ဂြိုဟ်တွေပေါ်မှာ သက်ရှိတွေနေထိုင်ဖို့ဆိုတာ ရေရှိခြင်းဟာလည်း မရှိမဖြစ်အရေးပါပါတယ်။ လေထု ရေထု ရှိမှ သက်ရှိတွေရှိနိုင်ဖို့ အခွင့်အလန်းပိုများနိုင်တယ်လို့ ယူဆထားကြလို့ဖြစ်ပါတယ်။ အခုလည်း နေအဖွဲ့အစည်းပြင်ပက ဂြိုဟ်တစ်လုံးမှာ ရေရှိနေတာကို သိပ္ပံပညာရှင်တွေက ပထမဆုံး အကြိမ်ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ပြင်ပဂြိုဟ်(exoplanet) တစ်လုံးဖြစ်တဲ့ ဒီဂြိုဟ်ရဲ့အမည်ကိုတော့ K2-18b လို့အမည်ပေးထားပါတယ်။ အခုရှာဖွေတွေ့ရှိမှုကိုတော့ UK သိပ္ပံပညာရှင်အဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပြီး ဟပ်ဘဲလ် မှန်ပြောင်းရဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရရှိထားတဲ့ အချက်အလက်များအပေါ်မှာ မူတည်ပြီး လေ့လာခဲ့ကြတာဖြစ်ပါတယ်။
တွေ့ရှိချက်အရတော့ နေအဖွဲ့အစည်းအပြင်က ဂြိုဟ်တစ်လုံးရဲ့ လေထုထဲမှာ ရေငွေ့ပါဝင်မှုကို ထင်ထင်ရှားရှားတွေ့ရှိရတယ် လို့ မနေ့က(12Sept) က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီရေငွေ့တွေဟာ တိမ်အဖြစ်ဖွဲ့စည်းကာ တခါတရံမိုးပါရွာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီဂြိုဟ်မှာ ရေရှိနေတဲ့အပြင် Hydrogen နဲ့ Helium တို့လို ဓာတ်ငွေ့တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ကမ္ဘာနဲ့ ခပ်ဆင်ဆင်တူတဲ့ အဲဒီဂြိုဟ်ဟာ အရွယ်အစားအားဖြင့် ကမ္ဘာ့ထက် ၂ဆပိုကြီးပြီး ဒြပ်ထုအားဖြင့်တော့ ၈ဆ ခန့်ပိုကြီးပါတယ်။ ဒီဂြိုဟ်ကို ၂၀၁၅ ခုနှစ်ကတည်းက နာဆာရဲ့ Kepler အာကာသကြည့်မှန်ပြောင်းနဲ့ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ K2-18b ဂြိုဟ်ဟာ ကမ္ဘာက နေကိုလှည့်ပတ်နေသလိုပဲ သူ့ရဲ့ ကြယ်နီ(red dwarf star) ကို လှည့်ပတ်နေပါတယ်။
K2-18b ဂြိုဟ်နဲ့ သူလှည့်ပတ်နေတဲ့ကြယ်ရဲ့ အကွာဝေးကလည်း သက်ရှိတွေရှင်သန်ပေါက်ဖွားနိုင်လောက်တဲ့ အကွာအဝေးမှာ ရှိနေပြီး ကမ္ဘာကနေထံမှ ရရှိတဲ့ စွမ်းအင်လောက်ကို လက်ခံရရှိနေတာကြောင့် ပိုမို စိတ်ဝင်စားစရာကောင်းနေတယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။ ဒီဂြိုဟ်ဟာ သူ့ရဲ့ ကြယ်နီ(red dwarf star) ကို ၃၃ရက်မှာ ၁ကြိမ်လှည့်ပတ်နေတာဖြစ်ပါတယ်။
အကွာအဝေးအားဖြင့်တော့ ကမ္ဘာကနေ အလင်းနှစ် ၁၁၁ နီးပါး(မိုင်ပေါင်း သန်းပေါင်း ၆၅၀သန်း) ရှိတာကြောင့် ထပ်မံထောက်လှမ်းဖို့ ကွာဝေးလွန်းတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမယ့် လာမယ့် ၁၀ စုနှစ်အတွင်းမှာ မျိုးဆက်သစ် အာကာသမှန်ပြောင်းတွေကို ထပ်မံတီထွင်ပြီး စူးစမ်းလေ့လာသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒီဂြိုဟ်မှာ သက်ရှိတွေရှိလား မရှိဘူးလားဆိုတာကို အတိအကျမသိပေးပေမယ့် နေအဖွဲ့အစည်း အပြင်ဘက်က သက်ရှိတွေနေထိုင်နိုင်တဲ့ ဂြိုဟ်ကိုရှာဖွေရာမှာ ဒီတွေ့ရှိမှုက အရေးပါတဲ့ခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
Discussion about this post