ရေးသားသူ – သိပ္ပံ သင်္ချာ နှင့် ရူပဗေဒ
ဒီရက်တွေမှာ ခရီးမကြာခဏ ထွက်ဖြစ်နေတော့ (လက်/ လောင် )အကြောင်း ပို့စ်လေးတစ်ခုတင်လိုက်ပါတယ်။ ဟိုး .. အရင် ဖုန်း Tower တိုင်တွေ ဆောက်လုပ်ရေး လုပ်ခဲ့တုန်းက ရန်ကုန်က စထွက်ပြီဆိုတာနဲ့ သတ်မှတ် တာဝါတိုင်ရဲ့လက် လောင် တွေကို ဖုန်းထဲမှာရိုက်ပြီး GPS ဖွင့် ခရီးထွက်ရတာပေါ့။ ပါးစပ်ပါရွာရောက်ဆိုသလို ကျွန်တော်တို့တွေလည်း လမ်းညွှန် စနစ်တွေ ပါနေတော့ မြန်မာပြည်အနှံ လူသူအရောက်အပေါက်နည်းတဲ့ ရွာလေးတွေကအစ မြို့ကြီးတွေအဆုံး အခက်အခဲမရှိ လိုရာခရီးကို အမှားမရှိသွားနိုင်ခဲ့ပါတယ်။
ခုပိုစ့်မှာတင်ထားတဲ့ မြန်မာပြည်မြေပုံပေါ် ကအစိမ်းရောင်အမှတ်လေးတွေက ကျွန်တော် တာဝန်ယူတည်ဆောက်ခဲ့တဲ့ Tower တိုင်လေးတွေပါ။ ရှမ်းပြည်ဘက် နဲ့ မကွေးတိုင်း ရခိုင် ကယား တနသာရီ ဘက်က Tower တွေကို Rec လုပ်ဖို့ မေ့သွားတော့ အချို့အစိမ်းလေးတွေတော်တော်များများကျန်နေခဲ့ပါတယ်။ ကဲ.. လိုရင်းမရောက်ပဲနေအုံးမယ် (လက်/လောင် ) အကြောင်း ဆက်ကြစို့…
ကျွန်တော်တို့ကိုယ်ရောက်နေတဲ့နေရာ ကို ရှာချင်ရင် ခုခေတ်မှာလွယ်သွားပါပြီ။ ဖုန်းလေးကိုဖွင့် GPS က လက်တီကျူ့လောင်ဂျီကျူ့ ကို မြေပုံကော တည်နေရာနာမည်ကောပြပေးမှာပါ ဒါပေမဲ့ဟိုတုန်းကတော့ဒီကိစ္စဟာမလွယ်ပါ ခုခေတ်မှာလည်း ဖုန်းမရတဲ့ နေရာမှာဆို မလွယ်ပါ။ ဒီတော့ တည်နေရာသိချင်ရင် လတ် နဲ့လောင် ကိုသိမှပါ။
လတ် လောင် ဆိုတာဘာလဲ မြေပြန့်မှာ တော့အပေါင်းအသင်းချင်းတနေရာမှာချိန်းပြီဆိုပါတော့ ကျွန်တော်တို့က နေရာကို လေးထောင့်ကွက်များ ဖြစ်အောင် ဒေါင်လိုက်နဲ့ အလျားလိုက်မျဉ်း များဆွဲ လိုက်မှာပါ။ ဒေါင်လိုက်မျဉ်းကိုဘ 1 2 3 စသဖြင့်ပေးပြီး အလျားလိုက်မျဉ်းကို a b c ပေးရင် 1a 3b စသဖြင့် တည်နေရာ အမှတ်ကို ဖော်ပြနိုင်မှာပါ။
လတ်လောင်ကလည်း ဒီအကြံအတိုင်းပါပဲ ကွာတာက ကမ္ဘာက လုံးတဲ့ အတွက် ဖြောင့်တဲ့ မျဉ်းတွေအစား စက်ဝိုင်းတွေကိုသုံးပါတယ်။
ကမ္ဘာက ကိုယ့်ဝန်ရိုးပေါ်မှာ ကိုယ်လည်နေပါတယ်။ ဒီဝန်ရိုး ကတောင်နှင့်မြောက်ဝန်ရိုးစွန်းကိုဖြတ်သွားပါတယ် ဒီဝန်ရိုးနဲ့ထောင့်မှန်ကျပြီး ကမ္ဘာကို မြောက် နဲ့တောင်ခြမ်းအတိအကျပိုင်းထားတဲ့ စက်ဝိုင်းကို အီကွေတာ ခေါ်ပါတယ်။ အီကွေတာနဲ့ အပြိုင် စက်ဝိုင်းများဟာ ဝန်ရိုးစွန်းဘက်ကို အချင်းတဖြည်းဖြည်းသေးငယ်သွားပါတယ်။ ဒါကလတ်တီကျူ့ ဝါ လတ်ပါ လတ် မျဉ်းကို ဒေါင့်အားဖြင့်တိုင်းပါတယ် အကြီးဆုံး အချင်းရှိတဲ့ အီကွေတာစက်ဝိုင်း ရှိရာ ပြင်ညီကနေ လတ် စက်ဝိုင်းရှိ ရာ ဆွဲထားတဲ့ စိတ်မှန်း မျဉ်းရဲ့ ကြားကဒေါင့် ကို φ လို့ခေါ်ပါတယ်။ မြောက်ခြမ်းကို φ Nနဲ့တောင်ခြမ်းကို φ S လို့ရေးပါတယ် အီကွေတာမှာ 0° ဖြစ်ပြီးတောင် နဲ့မြောက်ဝင်ရိုးစွန်းမှာ 90° ဖြစ်ပါတယ် အောက်မှာပုံပါပါတယ်။
လောင်ကိုတော့ အီကွေတာကို ထောင့်မှန်ကျတဲ့ အထူးနေရာက စက်ဝိုင်းကို meridian လို့ခေါ်ပါတယ်။ လောင်စက်ဝိုင်းအားလုံးဟာ အချင်းအတူတူပါ ဒါကြောင့် လန်ဒန်တောင်ပိုင်း Greenwich ကိုဖြတ်တဲ့ စက်ဝိုင်းကို သတ်သတ်မှတ်မှတ်ယူပါတယ်။ ဒီစက်ဝိုင်းက ကမ္ဘာ ဟိုဘက်ခြမ်းမှာ ရုရှ ပစိဖိတ်နဲ့ ဖီဂျီတို့ကိုဖြတ်ပါတယ် လောင်ကိုလဲ ဒေါင့် အားဖြင့်တိုင်းပြီး λ လို့ခေါ်ကြပါစို့ Greenwich မှာ 0° ရှိပြီး ဖီဂျီမှာ 180° ရှိပါတယ်။ ဖီဂျီမှာဖြတ်တဲ့ 180° meridian မျဉ်းကို international date line လို့ခေါ်ပါတယ်။ သူ့ကိုဖြတ်ကျော်ရင် တစ်ရက်ထတိတိ စောခြင်း သို့နောက်ကျခြင်းကိုဖြစ်စေပါတယ် Greenwich ရဲ့ရှေ့ကို λ E လို့ခေါ်ပြီး နောက်ကို λ w လို့ခေါ်ပါတယ်။
ဒီနည်းနဲ့ပိုတိကျတဲ့တည်နေရာကိုရပါတယ်။ ဘာကြောင့် လဲဆိုတော့ သင်ဟာ ကမ္ဘာ့မျက်နှာပြင်ပေါ်မှာရှိတာနဲ့ လတ်လောင်စက်ဝိုင်း ၂ ခု ဆုံရာ အမှတ်ပေါ်ရောက်နေမှာမို့ပါ။ ဥပမာ Greenwich ကို 51.48° N, 0° W နဲ့ ပြနိုင်ပြီး နယူးယောက်က 40.7484 N, 73.9857 W နဲ့ပြနိုင်ပါတယ်။
ဒါပေမဲ့ ဒီလတ်လောင်ကို ဘယ်လိုရှာမလဲ ????
ဆိုပါတော့ သင်ဟာ ပင်လယ်ထဲမှာ ဖုန်းမပါဘဲ ဆိုရင် ဘယ်လိုလုပ်ကြမတုန်း ။
ဆိုပါစို့သင်က ပင်လယ်ထဲမှာလှေတစီးနဲ့စွန့်စားရှာဖွေသူ လတ်တီကျူ့ကိုဘယ်လိုရှာမလဲ။ ဒါက ရှေး ကပင်လယ်ပြင်မှာ နယ်မြေစွန့်စားရှာဖွေသူ ခရီးသွားတို့အတွက်အရေးပါတဲ့ ကိစ္စပါ။ သူတို့ကကောင်းကင်က နေနဲ့ကြယ်များကို ကြည့်ပြီးသွားခဲ့ကြပါတယ်။ ဒီလိုလုပ်ဖို့အတွက် တြိဂိုနိုမေထရီ နဲနဲ တော့လိုပါတယ်။ အောက်မှာ ပုံတွေပြထားပြီး အစဉ်လိုက် ကြည့်ပါ။
ကောင်းကင် မှာ ကြယ်တော်များများက အချိန်နဲ့ အမျှတည်နေရာပြောင်းနေပါတယ်။ ဒီမှာမပြောင်းတဲ့ကြယ်အချို့ရှိပါတယ်။ မြောက်ဝင်ရိုးစွန်းတည့်တည့် ကဓူဝံကြယ်လိုပါ။ သူတို့က ကမ္ဘာကနေသိပ်ဝေးလွန်း တော့ မပြောင်းလဲဘူးထင်ရတာပါ။
ကမ္ဘာ့ မျက်နှာပြင်ပေါ်က အမှတ်တခုမှာ သင်ရှိနေမယ်ဆိုရင်မိုးကုတ်စက်ဝိုင်းရှိရာရှေ့တည့်တည့် တဆုံးကိုကြည့်လိုက်ပါ။ ဒီ line of sight က ကမ္ဘာ ကို tangent ကျတဲ့ မျဉ်းပါ t လို့ခေါ်ပါမယ် ဒီနေရာကနေ မြောက်ခြမ်းကိုကြည့်ရင်ဓူဝံကြယ်ကို တွေ့ရပါမယ်။ ဒီ line of sight အကဲကြည့်မျဉ်း ကို l လို့ခေါ်ပါမယ်။
ဒီ t နဲ့ l ကြားက ဒေါင့် ကို θ လို့ခေါ်ပါမယ်။ ဒီ ဒေါင့် θ ဟာလတ်တီကျူ့ ဒေါင့် တန်ဖိုး φ နဲ့တူတူပါပဲ။
ဒါကဘယ်လိုဖြစ်နိုင်တာလဲ???
ဒါကိုသက်သေပြဖို့အောက်က ပုံတွေကိုကြည့်ပါ
l နဲ့ t မျဉ်းကို ဆက်ဆွဲရင် နောက်ထပ် ထိပ်ဆိုင်ဒေါင့်ရပါတယ် ထိပ်ဆိုင်ဒေါင့်၂ခုဟာတူပါတယ်။
Xအမှတ်ဟာ တိုင်းတာသူရှိမယ့်တည်နေရာပါ Oက ကမ္ဘာ့အလယ် ဗဟိုပါ X နဲ့ O ကိုဆက်တဲ့မျဉ်း r ဟာ အချင်းဝက်ပါ t က tangent ပါ tangent တိုင်းပေါ်ကို အချင်းဝက်ဟာ ဒေါင့်မှန်ကျပါတယ် ဒါကြောင့် θ ရဲ့ ကပ်ရက်ဒေါင့် တန်ဖိုးက 90°- θ ပါ။
မျဉ်း l , အီကွေတာ e နဲ့ r တို့က ဒေါင့်မှန်တြိဂံ ကိုဖြစ်စေပါတယ်တြိဂံ တခုရဲ့အတွင်းဒေါင့် ၃ ခုပေါင်းခြင်းက 180° ပါ ဒီမှာ လိုချင်တာက φ ပါ။ φ က လတ်တီကျူ့ပေါ့ ကျန် ၂ ဒေါင့်ကသိပြီဆိုတော့ φ ကိုရှာနိုင်ပါတယ်။
φ = 180 – ( 90 + [ 90- θ ] ) = θ
ဒီနည်းနဲ့သင်ရောက်နေတဲ့နေရာရဲ့လတ်တီကျူ့ဟာ မိုးကုတ်စက် ဝိုင်းအထက်က ဓူဝံကြယ်ရှိနေမဲ့ဒေါင့်ပါပဲ။ ဒါကိုဂရိ ပညာရှိ ဟစ်ပါချူ့စ်က ကမ္ဘာကြီးလုံးမှန်းမသိခင် လွန်ခဲ့သော နှစ် ၂၀၀၀ ကပဲတွက်နိုင်ခဲ့ပါတယ်။ တောင်ကမ္ဘာခြမ်းမှာတော့ ဓူဝံကြယ်ကို မမြင်နိုင်ပါ။ ဒါပေမဲ့ southern cross constellation နဲ့ southern pointers ဆိုတဲ့ ကြယ် ၂ လုံးကို သုံးနိုင်ပါတယ်။
ဒါဆိုလောင်ဂျီကျူ့ကကော ဒါကနောက်ထပ် ပုံပြင်တခုပါ။
လတ် တိုင်းနည်းကို ဟစ်ပါချူ့စ်လက်ထက် ကတည်းက သိပေမဲ့ လောင် ကတော့ 18 ရာစု ထိခက်ခဲတဲ့ပြသနာပါ။ တိကျမှန်ကန်တဲ့ နည်းလမ်းကို မတွေ့ရပါဘူး။ နောက်တော့နာရီတွေရဲ့အကူအညီနဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။ လတ်တီကျူ့ပြောင်းရင် ဓူဝံကြယ် ရဲ့ ဒေါင့်ကပြောင်းပါတယ်။ ဒါကြောင့်လတ်ကို ဓူဝံကြယ်ဒေါင့် c ကို သုံးပြီးရှာလို့ရပါတယ်။ လောင်ကတော့မရပါ ဘာကြောင့်လဲဆိုတော့လောင်ကိုပြောင်းလိုက်ရင် အောက်ပုံမှာ ပြထားသလို ဓူဝံကြယ်ဒေါင့် c က မပြောင်းလဲလို့ပါ။
ဒီမှာပြောင်းလဲတာက အချိန်ပါ Greenwich ကနေ ရှေ့ ကို တိုးတာနဲ့အမျှ 15° တိုင်းမှာ ၁ နာရီရှေ့တိုးပါတယ်။ ဥပမာ Greenwich ရဲ့အချိန်က ၁၂ နာရီဆိုပါစို့ သူ့ရှေ့က 15°E မျဉ်းမှာ အချိန်က ၁ နာရီပါ။ Greenwich ရဲ့နောက်
15° W မှာ ၁၁ နာရီပါ။
ဒီတော့ သင်က သင်ရှိနေတဲ့ နေရာရဲ့ဒေသ စံတော်ချိန်ကိုလဲသိမယ် ၊ Greenwich ရဲ့စံတော်ချိန်လည်းသိမယ်ဆိုရင် ဒီစံတော်ချိန် ကွာခြားချက်ကနေ လောင်ဂျီကျူ့ ဒီဂရီ ကွာခြားချက်ကိုပြန်တွက်ယူနိုင်ပါတယ်။
ဒီမှာဒေသစံတော်ချိန်တွက်တာက နေကိုကြည့်ရင်ရပါတယ်။ ဒါပေမဲ့ Greenwich စံတော်ချိန်ကိုသိဖို့ကတော့ဒီတုန်းက နာရီ တလုံး သယ်သွားဖို့ပါပဲ။ ဒါကခုချိန်မှာလွယ်ကူ တဲ့ကိစ္စ ဖြစ်ပေမဲ့ ဒီတုန်းကတော့ ရှိတဲ့ နာရီတွေဟာ ခရီးဒဏ်ကြောင့် လှိုင်းလူးခြင်းဆောင့်ခြင်းများနဲ့မမှန်ခဲ့ပါ ။ 1707 ခုနှစ်မှာ ဆယ်လီသင်္ဘောမှောက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။
အင်္ဂလိပ် သင်္ဘော ၄ စင်းဟာ ဆယ်လီကျွန်းနားမှာ နစ်မြုပ်ခဲ့တာပါ။ သူတို့ရဲ့ဆိပ်ကမ်း ပို့စ်မောက်နဲ့သိပ်မဝေးပေမဲ့ လောင်ဂျီကျူ့ အတိအကျမတွက်နိုင်မှု နဲ့ဆိုးရွားတဲ့ရာသီဥတုက သင်္ဘောသား ၂၀၀၀ ကျော်သေဆုံးစေခဲ့ပါတယ်။ အင်္ဂလိပ်သမိုင်းမှာတော့အဆိုးရွားဆုံး သင်္ဘောမှောက်မှုပေါ့။
စပိန်နဲ့ဒတ် ချ်တွေက ဒီ လောင်ပြသနာ ကိုဖြေရှင်းနိုင်မဲ့သူကိုဆုငွေပေးမယ်လို့ကြေငြာထားတယ်။ ၁၇၁၄မှာ အင်္ဂလိပ်ကလည်း ဒါကိုရှင်းနိုင်ရင် ပေါင် ၂ သောင်း ပေမယ်ပေါ့ နည်းအမျိုးမျိုးနဲ့ရှင်းကြပါတယ်။ အချိန်မှန်ဟောင်တဲ့ခွေးကိုလှေပေါ်တင်မယ်တို့ဘာတို့ပေါ့။ တချို့ ကတော့ လနဲ့ကြယ်တွေကိုတွက်ပြီး အချိန်မှန်းမယ်ပေါ့။
၁၇၃၀ နောက်ပိုင်းမှ ဂျွန်ဟယ်ရစ်ဆင် က ရေကြောင်းသုံးနာရီကို တီထွင်ခဲ့ပါတယ်။ ဆုတော်ငွေကတော့ဘုတ်အဖွဲ့ကညစ်ထားလို့၁၇၇၃ ကြမှ ဂျော့III ဆီ အယူခံဝင်မှ အကုန်ရခဲ့ပါတယ်တဲ့။ ခုခေတ်မှာ အင်တာနေရှင်နယ်ဒိတ်လိုင်းအပါအဝင် လတ်လောင်တွေ ကွေ့နေတာကတော့ သက်ဆိုင်ရာဒေသန္တရ အစိုးရ တွေရဲ့ပြောင်းလဲထားမှုကြောင့် ဖြစ်ပုံရပါတယ်။
သိပ္ပံ သင်္ချာ နှင့် ရူပဗေဒ
Via : Mgmg Kyawzan
Discussion about this post