ရေနဂါးတွေအကြောင်းကိုတော့ တော်တော်များများ သိကြမှာပါ။ သစ်ရွက်ရေနဂါး(Leafy seadragon) အကြောင်းကိုတော့ သိရှိတဲ့သူနည်းမယ်ထင်ပါတယ်။ ဒါကြောင့် ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။
သစ်ရွက်ရေနဂါးတွေဟာ ငါးအမျိုးအစားတစ်မျိုးဖြစ်ပြီး Syngnathidae မျိုးစိတ်ထဲမှာပါဝင်ပါတယ်။ မျိုးစိတ်ချင်းတူပေမယ့် ကျွန်တော်တို့သိတဲ့ရေနဂါး(Seahorse) တွေနဲ့ ကွဲပြားပါတယ်။ သစ်ရွက်ရေနဂါးတွေရဲ့ တစ်ကိုယ်လုံးမှာ သစ်ရွက်နဲ့တူတဲ့ protrusion တွေထွက်ရှိနေပါတယ်။ ဒါကြောင့်သစ်ရွက်ရေနဂါး(Leafy Seadragon) လို့အလွယ်ခေါ်ကြတာပါ။ သူ့ရဲ့နာမည် နောက်တစ်မျိုးက Glauert’s seadragon ဖြစ်ပါတယ်။
ပုံမှန်အရွယ်အစားအားဖြင့် ၈လက်မ ဝန်းကျင်ကနေ ၁၁လက်မ အထိရှိတတ်ပါတယ်။ အရောင်ကတော့ အဝါ ၊ အစိမ်း နဲ့ အညိုရောင်တို့ဖြစ်ပြီး ပတ်ဝန်းကျင် အခြေအနေကိုလိုက်ကာ လိုအပ်သလို အရောင်ပြောင်းလဲကာ ကိုယ်ရောင်ဖျောက်နိုင်(ပုန်းကွယ်နိုင်)စွမ်း ရှိပါတယ်။
ရေမှော်သစ်ရွက်တွေလိုဖြစ်နေတဲ့ခန္ဓာကိုယ်ဟာ အသားစားငါးတွေနဲ့ တခြားသတ္တဝါတွေရန်ကနေ အကောင်းဆုံးကာကွယ်ပေးထားတဲ့အကာအကွယ်တစ်ခုလည်းဖြစ်ပါတယ်။ ရေနဂါးလေးတွေမှာ အစာအိမ်မရှိသလို၊ ဝါးနိုင်တဲ့သွားလည်းမရှိကြပါဘူး။ သူတို့ဟာ မိုင်ဆီဒိုစစ်ပ် လို့ခေါ်တဲ့ရေအောက် အမီးဘား ( Amoeba – ကိုယ်တိုင်အစာချက်နိုင်တဲ့သတ္တဝါ ) တွေနဲ့ မိုက်ခရိုပလက်တွန်း ( အနုဇီဝမျှောလှေး ) တွေကို စုပ်ယူပြီး ကိုယ်တွင်းဆဲလ်ရည်ကွက် ( Vacuole ) တွေနဲ့ အင်ဇိုင်းတွေကနေ အာဟာရအဖြစ်ဖြိုခွဲပစ်တာဖြစ်တယ်။
ဒီအကောင်လေးတွေကို သြစတြေးလျ တောင်ပိုင်းကမ်းရိုးတန်းတဝိုက်မှာသာ တွေ့ရှိနိုင်ပါတယ်။ အဓိကတွေ့ရှိနိုင်တဲ့နေရာတွေကတော့ တောင်ပိုင်းကမ်းရိုးတန်းက Rapid Bay, Edithburgh, and Victor Harbor စတဲ့နေရာတွေမှာပါ။ သစ်ရွက်ရေနဂါးတွေဟာ အများအားဖြင့် ပင်လယ်ရေအောက် အနက်ပေ ၁၆၀ ဝန်းကျင်မှာ နေထိုင်ကျက်စားလေ့ရှိပါတယ်။ သန္တာကျောက်တန်း ၊ ရေအောက်သဲမြေ နဲ့ ဒိုက်မှော်တွေကြားမှာလည်း နေလေ့ရှိကြပါတယ်။
သစ်ရွက်ရေနဂါးတွေရဲ့ မျိုးပွားခြင်းဟာ အထီးတွေနဲ့လည်း သက်ဆိုင်ပါတယ်။ အမတွေဟာ ပန်းရောင် ဥပေါင်း ၂၅၀ ခန့်ကို အထီးရဲ့အမှီးပေါ်ကို ဥချလေ့ရှိပါတယ်။ အထီးတွေဟာ အဲဒီဥတွေကို ၉ပတ်ကြာ ထိမ်းသိမ်းထားရပါတယ်။ ကိုးပတ်ကြာပြီးတဲ့နောက်တော့ အဲဒီဥတွေကို ရေနဂါးအကောင်ပေါက်ကလေးများအဖြစ် မွေးဖွားပေးပါတယ်။ ဒီလိုမွေးဖွားချိန်ဟာ ၂၄နာရီကနေ ၄၈နာရီအထိ ကြာမြင့်လေ့ရှိပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ ဥစုစုပေါင်းရဲ့ ၅% သာ အကောင်ပေါက်ကလေးတွေဖြစ်လာစေနိုင်တဲ့ အချက်ပါ။
တစ်ကိုယ်လုံးမှာ သစ်ရွက်လိုအစိတ်အပိုင်းတွေပါနေပေမယ့် ရေကူးခတ်တဲ့အခါမှာတော့ အဲဒါတွေကို အသုံးမပြုပါဘူး။ သူတို့မှာပါတဲ့ ရေယက်လေးတွေကို အသုံးပြုပြီး ကူးခတ်ပါတယ်။ ရေယက်ကလေးတွေဟာ အလွန်သေးငယ်တာကြောင့် သူတို့ရဲ့လှုပ်ရှားမှုဟာ အလွန်နှေးကွေးပြီး သစ်ရွက်တစ်ရွက်မျောနေတာနဲ့ ပိုတူပါတယ်။ သူတိုရဲ့ ကူးခတ်မှုအမြန်နှုန်းကတော့ ၁နာရီမှာ ၄၉၀ပေ ပဲ ဖြစ်ပါတယ်။
ယနေ့ အခါမှာ ဒီအကောင်လေးတွေဟာ အလွန်ရှားပါးနေပြီဖြစ်ပါတယ်။ သြစတြေးလျ အစိုးရက ၁၉၈၇ ခုနှစ်ကတည်းက တရားဝင် အမိန့်ထုတ်ကာ ကာကွယ်ပေးထားပေမယ့် သဘာဝဘေးဒါဏ်များအပြင် ၊ ဆေးဝါးဖော်စပ်ရေး နဲ့ အလှမွေးမြူရေးအတွက် တရားမဝင်ဖမ်းဆီးနေတာကြောင့် မျိုးတုံးလုနီးပါးဖြစ်နေပါပြီ။
သစ်ရွက်ရေနဂါးတွေရဲ့ သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၃နှစ်ဖြစ်ပြီး ဒီအကောင်လေးတွေကို အမေရိကန် ၊ ကနေဒါ နဲ့ သြစတြေးလျက ရေအောက်သတ္တဝါ ပြခန်းတွေမှာ ပြသထားပါတယ်။
VIDEO
Ref:
WIkipedia
National GeoGraphic
သုတဇုန္
Discussion about this post