ရေးသားသူ – သန်းဝင်းလှိုင်
ရဲဘော်သုံးကျိပ်ဟူသည် နယ်ချဲ့ဗြိတိသျှတို့၏ သူ့ကျွန်ဘဝအောက်တွင် ပြားပြားမှောက်ဝပ်စင်းနေသော မြန်မာတမျိုးသားလုံး လွတ်လပ်ရေးအတွက် အသက်သွေးဖြင့် ရင်း၍ ဆောင်ရွက်ခဲ့ကြသော မျိုးချစ်မြန်မာလူငယ်တစ်စုဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များ ဂျပန်တို့ထံတွင် စစ်ပညာသင်ကြားရေးနှင့် လက်နက်အင်အား ရယူနိုင်ရန် အဓိကနေရာမှ စီမံခဲ့သူမှာ ဂျပန်ဘုန်းတော်ကြီး နာဂါအိစံဖြစ်သည်။
နာဂါအိစံသည် ဂျပန်ဗုဒ္ဓဘာသာ ဒိုချိရင်းဂိုဏ်းဝင်ဖြစ်ပြီး အင်္ဂလိပ်လက်ထက်ကပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသူဖြစ်သည်။ ထိုစဉ်က ရွှေတိဂုံစေတီတော်ပေါ်တွင်ကြေးစည်ကလေးတီးတီးပြီး ဝတ်ပြုနေသူဖြစ်ကြောင်း ဆရာပါရဂူက ပြောပြဖူးသည်။ သူနှင့်အတော် ပင် ရင်းနှီးသည်ဟု ဆိုသည်။ အင်္ဂလိပ်လက်ထက်တွင် ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် ဓာတ်ပုံဆရာအဖြစ်ဖြင့် လည်းကောင်း၊ ကုန်သည်အဖြစ်ဖြင့်လည်းကောင်း၊ သတင်းထောက်အဖြစ်ဖြင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည်တစ်ဦး အဖြစ်ဖြင့် လည်းကောင်း၊ ဘုန်းကြီးအဖြစ်ဖြင့်လည်းကောင်း စပိုင်များစေလွှတ်ခဲ့သည်။ ယင်းစပိုင်များထဲတွင် နာဂါအိစံသည် ဘုန်းကြီးစပိုင်ဖြစ်သည်။
နာဂါအိစံကို ၁၉၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ကြာသပတေးနေ့တွင် ဂျပန်နိုင်ငံ ကျိုရိုခရိုင်အာယားဘဲ့မြို့၏ မြောက်ဘက် ၈ ကီလိုမီတာခန့် ဝေးကွာသော မိုနိုဘဲ့ရွာကလေးတွင် အဖ တောစုတားရော နှင့် အမိ ရှောတောတို တို့မှ ဖွားမြင်သည့် ဒုတိယမြောက် သားဖြစ်သည်။ နာဂါအိစံ၏ ဖခင်မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး အသက် ၄၀ အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။
နာဂါအိစံသည် ၁၉၃၁ ခုနှစ်၌ ကျိုတိုမြို့ မြောရှင်းဂျီကျောင်းထိုင်ဘုန်းကြီးသင်ကျောင်းတွင် သင်တန်းတက်ရောက် ခွင့် ရသော်လည်း တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းမှထွက်ခဲ့ရလေသည်။ ၁၉၃၂ ခုနှစ်တွင် နာဂါအိစံသည် ကျိုတိုမြို့တွင် ဝါအရင့်ဆုံးဖြစ်သော ဒိုင်းဟွန်းမြောကင်းဂျီဘုန်းတော်ကြီးကျောင်း ၏ ဂိုဏ်းအုပ် ကာဝအီနိရှင်းဂေးဆရာတော်၏ ထံပါးတွင် ချဉ်းကပ်၍ တရားဒေသနာများကို ထပ်လောင်းလေ့လာခဲ့ပြန်သည်။
နာဂါအိစံသည် ဆရာတော် ဖူဂျီအိစံ၏ အလယ်အလတ်ကျသော ကျင့်ကြံမှုကို အားကျသည့်အတွက် ဆရာတော်နှင့်အတူ ရှန်ဟိုင်း၊ စင်္ကာပူဒေသများသို့ လှည့်လည်ကာ ၁၉၃၃ ခုနှစ်၌ ပီနံ၊ သီဟိုဠ် (သီရိလင်္ကာ) စသည့် တိုင်းပြည်များအထိ ခြေဆန့်ခဲ့လေသည်။
၁၉၃၄ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ဆရာတော် ဖူဂျီအိစံထံမှ ‘ကောဂျီအင်နိကျိအောဂျောဂျင်”ဟူသော ဘွဲ့တံဆိပ် ကို ခံယူပြီးနောက် နာဂါအိစံသည် နိချိရင်းဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဆောင်လျက် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့လေသည်။
နာဂါအိစံသည် ရန်ကုန်မြို့ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တွင် ကျောင်သင်္ခမ်းတစ်ခု ဆောက်၍ သီတင်းသုံးသည်။ နာဂါအိစံ၏ ကျောင်းသင်္ခမ်းမှာ ရန်ကုန်တက္ကသိုလ်နှင့် မလှမ်းမကမ်းတွင် ရှိလေသည်။ ၁၉၄၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ရောက်သောအခါ နာဂါအိစံသည် ရုတ်တရက် မြန်မာနိုင်ငံကာကွယ်ရေး အက်ဥပဒေပုဒ်မ ၂၆ အရ အဖမ်းခံရပြီး အင်းစိန်ထောင်တွင်း၌ အကျဉ်းကျခံခဲ့ရလေသည်။
နာဂါအိစံလည်း ချက်ချင်းပင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်ထံသို့ မတရားဖမ်းဆီးချုပ်နှောင်မှုကို ကန့်ကွက်စာပေးပို့ခဲ့ပြီး ရက်ပေါင်း ၇၂ ရက်တိုင်တိုင် အစာအငတ်ခံဆန္ဒပြခဲ့သည်။ သို့သော်လည်း နာဂါအိစံ၏ နှာခေါင်းမှ တဆင့် ပိုက်ဖြင့် အစာသွတ်သွင်းခဲ့မှုကြောင့် အသက်မသေဘဲ ရှိခဲ့ရလေသည်။ သို့ဖြင့် နိုဝင်ဘာလ ၉ ရက်နေ့တွင် အင်္ဂလိပ်အစိုးရက နာဂါအိစံအား ပြည်နှင်ဒဏ်ခတ်ခဲ့သောကြောင့် နိကျိအဲဒမာရု သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကိုဘိဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ရသည်။
မကြာမီမှာပင် ဒီဇင်ဘာလ ၈ ရက်နေ့၌ ဂျပန်ဗဟိုစစ်ဦးစီးဌာနချုပ်က အာရှတောင်ပိုင်းစစ်မျက်နှာတပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးနေရာဥချိ (Field Marshall Hisaichi Terauchi) အား မြန်မာနိုင်ငံတောင်ပိုင်းရှိ ရန်သူစစ် လေယာဉ်ကွင်းများကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်မိန့်ပေးခဲ့သောကြောင့် မြန်မာနိုင်ငံအား စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လေ သည်။
ထိုအချိန်အတွင်း စစ်သင်တန်းအမျိုးမျိုးကို ခက်ခဲပင်ပန်းစွာသင်ယူပြီးနောက် မြန်မာနိုင်ငံ ရဲဘော်သုံးကျိပ်ဝင် များသည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် စောင့်ဆိုင်းကာ မိမိတို့၏ နိုင်ငံသို့ ဝင်ရောက်နိုင်ရေးအတွက် ဂျပန်အစိုးရမှ ချမှတ်လာမည့် အမိန့်ကို ရင်တမမနှင့် စောင့်မျှော်နေခဲ့ကြရပေသည်။ သို့သော်လည်း ထိုအမိန့် ကျမလာမီ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပစိဖိတ်သမုဒ္ဒရာစစ်ပွဲကြီး စတင်ပေါ်ပေါက်လာသောကြောင့် အခြေအနေမှာ တမျိုးတဖုံပြောင်းလဲရ တော့သည်။
မီနာမီကီကန်အဖွဲ့ကြီး၏ မူဝါဒများသည်လည်း အကြီးအကျယ်ပြောင်လဲလာခဲ့တော့သည်။ ထို့နောက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မီနာမီကီကန် အဖွဲ့ကို တောင်ပိုင်းတပ်မတော်လက်အောက်မှ ဂျပန်အမှတ် ၁၅ တပ်မတော်၏ လက်အောက်သို့ လွှဲပြောင်းယူခဲ့သည်။
ယင်းနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော မြန်မာမျိုးချစ်လူငယ် ၂၀၀ ကျော်နှင့် ရဲဘော် သုံးကျိပ်ဝင်များကို ဗဟိုပြု၍ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) ကို ဖွဲ့စည်းခဲ့ ပြီးနောက် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ မြန်မာနိုင်ငံတွင်းသို့ ရေကြောင်း၊ ကြည်းကြောင်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဘုန်းတော်ကြီးနာဂါအိစံသည် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပြန်သည်။
၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် အမှတ် ၅၅ ဂျပန်တပ်မသည် ယိုးဒယား မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ ကော့ကရိတ်မြို့ကို သိမ်းပိုက်ခဲ့သည်။ ယင်းနောက် ၁၉၄၂ မတ်လ ၈ ရက်နေ့တွင် အမှတ် ၂၁၅ ဂျပန်ခြေလျင်တပ်မကြီးနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်တို့ နံနက် ၁၀း၀၀ နာရီတွင် ရန်ကုန်မြို့သို့ ဝင်ရောက်သိမ်းခဲ့ကြသည်။ ရန်ကုန်မြို့ကို ဝင်ရောက်သိမ်းပိုက်ပြီးနောက် တစ်နေ့၌ပင် အမှတ် ၁၅ ဂျပန်တပ်မတော်၏ စစ်သေနာပတိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရှိုဂျီရိုအီးဒါး (Lieut-Gen. Shajiro Iida) သည် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။
နာဂါအိစံသည် ၁၉၄၁ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံမှ ဗြိတိသျှအစိုးရ၏ ပြည်နှင်ဒဏ်ခံခဲ့ရပြီးနောက် “မြန်မာ့ ငရဲခန်း မှတ်တမ်း” အမည်ပေးထားသော စာအုပ်တစ်အုပ်ကို ရေးသားခဲ့လေသည်။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ဝေခဲ့သောကြောင့် နာဂါအိစံ ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ ပြန်သွားသည့် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ အလယ်ပိုင်းအကြား တိုတောင်းလှသော ၂လတာကာလအချိန်အတွင်း ရေးသားခဲ့ခြင်းဖြစ်သည်။ ဤစာအုပ်မှာ နာမည်ပေး ထားသည့်အတိုင်း အင်းစိန်ထောင်တွင်း၌ ၇၂ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့သည့် ငရဲတမျှ အတွေ့အကြုံများကို အခြေခံ၍ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
ဤစာအုပ်ကို ဖတ်ကြည့်ခြင်းအားဖြင့် နာဂါအိစံသည် ရန်ကုန်မြို့မှ လားရှိုးမြို့အထိ မိုင်ပေါင်း ၆၇၀ ခန့်ကို ကုန်းကြောင်းလမ်းလျှောက်ရင်း မှတ်တမ်းတင်ခဲ့ရရှာပေသည်။ ဘုန်းတော်ကြီး နာဂါအိစံနှင့် ပတ်သက်၍ “အောတခုဆိုးအိကျိ” ရေးသားသော ‘စီးဆင်းနေသော မီးတောက်များ’ စာအုပ်ထဲတွင် –
“မြန်မာနိုင်ငံ၌ စစ်ကြီးမဖြစ်ပွားမီ နှစ်အတော်များများကပင် ဂျပန်နိုင်ငံ ဆန်းမြောဟောဂျီဘုရားကျောင်းမှ နာဂါအိစံ သည် ယပ်တောင်နှင့် စည်ကလေးတစ်လုံးကို တီးခတ်ကာ တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ထွက်သွားလာနေခဲ့ပေသည်။ တစ်ဖက်မှလည်း ကုန်သည်ယောင်၊ သတင်းထောက်ယောင်ဆောင်ထားကြသော ဂျပန်သူလျှိုများကို သတင်းစုဆောင်း၍ အကူအညီများစွာ ပေးခဲ့ပေသည်။ ယခုအခါ မြန်မာအမျိုးသားခေါင်းဆောင်ဖြစ်လာသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်ဝင်များအား ဂျပန်နိုင်ငံသို့ တိတ်တဆိတ်ပို့ဆောင်၍ စစ်ပညာသင်ကြားနိုင်ရန် စီမံပေးခဲ့သူမှာလည်း နာဂါအိစံပင် ဖြစ်ပေသည်” ဟူ၍ ရေးသားထားမှုကြောင့် သူသည် စပိုင်တစ်ဦးဖြစ်ကြောင်း အတိအကျ ပြောနိုင်ပေသည။်
ထို့အပြင် စစ်အတွင်း ဂျပန်ရုပ်သေးအစိုးရတွင် အဓိပတိတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာဘမော် ရေးသားခဲ့ သည့် ‘ရုန်းထွက်ခဲ့ရသော မြန်မာနိုင်ငံ’ (Breakthrough in Burma) စာအုပ်ထဲတွင် နာဂါအိစံနှင့်ပတ်သက်၍-
“နာဂါအိစံသည် ဘုန်းတော်ကြီးဟန်ဆောင်လျက် ဂျပန်ထောက်လှမ်းရေးအဖွဲ့ကြီးနှင့် အတွင်းကျကျ ဆက်သွယ် နေသည်။ ရန်ကုန်တွင် သူ့ကို ခပ်ကြောင်ကြောင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် နားလည်ထားကြသည်။ သို့သော်လည်း သူသည် လူသိများသည်။ ရန်ကုန်မြို့ရှိ ဘုရားပေါင်းစုံသို့ လှည့်လည်သွားလာနေပြီး သူ့ထံ ဝိုင်းအုံလာသော လူအများကို ရွတ်ဖတ်သရဇ္ဈာယ်ရင်း ထူးထူးဆန်းဆန်း ခေါင်းလောင်းကလေးတစ်ခုကို တီးပြတတ်သည်။
သို့တိုင် ထိုသူကား ဂျပန်ထောက်လှမ်းရေးတစ်ဦးဖြစ်ပြီး ဒေါက်တာသိမ်းမောင်နှင့် ရင်းနှီးသူလည်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ဇာတ်လမ်းတွင် နာဂါအိစံပါဝင်သည့်အခန်းမှာ သေးငယ်၍ လျှပ်တပြက်သာ ပါဝင်ခဲ့သော် လည်း နောက်ပိုင်း ဇာတ်အချိတ်အဆက်များအတွက် သူသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။ သူ့အနေနှင့် ရဟန်တပါးဖြစ်သည့်အလျောက် မြန်မာအိမ်များတွင် ဆွမ်းခံနိုင်သည့်အတွက် မည်သူမျှ သူ့ကို သံသယမရှိကြပေ။ ထိုနည်းဖြင့် ဒေါက်တာသိန်းမောင်နှင့် ကာနယ် စူဆူကီးတို့အကြားတွင် ဆက်သွယ်ပေးခဲ့သည်။” ဟူ၍ ရေးသားဖော်ပြထားလေသည်။
အင်္ဂလန်ပြည်ရှိ အိန္ဒိယပိုင်းဆိုင်ရာ စာကြည့်တိုက်မှတ်တမ်းထဲ၌လည်း မြန်မာနိုင်ငံရှိ ‘ဂျပန်လှုပ်ရှားမှုမှတ်တမ်း’ (၁၉၃၇-၁၉၄၀) ဟူသော အပိုင်းတွင် နာဂါအိစံသည် စပိုင်လုပ်ငန်းများကို တက်ကြွစွာ လှုပ်ရှားနေခဲ့သည်ဟု ဖော်ပြထားသည်။ ထို့နောက် ဘုန်းတော်ကြီးနာဂါအိစံသည် ၁၉၄၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် နေထိုင်၍ ဂျပန်စစ်တပ် မြန်မာနိုင်ငံမှ ဆုတ်ခွာသည့်နောက်ဆုံးစစ်ကြောင်းနှင့်အတူ မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်ကျော်ကာ ဂျပန်နိုင်ငံသို့ ဘန်ကောက်မြို့မှတဆင့် ပြန်လည်ထွက်သွားသည်။
သို့ကလို နောင်တွင် ရဲဘော်သုံးကျိပ်ဝင်များဖြစ်လာမည့် မြန်မာ့မျိုးချစ်လူငယ်များအား ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားရန် အဓိကနေရာမှ ပါဝင်စီမံပေးခဲ့သော နာဂါအိစံသည် အသက် ၆၇ နှစ် အရွယ် ၁၉၇၄ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကျိုတိုမြို့၌ ကွယ်လွန်အနိစ္စရောက်သွားခဲ့လေသည်။
ဆရာသန်းဝင်းလှိုင်ရဲ့ သမိုင်းတကွေ့မှ နိုင်ငံခြားသားများ ဆောင်းပါးမှ
Discussion about this post