သမ္မတကြီး အေဗရာဟမ်လင်ကွန်းရဲ့ အိပ်မက်ဆန်း ဆိုတဲ့ပိုစ့်ကို သုတဇုန်မှာ မကြာခင်ကတင်ခဲ့ဖူးတာ မှတ်မိကြမှာပါ။ ဒီတစ်ခါ မျှဝေချင်တာကတော့ လင်ကွန်းရဲ့ အိပ်မက်ဆန်းထက် ပိုထူးဆန်းတဲ့ စာရေးဆရာကြီး မတ်ခ်တွိန်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ စာရေးဆရာကြီးမတ်ခ်တွိန်းဟာ အမေရိကန်ရဲ့ အကျော်ကြားဆုံးစာရေးဆရာတွေထဲက တစ်ယောက်ဆိုတာ အားလုံးသိပြီးဖြစ်ကြမှာပါ။ ဒီထူးဆန်းတဲ့အိပ်မက်ကို သူငယ်စဉ် အလုပ်လုပ်နေချိန်တုန်းက မက်ခဲ့တာပဲဖြစ်ပါတယ်။
မတ်ခ်တွိန်းရဲ့ နာမည်အရင်းက Samuel Langhorne Clemens ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးက သူ့ကိုနာမည်အတိုကောက် Sam လို့သာခေါ်ကြပါတယ်။ အဲဒီတုန်းက ၁၈၅၈ခုနှစ် Sam က ၂၃နှစ်အရွယ်သာရှိပါသေးတယ်။ သူ့ရဲ့ညီအရင်း Henry နဲ့ Sam တို့ဟာ Pennsylvania ဆိုတဲ့ရေနွေးငွေ့သင်္ဘောပေါ်မှာ အတူအလုပ်လုပ်ခဲ့ကြပါတယ်။ Sam က အကူပဲ့နင်း ၊ ညီ Henry က တောက်တိုမယ်ရဝန်ထမ်းပေါ့။ အဲဒီလိုလုပ်ကိုင်နေစဉ် တစ်ညမှာတော့ Sam ဟာ ထူးခြားတဲ့အိပ်မက်တစ်ခုကို မက်ခဲ့ပါတယ်။ အိပ်မက်ထဲမှာ-
အခန်းတစ်ခုအတွင်းက သတ္တုခေါင်းအတွင်းမှာ သေဆုံးနေပြီဖြစ်တဲ့ ညီဖြစ်သူ Henry ကိုတွေ့ခဲ့ပါတယ်။ Henry ဝတ်ထားတဲ့အဝတ်က သူ့ကိုယ်ပိုင်အဝတ်မဟုတ်ပဲ သူတို့ဝမ်းကွဲအစ်ကိုတစ်ယောက်ဝတ်နေကြ အဝတ်ဖြစ်နေတာကိုတွေ့ရပါတယ်။ ရင်ဘတ်နားမှာတော့ အဖြူရောင်နှင်းဆီပန်းအပြည့်နဲ့ ပန်းအိုးကြီးတစ်အိုးရှိနေပါတယ်။ ထူးခြားတာကတော့ အဲဒီနှင်းဆီဖြူတွေရဲ့ အလယ်မှာ အနီရောင်နှင်းဆီတစ်ပွင့်ရှိနေတာပါ။
အဲဒီအချိန်မှာပဲ Sam နိုးလာခဲ့ပါတယ်။ သူ့ညီ Henry က သူ့အနားမှာပဲ အရှင်လတ်လတ်ရှိနေတာကြောင့် ဒါဟာအိပ်မက်ဖြစ်မှန်းသူသိခဲ့ပါတယ်။ ဒါပေမယ့် မက်ခဲ့တဲ့မြင်ကွင်းက ရှင်းလင်းပြတ်သားလွန်းတာကြောင့် သူဘယ်လိုမှဖျောက်လို့မရခဲ့ပါဘူး။ ညီဖြစ်သူ ၊ မိသားစု နဲ့ မိတ်ဆွေများကို ဒီအိပ်မက်အကြောင်းပြောခဲ့ပေမယ့် အားလုံးကဘာမှမဟုတ်တဲ့ ပုံမှန်အိပ်မက်တစ်ခုသာဖြစ်ကြောင်း စိုးရိမ်ဖို့မလိုကြောင်း ဖြောင်းဖျခဲ့ပါတယ်။ Sam ဘယ်လိုကြိုးစားမေ့ပေမယ့် ဒီမြင်ကွင်းကို မကြာခဏဆိုသလို သူ့မျက်လုံးထဲမှာ မြင်ယောင်နေတတ်ပါတယ်။
သူတို့သင်္ဘောရဲ့ ကတ်ပတိန်ဖြစ်သူဟာ အလွန်မောက်မာတတ်သူဖြစ်ပါတယ်။ သင်္ဘောသားတွေကို အမြဲနိုင့်ထက်စီးနင်းလုပ်လေ့ရှိတာကြောင့် မဟုတ်မခံတတ်တဲ့ Samရဲ့ ညီဖြစ်သူ Henry နဲ့ မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိပါတယ်။ နောက်ဆုံးတစ်ခေါက်မှာတော့ အသေအကြေတိုက်ခိုက်ကြတဲ့အထိ ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် Sam ဟာ သူတို့နှစ်ဦး ဒီသင်္ဘောဆက်စီးလို့မဖြစ်တော့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတစ်ခေါက်သင်္ဘောဆိပ်ကမ်းကပ်တဲ့အခါမှာတော့ ပြောင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သင်္ဘောအရာရှိတွေက Sam ကိုသာ သင်္ဘောပြောင်းပေးပြီး Henry ကို မူလသင်္ဘောကို ဆက်စီးစေခဲ့ပါတယ်။ ညီဖြစ်သူကို စိုးရိမ်တဲ့ Sam ဟာ ဂရုစိုက်ဖို့ ၊ ဆင်ခြင်ဖို့နဲ့ ၊ ဘွိုင်လာတွေကို သတိထားဖို့မှာပါတယ်။ နည်းပညာမမြင့်သေးတဲ့အချိန်ဖြစ်တာကြောင့် ဘွိုင်လာတွေဟာ မကြာခဏပေါက်တတ်လို့ဖြစ်ပါတယ်။
ဒါပေမယ့် Sam စိုးရိမ်တဲ့အတိုင်းဖြစ်လာခဲ့ပါတယ်။ Henry လိုက်ပါခဲ့တဲ့သင်္ဘောဟာ စစထွက်ခြင်းမှာပဲ ဘွိုင်လာအိုးပေါက်ခဲ့ပြီး မီးလောင်ခဲ့ပါတယ်။ မီးလောင်ခံခဲ့ရသူတွေထဲမှာ Henry လည်းပါဝင်ခဲ့ပါတယ်။ အချိန်မီ ဆေးရုံတင်နိုင်ခဲ့ပေမယ့် ထိထားတဲ့ ဒါဏ်ရာတွေဟာများလွန်းတဲ့အတွက် မကြာခင်မှာပဲ Henry သေဆုံးသွားပါတယ်။ Sam ကြားကြားချင်း ညီဖြစ်သူရှိရာကို လိုက်သွားခဲ့ပါတယ်။ ညီဖြစ်သူအလောင်းထားရာ အခန်းကိုရောက်တဲ့အခါမှာတော့ အထူးဆန်းဆုံးမြင်ကွင်းတစ်ခုကို သူမြင်လိုက်ရပါတော့တယ်။
ဒါကတော့ သူအိပ်မက်ထဲက မြင်ကွင်းအတိုင်း လုံးဝချွတ်စွပ်တူနေတာပါ။ ညီဖြစ်သူအလောင်းဟာ သတ္တုအခေါင်းထဲမှာရှိနေပြီး အဝတ်ကလည်း ဝမ်းကွဲအစ်ကိုရဲ့အဝတ်ကို ဝတ်ထားပါတယ်။ တစ်စုံတစ်ခုလိုနေသေးတယ်လို့ သူတွေးမိခဲ့ပါတယ်။ လိုနေတာကတော့ နှင်းဆီဖြူတွေရဲ့ အလယ်မှာ နှင်းဆီနီတစ်ပွင့်ရှိနေတဲ့ပန်းအိုးဖြစ်ပါတယ်။ ဒါပေမယ့် သူတွေးနေစဉ်မှာ အဲဒီအခန်းထဲကို မိန်းမပျိုတစ်ယောက်ဝင်လာပါတယ်။ သူမရဲ့လက်ထဲမှာတော့ နှင်းဆီဖြူတွေရဲ့အလယ်မှာ နှင်းဆီနီတစ်ပွင့်ထိုးထားတဲ့ ပန်းအိုးတစ်အိုးရှိနေပြီး သူမဟာ ဒီပန်းအိုးကို Henry ရဲ့ ရင်ဘတ်နားမှာ တင်လိုက်ပြီး ပြန်ထွက်သွားပါတော့တယ်။
မိန်းမပျိုကြောင့် မြင်နေရတဲ့မြင်ကွင်းဟာ မတ်ခ်တွိန်းရဲ့ အိပ်မက်နှင့်လုံး၀ ထပ်တူကျသွားပါတော့တယ်။ ဒီမြင်ကွင်းကို သူတစ်လျှောက်လုံးမြင်ခဲ့ပြီးဖြစ်သလို သူအမြဲပြောလေ့ရှိသော ထူးဆန်းသောအိပ်မက်ထဲက အတိုင်းဖြစ်နေတော့သည်။ ဒီအိပ်မက်အကြောင်းကို မတ်ခ်တွန်းဟာ သူ့ဘဝတစ်လျှောက်လုံး ပြောခဲ့ရေးခဲ့ပါတယ်။ မတ်ခ်တွိန်းနာမည်ကြီးလာတာနဲ့အတူ သူ၏အိပ်မက်သည် ထူးဆန်းသော ကြိုတင်သိအိပ်မက်တစ်ခု ဖြစ်ခဲ့ပါတော့တယ်။
(လင်ကွန်းရဲ့ အိပ်မက်ဆန်းအကြောင်း မဖတ်ရသေးသူများ ဒီမှာ(http://wp.me/p92H0W-El) သွားဖတ်နိုင်ပါတယ် )
Discussion about this post