသန ကော်မတီသို့ ပေးပို့ခဲ့သည်။ ထိုအဖွဲ့ကလည်း လင်းနို့တို့၏ အသံလှိုင်း ဗျူဟာစနစ် တီထွင်ရေး လုပ်ငန်းကို ဆောင်ရွက်နေသူ ဒေါ်နယ်ဂရစ်ဖင်အား တင်ပြခဲ့ကြသည်။ ဂရစ်ဖင်က အဒမ်စ်၏ အဆိုပြုချက်သည် အပေါ်ယံကြည့်လျှင် ကိုးရိုး ကားရားဆန်သည့် စိတ်ကူးတစ်ခုနှင့် တူနေကြောင်း၊ သို့သော်လည်း ဇီဝနည်းပညာ အတွေ့အကြုံများဖြင့် ကျယ်ပြန့်သော လုပ်ဆောင်မှုများဖြင့် အဆိုပါ စီမံကိန်းကို စွမ်းရည်ရှိရှိ ဆောင်ရွက်ပါက အောင်မြင်မည့် အခွင့်အရေးများ ရရှိစေမည်ဟု အဒမ်စ်အား ယုံကြည်စေခဲ့ကြောင်း သုံးသပ်ခဲ့သည်။ ဤသို့ဖြင့် သွားဆရာဝန်တစ်ဦး၏ ခပ်ကြောင်ကြောင် အတွေးက အမေရိကန်နိုင်ငံ၏ သုတေသန လုပ်ငန်းကြီးတစ်ခု ဖြစ်ခဲ့ရတော့သည်။
အဒမ်စ်က ဂျပန်နိုင်ငံမှ အခြေခံလူမှု အဆောက်အအုံများသည် အထူးသဖြင့် စက္ကူ၊ ဝါးနှင့် အခြား မီးလောင်လွယ်သော ပစ္စည်းများဖြင့် ဆောက်လုပ်ထားကြောင်း၊ သူ၏ အကြံမှာ လင်းနို့ဗုံးများကို ဂျပန်နိုင်ငံမြို့ကြီးများသို့ လွှတ်ပေးရန်ဖြစ်ကြောင်း၊ လင်းနို့များက ယင်းတို့ကို လွှတ်လိုက်သည့် နေရာမှ နေရာအနှံ့သို့ ရောက်သွားကြမည်ဖြစ်ကြောင်း၊အရုဏ်တက်ချိန်တွင် လင်းနို့တို့သည် ဂျပန် တစ်နိုင်ငံလုံးအနှံ့ အိမ်များတွင် ခိုအောင်းကြမည်ဖြစ်ကြောင်း၊ လင်းနို့များတွင် ချည်နှောင်ထားသော ချိန်ကိုက်ဗုံးများကို ဖောက်ခွဲလိုက်ချိန်တွင် မီးများ ပြန့နှံ့ကာ ဖရိုဖရဲ ဖြစ်ကုန်ကြမည်ဖြစ်ကြောင်း သုံးသပ်ပြခဲ့သည်။
အမေရိကန် အစိုးရကလည်း နယူးမက္ကဆီကိုရှိ ဂူများတွင် လင်းနို့များ အကောင်ရေ သန်းနှင့်ချီ ရှိနေခြင်း၊ လင်းနို့များသည် မိမိတို့ ခန္ဓာကိုယ် အလေးချိန်ထက် နှစ်ဆခန့် ပိုသော အလေးချိန်ကို ပျံနေစဉ် သယ်ဆောင်နိုင်ခြင်း၊ အစာရှာဖွေချိန် မဟုတ်လျှင် ငြိမ်ဝပ်ကာ ခိုအောင်း နေတတ်ကြခြင်းနှင့် အမှောင်ထဲတွင် ပျံသန်းနိုင်ကြပြီး နေ့ပိုင်းတွင် အဆောက်အဦများအတွင်း ပုန်းအောင်းရန် နေရာရှာဖွေတတ်ကြခြင်း ဟူသော ဇီဝအကြောင်းအချက် (၄)ချက်ကြောင့် ဒုတိယကမ္ဘာစစ်အတွင်း လင်းနို့ဗုံး စီမံကိန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။
မက္ကဆီကိုမှ လင်းနို့များကို အသုံးပြုရန် အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီးနောက် အဒမ်စ်သည် ဗုံးများတပ်ဆင် ဖောက်ခွဲခြင်းကို သရုပ်ပြရန် လင်းနို့များကို ဝါရှင်တန်သို့ သယ်ယူလာခဲ့သည်။ ၁၉၄၃ ခုနှစ် မတ်လတွင် အမေရိကန် လေတပ်က မီးလောင်ဗုံးများ ကြဲချမည့် နည်းလမ်းများကို စမ်းသပ်ရန် ဟူသော အကြောင်းအရာပါ စာဖြင့် လုပ်ပိုင်ခွင့် ပေးအပ်ခဲ့သောကြောင့် အဒမ်စ်၏ အကြီးအကဲများက များစွာ ကျေနပ်ခဲ့ကြသည်။ X-Ray စီမံကိန်းဟု အမည်ပေးထားသော ထိုစီမံချက်အား လင်းနို့များကို အသုံးပြု၍ ရန်သူ့နယ်မြေများသို့ မီးလောင်ဗုံးငယ်များ သယ်ဆောင်စေရန် ဖြစ်နိုင်ခြေကို ဆုံးဖြတ်ရန် သတ်မှတ်ပေးခဲ့သည်။
စစ်သုံး မီးလောင်ဗုံးများတွင် ထည့်သွင်း အသုံးပြုရသည့် နီဖန် (Napalm) ခေါ် ဓာတ်ဆီ အပျစ်ကို တီထွင်ခဲ့သူ လူးဝစ်စ် ဖိုင်စာက ၁၇ ဂရမ် နှင့် ၂၈ ဂရမ်မျှသာ လေးသော မီးလောင်ဗုံးငယ်များကို ပုံစံထုတ်ပေးခဲ့သည်။ ထို့အပြင် လင်းနို့များကို သယ်ဆောင်နိုင်ရန် တစ်ဆင့်လျှင် လင်းနို့အကောင် ၄၀ ဆန့်သည့် အဆင့် ၂၆ ဆင့်ပါသည့် ဗန်းများကိုလည်း ဒီဇိုင်းထုတ်ပေးခဲ့သည်။ ထို လင်းနို့များ သယ်ဆောင်လာသည့် ဗန်းများကို ပေ ငါးထောင်အမြင့်မှ ကြဲချရန် ဖြစ်ပေသည်။ ပေငါးထောင်အမြင့်မှ လင်းနို့များ မြေပြင်သို့ ချောမွေ့စွာ ရောက်ရှိနိုင်ရန် သေးငယ်သော လေထီးများကို တပ်ဆင်ပေးရန်လည်း စီစဉ်ပေးခဲ့သည်။ မီးလောင်ဗုံးငယ်များ တပ်ဆင်ပေးထားသော လင်းနို့ကောင်ရေ ၁၀ သိန်း လေးသောင်းခန့်ကို B 24 ဗုံးကြဲလေယာဉ် ၁၀ စီးဖြင့် အလာစကာမှ အိုဆာကာ ပင်လယ်အော်သို့ သွားရောက် လွှတ်ပေးနိုင်မည်ဟု တွက်ဆခဲ့ကြသည်။
ဤသို့ဖြင့် လက်တွေ့စမ်းသပ်မှုများကို ပြုလုပ်ကြရာတွင် ၁၉၄၃ ခုနှစ် မေလ ၁၅ရက်တွင် နယူးမက္ကဆီကို၊ ကားလ်စ်ဘက် အနီးရှိ လေတပ်စခန်း တစ်ခုတွင် ပြုလုပ်ခဲ့သော စမ်းသပ်မှုတွင် မထင်မှတ်သော ဖြစ်ရပ်များဖြင့် ကြုံတွေ့ခဲ့ကြရသည်။ ထိုနေ့က ဗုံးများ တပ်ထားပေးသော လင်းနို့အချို့လွတ်သွားကာ လောင်စာကန် တစ်ခုအောက်တွင် ခိုအောင်းနေကြရာမှ ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့ရကာ စမ်းသပ်နေမှုများအား ပျက်စီးစေခဲ့သည်။
ထို့ကြောင့် ယင်းစီမံချက်အား ၁၉၄၃ ခုနှစ် ကြဂုတ်လတွင် အမေရိကန်ရေတပ်သို့ လွှဲပြောင်းပေးခဲ့သည်။ ရေတပ်ကလည်း ဒီဇင်ဘာတွင် မရိန်းတပ်သို့ လွှဲပေးခဲ့ပြန်သည်။စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့ပြီးသည့်နောက် နောက်ဆုံး စမ်းသပ်မှုအဖြစ် အမေရိကန် နိုင်ငံ အူတာ့ချ် (Utah) ပြည်နယ်တွင် ဂျပန်မြို့တော် ပုံစံတူ တစ်ခုကို ဓာတုစစ်ရေးဆိုင်ရာ ဌာနက တည်ဆောက်ခဲ့ပြီး ယင်းနေရာတွင် လင်းနို့ဗုံးများကို အပြီးသတ် စမ်းသပ်ခဲ့သည်။
စမ်းသပ်မှု အပြီးတွင် အမေရိကန် အမျိုးသား ကာကွယ်ရေး သုတေသန ကော်မတီ (NDRC) မှ သုံးသပ် အကဲဖြတ်သူက X-Ray စီမံချက်သည် ထိရောက်သော လက်နက်တစ်ခု ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ဓာတုဗေဒ အကြီးအကဲကလည်း ပုံမှန်ဗုံးများသည် မီးပွင့်များကို ၁၆၇ ကြိမ်မှ အကြိမ် ၄၀၀ အထိသာ ဖြစ်စေနိုင်သော်လည်း X-Ray စီမံချက် ဗုံးများသည် မီးပွင့် အကြိမ်ပေါင်း ၃၆၂၅ မှ ၄၇၈၇ အထိ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သည်။
ပိုမိုသေချာသော စမ်းသပ်မှုများကို ၁၉၄၄ ခုနှစ် နွေရာသီတွင် ဆက်လက်ပြုလုပ်ရန် လျာထားခဲ့သော်လည်း ရေတပ် ဗိုလ်ချုပ်ကြီး ပန်းနက်စ်ဂျေကင်းက ၁၉၄၅ ခု နှစ်လယ်တိုင် အသင့်မဖြစ်နိုင်ဟု ဆိုကာ အစီအစဉ် အားလုံးကို ဖျက်သိမ်းလိုက်သည်။ ထိုအချိန်တွင် လင်းနို့ဗုံး စီမံကိန်းသည် ဒေါ်လာ ၂ သန်းခန့် သုံးစွဲပြီးဖြစ်ရာ စီမံကိန်းသည် အလွန်နှေးကွေးနေသဖြင့် စစ်ကြီး အမြန်ပြီးဆုံးရေးအတွက် အနုမြူဗုံး ထုတ်လုပ်ရေးက လွှမ်းမိုးသွားခဲ့တော့သည်။
ဒေါက်တာ အဒမ်စ်ကမူ လင်းနို့ဗုံး စီမံကိန်းကို ဆက်လက် ဆောင်ရွက်ရန် စွဲကိုင်ထားဆဲပင် ဖြစ်ခဲ့သည်။ စီမံကိန်း ရပ်ဆိုင်းအပြီးတွင် သုတေသန ညွှန်ကြားရေးမှူး ဒေါက်တာ စတန်လေပီလိုဗဲလ်က စမ်းသပ်မှုအတွင်း လင်းနို့များသည် ကျောက်ခဲများ ကျသကဲ့သို့ အမြင့်မှ ပြုတ်ကျကုန်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သုတေသနသမားများသည် လင်းနို့များကို မည်ကဲ့သို့ သယ်ဆောင်၍ နေရာချရမည် ဆိုသည့် အချက်ကို ကြံဆခဲ့ကြသည်။
ပထမဦးစွာ လင်းနို့များအား သယ်ဆောင်နေစဉ် လင်းနို့တို့ ပုန်းအောင်းနေသည့် အနေအထားမျိုးဖြင့် သယ်ယူရန် လိုအပ်သည်။ ထိုသို့ ဖြစ်စေရန် လင်းနို့များအား ရေခဲတုံးများအကြား ဗန်းများထဲတွင် ကပ်နေပြီး အေးအောင် လုပ်ပေးထားရမည်။ဒုတိယ အချက်အနေဖြင့် လင်းနို့များအား လေထဲတွင် မည်သို့ လွှတ်ပေးရမည်ကို စီစဉ်ကြရသည်။လင်းနို့များအား စက္ကူကဒ်ထူပုံးများဖြင့် သယ်ဆောင်ပြီး လွှတ်ရန် စီစဉ်ကြရာတွင် လက်တွေ့တွင် စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပါချေ။
စမ်းသပ်မှု တစ်ကြိမ်တွင် လင်းနို့များ မတော်တဆ လွတ် ထွက်ကုန်ကာ ဗိုလ်ချုပ်ကြီး တစ်ဦး၏ ရပ်ထားသော ကားအတွင်း ဝင်ရောက် ခိုအောင်းကြရာမှ ယင်းတို့နှင့် တွဲချည်ထားသော ဗုံးများ ပေါက်ကွဲပြီး ဓာတ်ဆီတိုင်ကီကို ထိမှန်ကာ မော်တော်ကား တစ်စီးလုံး မီးလောင်ပေါက်ကွဲခဲ့ပေသည်။ အမေရိကန်တို့သည် လင်းနို့ဗုံး စီမံကိန်းကို ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ စမ်းသပ်မှု အပြီးတွင် လုံး၀ ရပ်ဆိုင်းလိုက်သည်။
ထိုအချိန်တွင် အကြိမ်ပေါင်း ၃၀ ခန့် သရုပ်ပြခဲ့ပြီးဖြစ်ကာ ငွေ ဒေါ်လာ ၂ သန်း ကုန်ကျခဲ့ပြီး ဖြစ်ပေရာ လင်းနို့ဗုံးထက် အဆပေါင်းများစွာ ပြင်းထန် ထိရောက်မည့် အနုမြူဗုံး ထုတ်လုပ်နိုင်ရေးဆီသို့ ဦးတည်ခဲ့ကြတော့သည်။ ဒေါက်တာ အဒမ်စ်ကမူ သူ၏ စီမံကိန်းကို လက်လျှော့ခြင်း မရှိဘဲ အမေရိကန် တောရိုင်းမြေများသို့ မျိုးစိတ်အိတ်များကို ကြဲချ ရန် အားထုတ်စီမံခဲ့ပြီး သူ့စီမံကိန်းကို မူပိုင်ခွင့်ပင် ပြုလုပ်ခဲ့သေးသည်။ နောက်ဆုံးတွင် ဝါရှင်တန်မြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။
ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်နှင့် ဂျပန်တို့ သူနိုင်ကိုယ်နိုင် စစ်အင်အား ပြိုင်ဆိုင်နေကြစဉ်အတွင်း ဆန်းသစ်သော စိတ်ကူးဖြင့် ဂျပန်နိုင်ငံကို မီးလောင် တိုက်သွင်း ရန် ကြံစည်ခဲ့သော လုပ်ရပ်သည် ရူးပေါပေါဆန်သည်ဟု ဆိုကြသည့်တိုင် ယနေ့တိုင် အမှတ်တရ ရှိနေကြရသည့် ခေတ်လွန် စီမံကိန်း တစ်ခုအဖြစ် သမိုင်းတွင်ခဲ့ပေတော့သည်။
ကောင်းစည်သူ (သုတစွယ်စုံ)
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ
Discussion about this post