အမေရိကန်ပြည်ရဲ့နာမည်အကြီးဆုံးရုပ်တုဟာ လေဘာတီရုပ်တုဆိုရင် ရုရှားနိုင်ငံရဲ့ အထင်ရှားဆုံးရုပ်တုက အမိမြေမှခေါ်သံ(The Motherland Calls) ရုပ်တုဖြစ်မယ်ထင်ပါတယ်။ ရုရှားနိုင်ငံရဲ့ပုံရိပ်တွေမှာ ဓားလွတ်ကိုမြှောက်ကိုင်ထားတဲ့ အမျိုးသမီးရုပ်တုကို မကြာခဏမြင်ဖူးကြမှာပါ။
ဒီရုပ်တုကို စတာလင်ဂရက်တိုင်ပွဲမှာ ကျဆုံးသွားကြတဲ့ တပ်နီတော် စစ်သည်သူရဲကောင်းတွေအတွက် အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၆၇ခုနှစ် မှာ တည်ဆောက်ခဲ့တဲ့ ရုပ်တုဖြစ်ပြီး အဲဒီအချိန်က ကမ္ဘာပေါ်မှာ အမြင့်ဆုံးရုပ်တုဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ဥရောပ ရဲ့အမြင့်ဆုံးရုပ်တု အဖြစ် သတ်မှတ်ခံထားရတဲ့ ရုပ်တုပါ။

စတာလင်ဂရက်တိုက်ပွဲ ဟာ ၁၉၄၂ ခုနှစ် သြဂုတ်လ ကနေ ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီ လ အထိ ရုရှားပြည်တောင်ပိုင်းက စတာလင်ဂရက်မြို့မှာ ဖြစ်ပွားခဲ့ တဲ့ တိုက်ပွဲကြီး ဖြစ်ပါတယ်။ စတာလင်ဂရက်မြို့ဆိုတဲ့အမည်ဟာ ဆိုဗီယက်ခေါင်းဆောင်စတာလင်ကို ဂုဏ်ပြုခေါ်ဆိုထားတာဖြစ်ပါတယ်။
ဟစ်တလာရဲ့ ဂျာမန်တပ်မတော်က ဒီမြို့ကိုသိမ်းပိုက်လိုသလို ဆိုဗီယက်တို့ကလည်း သူတို့အတွက် စစ်ဗျူဟာအရ အချက်အချာကျတဲ့မြို့ဖြစ်တာကြောင့် အလျော့မပေးပဲ အပြင်းအထန်ကာကွယ်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲမှာ ဆိုဗီယက်တို့ဘက်က စစ်သည်ပေါင်း ၅သိန်းကျော်သေကြေခဲ့သလို ဂျာမန်တွေဘက်ကလည်း အဲဒီလောက်နီးပါးကျဆုံးခဲ့ကာ ဒုတိယကမ္ဘာစစ်အတွင်းက အသေအပျောက်အများဆုံးတိုက်ပွဲဖြစ်ခဲ့ပါတယ်။


ဒီလို မြို့ကိုရန်သူလက်မပါစေဖို့ ကာကွယ်တားဆီးရာမှာ အသက်ပေးခဲ့ကြတဲ့ တပ်နီတော်စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီ Motherland Calls လို့ အမည်ရတဲ့ ရုပ်တုကြီးကို တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။ တည်ဆောက်ထားတဲ့ နေရာကတော့ တချိန်က စတာလင်ဂရက်မြို့ကိုနာမည်ပြောင်းထားတဲ့ Volgograd မြို့မှာဖြစ်ပါတယ်။ ဆိုဗီယက်ပန်းပုပညာရှင် Yevgeny Vuchetich နဲ့ အင်ဂျင်နီယာ Nikolai Nikitin တို့က ပူးပေါင်းတည်ဆောက်ခဲ့ပါတယ်။
အမြင့် ၈၅မီတာ(၂၇၉ပေ) ရှိတဲ့ ဒီရုပ်တုကြီးကို ကွန်ကရစ် တန်ချိန် ၅၅၀၀၊ သံထည် ပစ္စည်းတန်ချိန် ၂၄၀၀ လောက် နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ရုပ်တုအောက်ခံခုံဟာ ၆ပေခွဲမြင့်ပြီး ဖောင်ဒေးရှင်းကိုတော့ ၅၂ပေ အနက်အထိ တူးခဲ့ရပါတယ်။ ဓါးရဲ့အရှည်ကတော့ ၁၀၈ပေ ဖြစ်ပြီး ရုပ်တုကြီးရဲ့ စုစုပေါင်းအလေးချိန်က တန် ၈၀၀၀ကျော်ဖြစ်ပါတယ်။
ရုပ်တုဟာ တစ်ဖက်က ဓားလွတ်ကိုမြောက်ပြီး ကျန်လက်တစ်ဖက်ကိုဆန့်တန်းထားတဲ့ အမျိုးသမီးတစ်ယောက် မတ်တပ်ရပ်နေတဲ့သဏ္ဍာန်ဖြစ်ပါတယ်။ ပုံရဲ့အဓိပ္ပါယ်ကတော့ မိခင်ဟာ သူ့ရဲ့သားသမီးတွေကို အမိမြေကိုအသက်ပေးကာကွယ်ဖို့ ရန်သူတွေကိုတိုက်ခိုက်ဖို့ ခေါ်နေတဲ့ဟန်ဖြစ်ပါတယ်။
ရုပ်တုဟာ အခေါင်းပွရုပ်ဖြစ်ပြီး ကွန်ကရစ်နဲ့ သတ္တုဝါယာကြိုးတွေကို အချိုးကျကျပေါင်းစပ်ထားတာဖြစ်ပါတယ်။ ရုပ်တုရဲ့အထူဟာ ၁၀လက်မကနေ ၁၂လက်မခန့် ရှိပါတယ်။ ရုပ်တုအတွင်းဘက်မှာ အကန့်ငယ်လေးများကို တသီးတခြားတည်ဆောက်ထားပါသေးတယ်။ ၁၉၆၇ခုနှစ် မေလ မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၁၅ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။
ဒီလိုတည်ဆောက်နေချိန်အတွင်းမှာ ရုပ်တုရဲ့အဆက်တွေမှာလုံလောက်တဲ့အစိုင်အခဲဖြစ်စေဖို့ ကွန်ကရစ်တွေကို အဆက်မပြတ်လောင်းရင်း တည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီရုပ်တုဟာ အဲဒီအချိန်က ကမ္ဘာမှာအမြင့်ဆုံးရုပ်တုဖြစ်ခဲ့ပါတယ်။ ရုပ်တု နဲ့ ရုပ်တုဝန်းကျင် complex ကို ၁၉၇၂မှာ ထပ်မံမွန်းမံခဲ့ပါတယ်။
ရုပ်တုရဲ့ဓါးကိုတေ့ ၁၉၈၆ခုနှစ်မှာ အစားထိုးလဲလှယ်ခဲ့ပါတယ်။ ရုပ်တုကိုတည်ဆောက်ခဲ့တဲ့ ပန်းပုဆရာ Vuchetich ဟာ ရုပ်တုရဲ့အမူအရာကို သံပြားပစ်အားကစားနည်းကနေ ရယူခဲ့ပြီး ရုပ်တုမျက်နှာကိုတော့ သူ့ဇနီးဖြစ်သူရဲ့ မျက်နှာကို ပုံတူဖန်တီးထားတာဖြစ်ပါတယ်။

ဒီရုပ်တုကြီးရှိရာ Mamayev Kurgan နယ်မြေဟာ ရုရှားရဲ့အံ့ဖွယ် ၇ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရုပ်တုကြီးရှိရာနေရာကိုရောက်ရှိဖို့အတွက် လှေကားထစ်ပေါင်း ၂၀၀ ကိုတက်ရမှာဖြစ်ပါတယ်။ ဒါဟာ စတာလင်ဂရက်တိုက်ပွဲရဲ့ကြာချိန် ရက်ပေါင်း ၂၀၀ ကို ရည်ညွှန်းပါတယ်။
သူရဲကောင်းဗိမာန်တစ်ခုဖြစ်တဲ့ ဒီရုပ်တုရဲ့ဝန်းကျင်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်သူရဲကောင်းတွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Vasily Ivanovich Chuikov နဲ့ လက်ဖြောင့် သေနတ်သမား Vasily Zaytsev တို့ အပြင် အခြားသူရဲကောင်းတွေကို မြုပ်နှံထားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အမိမြေမှခေါ်သံရုပ်တုကြီးဟာ ရုရှားပြည်ရဲ့အထင်ကရ ရုပ်တုဖြစ်နေပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားအများဆုံးလာရောက်ကြတဲ့ နေရာတွေထဲကတစ်ခု ဖြစ်ပါတော့တယ်။
သုတဇုန်
Discussion about this post