Monday, March 1, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

လက်ယာတော်ရံ အရှင်သာရိပုတ္တရာ

by Thutamm
October 27, 2020
Reading Time: 1min read
0
လက်ယာတော်ရံ အရှင်သာရိပုတ္တရာ
Share on FacebookShare on Twitter

ရေးသားသူ – တော်ဝင်နွယ်

သူတော်ကောင်း နှလုံးသားတွေထဲမှာ အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ နှလုံးသားကို ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြယ်တာရာ တွေ စုံလင်တဲ့ညချမ်းမှာ ကောင်းကင်ပြင်ကြီးကို မော်ကြည့်မိတဲ့အခါ သောကြာကြယ်လို့ခေါ်တဲ့ သောက်ရှူးကြယ်ကြီးကို ကြယ်တာရာတွေထဲမှာ ထူးခြားတောက်ပစွာ တွေ့မြင်ရသလို အရှင်သာရိပုတ္တရာလည်း သူတော်ကောင်း အစားစားတွေထဲမှာ ကိုယ်ကျင့်တရားအရရော စိတ်နေ သဘောထားအရနဲ့ အသိဉာဏ်ပညာအရာမှာပါ ထူးချွန်တောက် ပြောင်လှ ပါတယ်။

အရှင်သာရိပုတ္တရာလောင်း(သုရုစိရသေ့)ဟာ လွန်ခဲ့တဲ့တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတုန်းက အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ နိသဘမထေရ်ကို အားကျကြည်ညိုပြီး လက်ယာတော်ရံ အဂ္ဂသာဝကဆုကို ပန်ဆင်တော်မူခဲ့တာပါ။ စာရေးသူတို့ရဲ့ ရှင်တော်ဘုရား လက်ထက်ရောက် တဲ့အခါ ရာဇဂြိုဟ်ပြည် အနီးနားက ဥပတိဿရွာမှာ ရွာသူကြီး ဝင်္ကန္တပုဏား ကြီးနဲ့ ရူပသာရီပုဏေးမကြီးတို့ရဲ့ သားကြီးသြရသ ဥပတိဿလုလင် ဖြစ်လာပြီး ရဟန်းပြုတော်မူတဲ့အခါ မယ်တော်ရဲ့ အမည်ကို အစွဲပြုကာ အရှင်သာရိပုတ္တရာ လို့ အမည်တွင် ထင်ရှားတော်မူခဲ့တာ ဖြစ်ပါတယ်။

ကနဦးအစမှာတော့ ဥပတိဿလုလင်ဟာ မသေရာ တရားကို ရှာဖို့ အတွက် သိဉ္စည်းဆရာကြီးအထံမှာ ပရိဗိုဇ်လုပ်ပြီး နေပါတယ်။ ဒါပေမယ့် သိဉ္စည်းဆရာကြီးဆီမှာ မသေရာတရား မရှိမှန်း သိရတဲ့အတွက် ရာဇဂြိုဟ် မြို့တွင်း မြိုံပြင်ထွက်ကာ မသေရာတရားရှာဖွေရာ ပဉ္စဝဂ္ဂီ အဝင်အပါ အရှင်အဿဇိ ရဟန္တာမထေရ်ကို ဖူးတွေ့ရပြီး အကျဉ်းမျှဟောပြတဲ့ ယေဓမ္မာ ဟေတုပ္ပဘာဝါ ဂါထာထက်ဝက်ကို ကြားနာရရုံနဲ့ သောတာပန် အရိယာ ဖြစ်ခဲ့ ပါတယ်။ အဲဒီနေ့မှာပဲ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကို ရောက်ရှိလာပြီး ဧဟိဘိက္ခု အဖြစ်ကို ရရှိခဲ့ပါတယ်။ ရဟန်းဖြစ်ပြီးနောက် ၁၅-ရက်အကြာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပိုတွဲလပြည့်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ရဟန္တာဖြစ်တော်မူပြီး သာဝကဉာဏ် အတွက် အထွတ်အထိပ်သို့ ရောက်တော်မူကာ လက်ယာတော်ရံ အဂ္ဂသာဝကအရာကို ရရှိတော်မူခဲ့ပါတယ်။

အရှင်သာရိပုတ္တရာ ဟာ စကြာဝဠာတုက်တစ်သောင်းမှာ ဘုရားရှင်က လွဲလို့ ဉာဏ်ပညာအကြီးမားဆုံးမထေရ်မြတ်တစ်ပါး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး မှာ ရွာချတဲ့ မိုးရေစက် မိုးရေပေါက်တွေကိုတောင် ရေတွက်နိုင်တဲ့ ပညာရှိပါတယ်။ လူပြည့်မှာရှိတဲ့ အဘိဓမ္မာတရားတော်တွေဟာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ဉာဏ်ပညာကြီးမားတော်မူမှု အမှတ်သင်္ကေတ တစ်ခု ဖြစ်ပါတယ်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ အသားအရေဟာ ရွှေအဆင်းကဲ့သို့ ဝါဝင်းတော်မူပြီး အဂ္ဂသာဝကဖြစ်တော်မူချိန်မှာ သက်တော် ၃၆ နှစ်ခန့် ရှိပါပြီ။ အရှင်သာရိပုတ္တရာဟာ ယခုဘဝလိုပဲ ဘဝသံသရာမှာ ဘဝပေါင်း ၅၀၀ရာ တိတိ ရသေ့ရဟန်းပြုတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာကို အကြောင်းပြုပြီး ရှင်ရဟန်းအဖြစ် ရောက်ကြသူတွေဟာ ညီတော်(၃)ဦး၊ ညီမတော်(၃)ယောက် အပါအဝင် မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ အရှင်သာရိ ပုတ္တရာ မထေရ်မြတ် ဟောကြားတော်မူတဲ့ တရားဒေသနာတော်ကို နာယူရလို့ သစ္စာလေးပါး သိမြင်ကြသူတွေဟာ အင်္ဂုတ္တရနိကာယ်ကျမ်းလာ “သမစိတ္တ သုတ္တန်”ဟောကြားတော်မူသောနေ့မှာပဲ နတ်ဗြဟ္မာ ကုဋေတစ်သိန်း အရဟတ္တဖိုလ်ဆိုက်ရောက်ပြီး အောက်မဂ် ၃-ပါးဆိုက်ရောက်တဲ့ နတ်ဗြဟ္မာတွေဆိုတာ မရေတွက်နိုင်လောက်အောင် များပြားပါတယ်။ ယုတ်စွအဆုံး အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို သဒ္ဓါကြည်ညိုရုံမျှနဲ့ နတ်ပြည်ရောက်ကြတဲ့ မိသားစုအရေ အတွက်ဟာ ရှစ်သောင်းမျှရှိကြောင်း ပိဋကစာပေမှာ မှတ်တမ်းတင်ဖော်ပြထားပါ တယ်။

အရှင်သာရိပုတ္တရာဟာ ရှင်တော်ဘုရားပြီးရင် ဒုတိယအကြီးအကဲဖြစ်တာ နဲ့အညီ သံဃအဖွဲ့အစည်းအပေါ်မှာ အထူးကြောင့်ကျစိုက်ပြီး၊ စောင့်ရှောက်တော်မူတတ်ပါတယ်။ ရဟန်းသံဃာအားလုံးနောက်မှ ဆွမ်းခံဝင်ပါတယ်။ ရဟန်းသံဃာအားလုံး ဆွမ်းခံကြွသွားတဲ့အခါ ကျောင်းစဉ်လှည့်ကာ တံမြက် လှည်းသင့်ရာ လှည်းကျင်းပြီး အမှိုက်ကျုံးသင့်ရာမှာ ကျုံးတော်မူပါတယ်။ အသုံးအဆောင်ပစ္စည်းတွေကို နေရာတကျ ထားသိုကာ အမြင်မတော်တာတွေ ကိုလည်း ဖြုတ်သိမ်းပြုပြင်တော်မူပါတယ်။ မကျန်းမာသူ ဂိလာနပုဂ္ဂိုလ်တွေကို ဆေးဝါးဓာတ်စာ လို မလို မေးတော်မူပြီး ရအောင်လည်း ရှာဖွေပေးတော်မူပါ တယ်။ သူနာပြု ပုဂ္ဂိုလ်တွေကိုလည်း ပြုစုစောင့်ရှောက်ချင်လာအောင် အားပေး စကားပြောကြားတတ်ပါတယ်။

မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူတဲ့အခါမှာလည်း နောက်ပါ သံဃာတော်တွေရဲ့ လိုအပ်ချက်တွေကို အစ်ကိုကြီးတစ်ဦးပမာ ဖေးမကူညီ ဖြည့်ဆည်းပေးတော်မူပါတယ်။ ခရီးပင်ပန်းလို့ နွမ်းနယ် ညောင်းညာတက်သူ တွေကိုလည်း ဆီ၊ နနွင်း စတာတွေနဲ့ ဆုပ်နယ်ပြီး သက်သာ ကျန်းမာလာအောင် ပြုစုတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သံဃာတော်တွေဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို မိခင်ကြီးတစ်ဦးလို ချစ်ခင်ကြည်ညို အားကိုး တတ်ကြပါတယ်။

တစ်ခါတစ်ရံမှာတော့ အရှင်သာရိပုတ္တရာဟာ သာသနာတော်မှာ မပျော် ပိုက်တဲ့ ရှင်ငယ်၊ ရဟန်းငယ်တွေကို ပျော်မွေ့အောင်၊ ပျော်မွေ့တဲ့ ရှင် ရဟန်းတွေ ကိုလည်း ပုထုဇဉ်မှ သောတာပန်ဖြစ်အောင် သောတာပန်မှ ရဟန္တာဖြစ်အောင် အကြိမ်ပေါင်းများစွာ အထပ်ထပ် တရားဟောပြတတ်ပါတယ်။ ဒီလိုနည်းနဲ့ ရဟန္တာဖြစ်တော်မူတဲ့သူတွေလည်း မနည်းလှပါဘူး။ ဒီလိုအခါမျိုးမှာတော့ အရှင် သာရိပုတ္တရာ မထေရ်မြတ်ဟာ သံဃာတော်တွေအဖို့ ဖခင်ရင်းလို တစ်မျိုး၊ ဆရာ ရင်းလိုတစ်သွယ် အင်မတန် လေးစား ကြည်ညိုဖွယ် ကောင်းလှပါတယ်။

သမ္ဘာရင့် ကျွမ်းကျင်တဲ့ ရတနာကုန်သည်တစ်ဦးဟာ စံချိန်မီ အရည် အသွေး ပြည့် ကျောက်မျက်ကောင်းကို တွေ့ရရင် အင်မတန် မြတ်နိုးတန်ဖိုး ထားတတ်သလို ပညာအရာမှာ အင်မတန် မြတ်နိုးတန်ဖိုးထားတတ်သလို ပညာ အရာမှာ ဧတဒဂ်ဘွဲ့ရပြီး အဂ္ဂသာဝက ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာ မထေရ် ဟာလည်း အကြားအမြင်များပြီး ဉာဏ်ပညာ ထူးချွန်တဲ့ ပညာရှိသူတော်ကောင်း ကို ဖူးတွေ့ရရင် လွန်စွာ အရေးထား မြတ်နိုးတော်မူတတ်ပါတယ်။

တစ်ချိန်မှာ ဓမ္မကထိကအရာ ဧတဒဂ်ဘွဲ့ ရတော်မူတဲ့ အရှင်ပုဏမထေရ် ကိုတွေ့တော်မူတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်က ဝိသုဒ္ဓိ ၇ ပါးကို မေးတော်မူ ပါတယ်။ အရှင်ပုဏမထေရ်က အာဇာနည်မြင်းကတဲ့ ရထား ၇ စီးနဲ့ ဥပမာပြုပြီး ပြည့်စုံရှင်းလင်းစွာ ပြန်လည်ဖြေကြားတော်မူပါတယ်။ အရှင်ပုဏမထေရ်ရဲ့ အဖြေ စကားကို နာကြားတော်မူရတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်က ဒီလို မေးတိုင်း အဖြေကောင်းပေးနိုင်တဲ့ ပညာရှင်ပုဂ္ဂိုလ်မျိူးကို တစ်ကျောင်းထဲ အတူနေရုံမျှနဲ့ မကျေနပ်နိုင်ဘဲ မေးလိုတဲ့ အခါတိုင်း မကြာမတင် မဆိုင်းမတွ အဖြေရနိုင်ဖို့ ဦးခေါင်းပေါ်တင်ပြီး ခေါင်းခုနဲ့ အမြဲရွက်ထားချင်တယ်လို့ အမိန့်ရှိတော်မူပါ တယ်။

အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ သီလ သမာဓိ ပညာ ဂုဏ်သိက္ခာ တောင်ထွတ်တော်ဟာ ကြီးကျယ်မြင့်မားတော်မူသလောက် မိမိကိုယ်ကို မိမိ နှိမ်ချမှု၊ စိတ်နေသဘောထားကြီးမြတ်မှု ချိုင့်ဝှမ်းကြီကလည်း အင်မတန် ကျယ် ဝန်း နက်ရှိုင်းတော်မူလှပါတယ်။

တစ်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်ဟာ အမှတ်တမဲ့ သင်္ကန်းကိုင် တော်မူတဲ့ခါ သင်္ကန်းအစွန်းအနားက မညီမညာ ဖြစ်နေပါတယ်။ အဲဒါကို ရှင်သာမဏေဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးတစ်ပါးက မြင်တွေ့သွားရာ “အရှင်ဘုရား သင်္ကန်းကို ညီညီညာညာ ဝတ်ရုံသင့်ပါတယ်ဘုရား”လို့ လက်အုပ်ချီပြီး လျှောက်ထားပါတယ်။ အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က မိမိသင်္ကန်း မညီမညာတာကို သင့်တော်တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်ပြီး ကိုရင်ထံ ပြန်လာကာ “ဒီလောက်ဆို သင့်တော်ပါပြီလား”လို့ ဆရာအရာမှာထားပြီး တလေး တစား တုံ့ပြန်တော်မူခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကလေးကို အခြေခံကာ နောင်တစ်ချိန်မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က”ဒီနေ့မှာပဲ သာမဏေ ဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးက ဆိုဆုံးမလာသည့်ဖြစ်စေ သူတော်ကောင်း တွေရဲ့ ဆိုဆုံးမမှုမှန်သမျှကို ဦးထိပ်တင်ပြီး ခံယူပါတယ်။ ကိုယ့်အမှားကို ထောက်ပြပြီး ဆုံးမသွန်သင်တတ်သူဆရာကို ရွှေအိုးကို လက်ညှိုးထိုး ညွှန်ပြ ပေးသူလို မြတ်နိုးတန်ဖိုးထားပြီး ဆည်းကပ်ပါတယ်”လို့ ဥဒါန်းကျူးရင့်ကာ မိန့်ကြားတော်မူခဲ့ပါတယ်။

တကယ်တော့ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ဝါးရုံပင်မြင့်မြင့် ကြီးတွေလိုပဲ အထက်ကို ပိုမြင့်မားလေ အောက်ကို ပိုမိုညွတ်ကိုင်းလေ ဖြစ်ပါတယ်။ ဒီလို နှလုံးသားမျိုး ရှိတော်မူခဲ့လို့လည်း အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီးဟာ ရှင်ပဏ္ဍိတ၊ ရှင်သုခ၊ ရှင်တိဿ စတဲ့ ၇-နှစ်အရွယ် သားတပည့် ရဟန္တာ ကိုရင်ငယ်လေးတွေရဲ့ အင်မတန် ချစ်ခင်မြတ်နိုးအားကိုးထိုက်တဲ့ ဥပဇျ္စယ် ဆရာ ဖခင်ကြီးတစ်ဦး ဖြစ်တော်မူခဲ့တာပါ။

အရှင်သာရိပုတ္တရာရဲ့ နှလုံးသား ပင်လယ်ပြင်ကြီးဟာ မေတ္တာရေထုကြီးနဲ့ အတိုင်းအဆမရှိ ကျယ်ပြောနက်ရှိုင်းတော်မူသလို သူတစ်ထူးရဲ့ ကျေးဇူးတရားကို သိတော်မူတတ်ခြင်းဆိုတဲ့ လှိုုင်းတံပိုးတွေကလည်း လွန်စွာကြီးမားများပြားလှ ပါတယ်။

တစ်ချိန်က သာဝတ္ထိမြို့မှာ “ရာဓ”အမည်ရတဲ့ ပုဏားအိုကြီးတစ်ဦးဟာ အထီးကျန်မွဲ သူဆင်းရဲဖြစ်တာမို့ ဇေတဝန်ကျောင်းတော်မှာ ရဟန်းတော်တွေကို မှီပြီး နေထိုင်ရပါတယ်။ ပုဏားကြီးက ရဟန်းဝတ်လိုပေမယ့် ရဟန်းတော်တွေက “အသက်အရွယ်ကြီးပြီး ဝိနည်းသိက္ခာပုဒ်တွေ ထိန်းသိမ်းနိုင်မယ် မထင်တာနဲ့” စားစရာ၊ နေစရာနဲ့ ဝတ်စရာတွေ ပေးကြပေမယ့် ရဟန်းပြုမပေးကြဘူး၊ ရဟန်းပြု ချင်ပေမယ့် ပြုခွင့်မရတဲ့ ရာဓပုဏားကြီးဟာ တစ်နေ့တခြား ကြုံလှီပိန်ချုံးလာ ပါတယ်။ တစ်နေ့ မြတ်စွာဘုရားနဲ့ တွေ့တော်မူလို့ ပုဏားကြီးရဲ့ အဖြစ်ကို စုံစမ်း မေးမြန်းသိတော်မူတဲ့အခါ သံဃာအားလုံးကို ကျောင်းဆောင်ထဲ စုဝေးစေပြီး ရှင်တော်ဘုရားက”ဘယ်သူဟာ ဒီရာဓပုဏားကြီး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို အမှတ် ရကြသလဲ”လို့ မေးတော်မူပါတယ်။

အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က”တပည့်တော် ရာပုဏားကြီးရဲ့ ကျေးဇူးကို သတိရပါကြောင်း”လျှောက်ထားတော်မူပါတယ်။ ရှင်တော်ဘုရားက “ဘယ်လိုကျေးဇူးပြုဖူးသလဲ”လို့ ထပ်ဆင့်မေးတော်မူတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က “တပည့်တော် တစ်ချိန်က သူ့အိမ်ရှေ့မှာ ဆွမ်းခံရပ်တော့ ဆွမ်း တစ်ဇွန်း လောင်းလှူဖူးပါတယ်။ အဲဒီကျေးဇူးကို တပည့်တော် မမေ့ပါဘူးဘုရား” လို့ ပြန်လည် လျှောက်ထားတော်မူပါတယ်။ “အေး…. ချစ်သားလို ကျေးဇူးသိ တတ်တဲ့ ပုဂ္ဂိုလ်ရှိပါလျှက် ဒီပုဏားကြီး ဘာဖြစ်လို့ ရဟန်းအဖြစ်ကို မရနိုင်သ လဲ”လို့ ဘုရားရှင်က မိန့်တော်မူတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ရာဓပုဏားကြီးကို ရဟန်းပြုပေးတော်မူပါတယ်။

ရဟန်းပြုပေးတော်မူပြီးနောက် အရှင်သာရိပုတ္တရာ မထေရ်ဟာ ရာဓရဟန်းကြီးကို နောက်ပါရဟန်းအဖြစ် မိမိသွားလေရာကို ခေါ်ဆောင်တော် မူကာ မိမိအတွက် ရရှိတဲ့ ဆွမ်းကောင်း နေရာကောင်းနဲ့တကွ အဆုံးအမ သြဝါဒ တွေကို မပြတ်ပေးသနားတော်မူပြီး စောင့်ရှောက်တော်မူတာမို့ မကြာခင်မှာပဲ ရာဓပုဏားကြီးဟာ ရဟန်းကိစ္စပြီးလို့ ဧတဒဂ်ရ ရဟန္တာအရှင်မြတ်ကြီးတစ်ပါး ဖြစ်တော်မူခဲ့ပါတယ်။ “တစ်လုပ်စားဖူး သူ့ကျေးဇူး”ဆိုတဲ့ ဥဒါန်းစကားလေးဟာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ သူတော်ကောင်းနှလုံးသားက စတင်ပေါက်ဖွား လာခဲ့ရတာပါ။

သူတစ်ထူးရဲ့ ကျေးဇူးကို သိတော်မူတတ်ရာမှာ စံချိန်တင်တော်မူခဲ့တဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ မိမိကို လောကုတ္တရာအသိဉာဏ်ရအောင် ကျေးဇူးပြုတော်မူခဲ့တဲ့ အရှင်အဿဇိမထေရ် ဂုဏ်ကျေးဇူးကို နေ့ညဉ့်မပြတ် သတိရတော်မူတတ်တာမို့ ကျိန်းစက်တော်မူတဲ့အခါတိုင်း အရှင်အဿဇိမထေရ် သီတင်းသုံးတော်မူရာ အရပ်ကို ရှိခိုးပြီး အရှင်မြတ်ရှိတော်မူရာဘက်ကို ဦးခေါင်း ပြုကာ တစ်ဘဝတာလုံး သက်ဝင်လှုပ်ရှားနေပြီး နောက်ဆုံး ပရိနိဗ္ဗာန်ဝင်စံကာနီး ဝမ်းသွေးသွန်တဲ့ ဝေဒနာတွေ ဖိစီးနေတဲ့ကြားက မယ်တော်ရူပသာရီ ပုဏေး မကြီးရဲ့ မွေးကျေးဇူးကို သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ အကျေအလည် ပေးဆပ်ပြီးမှပဲ ရပ်တံ့သွားတော်မူပါတယ်။

သူတစ်ပါးကို မိမိက အရင်ဦးအောာင် ကျေးဇူးပြုခြင်း၊ သူတစ်ပါးတို့ ပြုခဲ့ ဖူးသော ကျေးဇူးကို တုံ့ပြန်သိတတ်၊ ကျေးဇူးဆပ်ခြင်းဆိုတဲ့ ရွှေရောင်လွှမ်းတဲ့ ဒီအကျင့်မြတ်တွေဟာ သူတော်ကောင်းနှလုံးသားဆိုတဲ့ ပတ္တမြားရတနာကို ရှုမငြီးနိုင်အောင် ပိုမိုတင့်တယ်တောက်ပစေပါတယ်။

အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ဉာဏ်ပညာအရာမှာ ဧတဒဂ်ရသ လို(အကယ်၍ ပေးအပ်ရိုးထုံးစံသာရှိမယ်ဆိုရင်)သည်းခံခြင်းအရာ မှာလည်း ဧတဒဂ်ရတော်မူနိုင်ပါတယ်။ အမျက်ဒေါသမရှိ၊ မာန်မာနကင်းတော် မူတဲ့နေရာ မှာ အရှင်မြတ်ကို ဘယ်သူမှ လိုက်လို့မမှီနိုင်ပါဘူး။ အရှင်သာရိပုတ္တရာ မထေရ် ဟာ မဟာပထဝီမြေကြီးပမာ သည်းခံနိုင်သူဖြစ်သလို ခြေသုတ်ပုဆိုး မြွေစွယ် ကျိုးနဲ့ ဦးချိုကျိုးတဲ့နွားလားပမာ မာန်မာကင်းသူလည်း ဖြစ်တော်မူပါတယ်။ တောင်းရမ်းစားသူ ဒွန်းစဏ္ဍားရဲ့ သားတစ်ဦးလို မိမိကိုယ်ကို နှိပ်ချတဲ့ စိတ်ထား လည်း ရှိတော်မူပါတယ်။

အပူအရှုပ်နဲ့ လူလုပ်နေကြတဲ့ အန္ဓပုထုဇဉ်တွေဟာ ဘေးဒုက္ခအပူတွေ၊ ပြဿနာအရှုပ်တွေကို ဖန်တီးပြီး အရှင်သာရိပုတ္တရာမထေရ်မြတ် စွပ်စွဲရန် လုပ်တတ်တယ်။ တစ်ခါတစ်ရံ ဘာမှမတုံပြန်ဘဲ သည်းခံတတ်သလို တစ်ခါတစ်ရံ ကျတော့ တည်ငြိမ်ရဲဝံ့စွာ ဖြေရှင်းတတ်ပါတယ်။ တစ်ခါတုန်းက ဆိုရင် ရှင်တော်ဘုရားထံ မဟုတ်မတရား စွပ်စွဲတိုင်ကြားခဲ့တဲ့ ရဟန်းငယ်တစ်ပါး ကြောင့် အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ သံဃပရိသတ်အလယ်မှာ မိမိရဲ့ စိတ်နေသဘောထားနဲ့ ကိုယ်ကျင့်တရားကို ရဲရဲတောက် ထုတ်ဖော်လျှောက် ထားခဲ့ပါတယ်။ အရှင်မြတ်ရဲ့ လျှောက်ထားချက်ကို ကြားနာရတဲ့အခါ ပုထုဇဉ် ရဟန်းတွေဟာ မျက်ရည်မဆည်နိုင်ဖြစ်ကြရပြီး ၊ ရဟန္တာအရှင်ြ်မတ်တွေက ဓမ္မ သံဝေဂ ရတော်မူကြပကါတယ်။ မဟာပထဝီမြေကြီးကတော့ မခံနိုင်တော့တဲ့ အဆုံး ၉-ကြိမ်၊၉-ခါ တုန်လှုပ်ခဲ့ရပါတယ်။

ဒီလို ဂုဏ်သတင်းပျံ့မွှေးတော်မူတဲ့ မထေရ်မြတ်ရဲ့ အကြောင်းကို အယူဝါဒ မတူသူ ပုဏားတစ်ဦးက ကြားသိရတဲ့အခါ မယုံကြည်တာမို့ ဆွမ်းခံဝင်နေတဲ့ အရှင်မြတ်ရဲ့ နောက်က လိုက်သွားပြီး အရှင်မြတ်ရဲ့ ကျောကုန်းအလယ်ကို လက်ဝါးနဲ့ ပြင်းထန်စွာ ရိုက်နှက်ပုတ်ခတ်ပါတယ်။ အရှင်သာရိပုတ္တရာ ဟာ”ဘာဖြစ်တာလဲလို့တောင် လှည့်ကြည့်တော်မမူဘဲ ကြွမြဲကြွတော်မူပါတယ်။ အဲဒီအခါ ရိုက်နှက်လိုက်မိတဲ့ ပုဏားဟာ နောင်တတရားနဲ့ ပူလောင်လာပြီး” သည်းခံခြင်းဂုဏ်နဲ့ ပြည့်စုံတော်မူတဲ့ အရှင်မြတ်ဟာ အံ့သြဖွယ်ကောင်းပါပေ စွ” လို့ ကြည်ညိုတော်မူကာ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းပြီး” အရှင်ဘုရား တပည့်တော်အား သည်းခံခွင့်လွှတ်တော်မူပါ”လို့ လျှောက်ထားပါတယ်။

မထေရ်မြတ်က “ဒါဟာ ဘာလဲ”လို့ မေးတော်မူတဲ့အခါ “တပည့်တော် စပ်းသပ်လိုတာနဲ့ အရှင်ဘုရားကို ရိုက်နှက်မိတာပါဘုရား”လို့ ပုဏားက လျှောက်ထားပါတယ်။ “ရှိပါစေ၊ သင့်ကို ငါ သည်းခံပါတယ်”လို့ အရှင်သာရိပုတ္တ ရာက မိန့်ကြားတော်မူတဲ့အခါ ပုဏားဟာ အရှင်မြတ်ကို နေအိမ်သို့ ရိုသေစွာ ပင့်ဆောင်ပြီး ဆွမ်းလုပ်ကျွေးပါတယ်။ အဲဒီအချိန်မှာပဲ တခြားလူတွေဟာ စိတ်ဆိုးပြီး “ဒီပုဏားဟာ အပြစ်မရှိတဲ့ ငါတို့ရဲ့အရှင်မြတ်ကို ရိုက်တယ်၊ သူ့ကို ဆုံးမရမယ်၊ ဒီနေရာမှာပဲ သေအောင်သတ်မယ်”လို့ တုတ်ဓား စတာတွေကိုင်ပြီး ပုဏားရဲ့အိမ်တံခါးဝမှာ စုဝေးနေကြတယ်။

ဆွမ်းကိစ္စပြီးတဲ့အခါ အရှင်သာရိပုတ္တရာမထေရ်ဟာ ပုဏားကို သပိတ် အကိုင်ခိုင်းပြီး အိမ်က ထွက်တော်မူလာတယ်။ လူအုပ်ကို တွေ့တာမို့” ဒကာတို့ အဲဒါက ဘာသဘောလဲ”လို့ မေးမြန်းတဲ့အခါ “အရှင်ဘုရားကို ရိုက်နှက်တဲ့ ဒီပုဏားမိုက်ကို ဆုံးမပေးကြမလို့ပါဘုရား”လို့ လျှောက်ထားကြတယ်။ “ဒကာတို့ ဒီပုဏားက သင်တို့ ရိုက်တာမဟုတ် ငါ့ကိုရိုက်တာဖြစ်တယ်။ အခု ဒီပုဏားက ငါ့ကို ခွင့်လွှတ်ဖို့ လျှောက်ထားတောင်းပန်ပြီးပြီ။ သင်ဒကာတို့ အိမ်ပြန်ကြ”လို့ အရှင်သာရိပုတ္တရာက တိုက်တွန်းပြီး ပုဏားကိုလည်း အိမ်ပြန်စေကာ ကျောင်း တော်ကို ပြန်ကြွလာတော်မူပါတယ်။

သည်းခံခြင်းတရားနဲ့ သူတော်ကောင်းနှလုံးသားဆိုတာ ” ရေကန်နဲ့ကြာ” လိုပါပဲ။ အချင်းချင်း အပြန်အလှန် အလှဆင်ပေးနေတဲ့ အရာတွေပါ။ သူတော် ကောင်းနှလုံးသားဆိုတဲ့ အေးမြကြည်လင်တဲ့ မေတ္တာရေစင်ကြောင့် တည်ငြိမ် လှပတဲ့ ခန္တီကြာပန်းတွေ ပွင့်လန်းလာသလို၊ ခန္တီကြာဝန်းတွေရဲ့ တည်ငြိမ်လှပမှု အရှိန်အဝါကြောင့်လည်း သူတော်ကောင်း နှလုံးသားဆိုတဲ့ ရေကန်ဟာ ပိုမိုထည် ဝါ ကျက်သရေဖြာ လှပလာရပါတယ်။

ဉာဏ်ပညာကို မြတ်နိုးပြီး အဆုံးအမတရားကို ဦးထိပ်ထားတတ်သော၊ သူတစ်ထူးကျေးဇူးတရားကို သိမှတ်ပေးဆပ်တတ်သော၊ အမျက်မပါ မာနမရှိ ပကတိ သည်းခံတတ်သော သူတော်ကောင်းနှလုံးသားပိုင်ရှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဟာ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ဖွားရာဇာတိ နာလကရွာမှာ ပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့ပါတယ်။

သက်တော်(၈၀)ဝါတော်(၄၄)ဝါအတွင်း သတ္တလောကရဲ့ အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူရင်း မထေရ်မြတ် ဟောကြားတော်မူအပ်တဲ့ တရားတော်တွေဟာ နိကာယ်ငါးရပ်၊ ပိဋကတ်တော်မှာ အင်မတန်များပြားတော်မူ လှပါတယ်။ ပဋိသမ္ဘီဒါမဂ်ပါဠိတော်၊ မဟာနိဒ္ဒေသပါဠိတော်၊ စူဠနိဒ္ဒေသပါဠိတော် တွေဟာ ကျမ်းစာအနေနဲ့ ထင်ရှားပြီး သာရိပုတ္တထေရ ဂါထာတော်တွေဟာ “ကိုယ်တိုင်ရေး ထေရုပ္ပတ္တိကျမ်းစာ”ဖြစ်သလို”တရားဟင်းလေးအိုးကြီး”လို့လည်း ဓမ္မရသစုံလင်စွာ ပါဝင်တော်မူပါတယ်။

တစ်ချိန်က ရှင်တော်ဘုရားဟာ အနီးမှာရှိတဲ့ အရှင်အာနန္ဒာကို “အာနန္ဒာ သူတစ်ပါးတွေက သာရိပုတ္တရာကို နှစ်သစ်ကြည်ညိုကြတယ်၊ သင်ကကော သာရိ ပုတ္တရာကို နှစ်သစ်သဘောကျရဲ့လား”လို့ မေးတော်မူပါတယ်။ အဲဒီအခါ အရှင် အာနန္ဒာဟာ” ဒီနေ့ ဇမ္ဗူဒိပ်ကျွန်းရဲ့ အလံတံခွန်သဖွယ်ဖြစ်တဲ့ သပြေပင်ကြီးကို လှုပ်ခါပြရတော့မယ်၊ ဒါမှမဟုတတ် တိမ်တိုက်ကြားထဲက လပြည့်ဝန်းကြီးကို ထုတ်ဆောင်ပြရတော့မယ်”ဆိုပြီး ဝမ်းသာရွှင်ပြစွာနဲ့ အရှင်သာရိပုတ္တရာရဲ့ သူတော်ကောင်းဂုဏ်ရည် ၁၆ မျိုးကို ထုတ်ဖော်လျှောက်ထားတော်မူပါတယ်။

ပြီးမှ နိဂုံးချုပ်အနေနဲ့ “မြတ်စွာဘုရား၊ လောကမှာ လူဖျင်းလူအ၊ စိတ်ယုတ် မာရှိသူ၊ မိုက်လုံးကြီးသူ၊ ရူးသွပ်နေသူမဟုတ်ရင် ဘယ်သူမဆို အရှင်သာရိ ပုတ္တရာကို နှစ်သက်ကြည်ညိုကြမှာပါဘုရား”လို့ လျှောက်ထားလိုက်ပါတယ်။ စာရေးသူလည်း အရှင်အာနန္ဒာရဲ့ တန်ဖိုးကြီးလေးမြတ်လှတဲ့ ဒီမှတ်ချက်မိန့်ခွန်း တော်နဲ့ပဲ တုနှိုင်း၍မမီတဲ့ သူတော်ကောင်းဂုဏ်ရည်ပိုင်ရှင် ပညာအရာ ဧတဒဂ်ရ အဂ္ဂသာဝက မထေရ်မြတ်ကြီးကို လေးမြတ်ကော်ရော်ရှိခိုး ပူဇော်လိုက်ပါတယ်။

ကျမ်းကိုး
၁။ အင်္ဂုတ္ထိုရ်အဋ္ဌကထာ (ပထမတွဲ) ၊ ၂။အပါဒါန်အဋ္ဌကထာ(ပထမတွဲ) ၊ ၃။ ဓမ္မပဒ အဋ္ဌကထာ(ပ+ဒု) ၊ ၄။သံယုတ် အဋ္ဌကထာ(ဒုတိယတွဲ) ၊ ၅။ မူလပဏာသ အဋ္ဌကထာ(ဆဋ္ဌမတွဲ) ၊ ၆။မဟာဗုဒ္ဓဝင်ကျမ်း(ဆဋ္ဌမတွဲ) ၊ Dhamma Yanant (တော်ဝင်နွယ်) ၊ အရှင်သာရိပုတ္တရာ နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ

Tags: buddhism monk
Next Post
ကမ္ဘာအကြီးဆုံး ဘုရားကျောင်းကြီးများ – ၁

ကမ္ဘာအကြီးဆုံး ဘုရားကျောင်းကြီးများ - ၁

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!