ဒီဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့အပတ်က ဂွာတီမာလာနိုင်ငံ မာယာလူမျိုးတို့ရဲ့ရှေးဟောင်းမြို့ ဖြစ်တဲ့ Tikal မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ပါ။ Tikal မြို့ဟာ မီဆိုအမေရိကဒေသမှာ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ လက်ရာ အမွေအနှစ်များစွာ ရှိတဲ့ အကြီးဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။
ယခု ဂွာတီမာလာနိုင်ငံ မြောက်ပိုင်း Flores မြို့အနီးမှာ မာယာလူမျိုးတွေဟာ Tikal မြို့တော်ကို အေဒီ ၇၃၂ခန့်မှာ တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ရှေးဟောင်းမြို့တော် Tikal ကို ၁၉၇၉ ခုနှစ်ကတည်းက ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများစွာဟာ ဒီရှေးဟောင်းမြို့ကိုလာရောက်လည်ပတ်လျက်ရှိပါတယ်။ အခုဖြစ်ရပ်ဖြစ်ပွားတာကတော့ နှစ်ပေါင်း ၁၃၀၀ နီးပါးသက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းဘုရားကျောင်း Tikal Temple II မှာပါ။
အလည်လာတဲ့ ခရီးသွား ၂ယောက်ဟာ ဒီရှေးဟောင်းအဆောက်အဦးရဲ့နံရံမှာ A+T ဆိုတဲ့ စာလုံးတွေကို ထွင်းခဲ့တာပါ။ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ Vinicio Alba Ruiz က ဒီစာလုံးကိုတွေ့ရှိပြီးနောက်မှာတော့ ရေးထိုးခဲ့တဲ့ ခရီးသွားနှစ်ယောက်ဟာ အဖမ်းခံခဲ့ရပါတယ်။
သူတို့ကတော့ သူတို့နာမည်ကို အမှတ်တရအနေနဲ့ ဒီလိုရေးထွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့အတွက် အကျိုးမရှိပဲ အပျော်သဘောနဲ့ အမှတ်မထင်လုပ်လိုက်တဲ့အရာတစ်ခုဟာ ရှေးဟောင်းနံရံကို ပျက်စီးသွားစေတာဟာ အလွန်ဝမ်းနည်းဖို့ကောင်းတယ် ၊ ဒီလိုရှေးဟောင်းနေရာမျိုးကိုလာရင် ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာသင့်တယ် လို့ Vinicio Alba Ruiz က ဆိုပါတယ်။
အခုတော့ ခရီးသွားနှစ်ယောက်ဟာ အပျော်သဘောနဲ့ လုပ်လိုက်တဲ့ အပြုအမှုကြောင့် ရှေးဟောင်းပစ္စည်းဖျက်စီးမှု နဲ့အတူ ထိုက်တန်တဲ့ ပြစ်ဒဏ် ကျခံရတော့မှာဖြစ်ပါတယ်။ ဒီအတွက် ဂွာတီမာလာခရီးသွား Industry (INGUAT) ကနေ ယဉ်ကျေးမှု နဲ့ အားကစားဝန်ကြီးဌာနကို တိုင်တန်းခဲ့တာဖြစ်ပါတယ်။
ဂွာတီမာလာနိုင်ငံရဲ့ သတ်မှတ်ထားတဲ့ ဥပဒေ ရှေးဟောင်းနေရာ အမွေအနှစ်ဖျက်စီးသူတွေဟာ ငွေဒဏ်အနေနဲ့ ဒေါ်လာ ၁၃၀၀၀ ကနေ ဒေါ်လာ ၁၃၀၀၀၀(မြန်မာငွေနဲ့တွက်ရင် ကျပ်သိန်းပေါင်း ၁၉၅၀) အထိ ၊ ထောင်ဒဏ် အနေနဲ့ ၆နှစ်ကနေ ၉နှစ်အထိ ကျခံနိုင်ဖွယ်ရှိပါတယ်။
Discussion about this post