ရိုမေးနီးယားနိုင်ငံသည် ဥရောပတိုက်အရှေ့တောင်ပိုင်းတွင် ဒန်းညုမြစ်ဝှမ်းအောက်ပိုင်း ၌ တည်ရှိသော နိုင်ငံ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၉၂,၀၄၆ စတုရန်း မိုင်ရှိ၍ လူဦးရေမှာ ၁၉.၆ သန်း (၂၀၁၇) ရှိ၏။ ရိုမေးနီးယားနိုင်ငံ၏ နယ်နိမိတ်မှာ အနောက်ဘက်တွင် ဟန်ဂေရီနိုင်ငံ နှင့် ဆားဘီးယားနိုင်ငံ၊ အရှေ့မြောက်ဘက် နှင့် အရှေ့ဘက်တွင် ယူကရိန်းနိုင်ငံနှင့်မော်လ်ဒိုဗာနိုင်ငံ၊ တောင်ဘက်တွင် ဘူလ်ဂေးရီးယားနိုင်ငံတို့နှင့် ဆက်စပ်လျှက် ရှိသည်။ ထို့ပြင် အရှေ့တောင်ဘက်၌ ၁၅၂ မိုင်ခန့် ရှည်လျားသော ပင်လယ်နက် ကမ်းခြေဒေသလည်း ရှိ၏။ ရိုမေးနီးယား ဟူသောအမည်သည် Romanus ဟူသော လက်တင်စကားလုံးမှ ဆင်းသက်လာပြီး ရောမအင်ပါယာ၏နိုင်ငံသား ဟု အဓိပ္ပါယ်ရသည်။
ကာပေသီယန်တောင်တန်းသည် ရိုမေးနီးယားနိုင်ငံကို ပထဝီအနေအထားအရ ကာပေသိယန် အရှေ့ပိုင်းဒေသ၊ ကာပေသီယန် တောင်ပိုင်းဒေသနှင့် ကာပေသီယန် အနောက် ပိုင်းဒေသဟူ၍ သုံးပိုင်း ပိုင်းခြားလျက် ရှိ၏။ ထိုဒေသ သုံးပိုင်းအကြားတွင် ထရန်ဆီလဗေးနီးယန်းကုန်ပြင်မြင့် ရှိသည်။ ၈၃၄၇ ပေရှိသော မော်လဒိုဗီယာနူး တောင်ထိပ်သည် အမြင့်ဆုံးတောင်ထိပ် ဖြစ်၏။
ရိုမေးနီးယားနိုင်ငံရှိ မြစ်များသည် များသောအားဖြင့် ကာပေသီယန်တောင်တန်း၌ မြစ်ဖျားခံ၍ ဒန်းညု မြစ်ထဲသို့ စီးဝင်ကြသည်။ဒန်းညုမြစ်သည် နိုင်ငံ၏တောင်ဘက် နယ်နိမိတ် တစ်လျှောက် စီးဆင်းလာပြီးလျှင် မြောက်ဘက်သို့ ကွေ့တက်၍ ပရုမြစ်နှင့် ပေါင်းဆုံကာ ပင်လယ်နက်ထဲသို့ စီးဝင်သည်။ ဒန်းညုမြစ်သည် မြစ်ဝကျွန်းပေါ် ဒေသတွင် ချီလီယာမြစ်၊ စူလီနာမြစ်နှင့် စဖန့်တူးလဂီယော်ဂေ (စိန်ဂျော့)မြစ်ဟူ၍ မြစ် သုံးမြွာ ခွဲလျက် စီးဆင်းသည်။ အခြား ထင်ရှားသော မြစ်များမှာ ကရစ္စမြစ်၊ မူးရက်ရှမြစ်၊ အားဂျက် မြစ်၊ ယားလိုမစ္ဆမြစ်နှင့် ဆီးရက်မြစ် စသည်တို့ဖြစ်သည်။
ရာသီဥတုမှာ ဆောင်းရာသီ၌ အရှေ့မြောက်ဘက်မှ လေအေး တိုက်ခတ်သဖြင့် အပူချိန်သည် ရေခဲမှတ်အောက်သို့ ကျဆင်း၍ ဒန်းညုမြစ်တွင်း၌လည်း ရေခဲများဖြင့် ပိတ်ဆို့လျက် ရှိ၏။ ဆောင်းရာသီသည် ဒီဇင်ဘာလမှ မတ်လအထိ ကြာရှည် သည်။ နွေရာသီတွင် ပူသော်လည်း မိုးရွာလေ့ရှိသည်။ တောင် ကုန်းဒေသများ၌ မိုးများသည်။ ပင်လယ်နက်ကမ်းခြေ တစ်လျှောက်တွင် မိုးနည်းသည်။ ယေဘုယျအားဖြင့်ကား တစ်နိုင်ငံလုံးလိုလိုတွင် စိုက်ပျိုးဖြစ်ထွန်းလောက်အောင် မိုးအလုံအလောက် ရွာသွန်းသည်။
ရိုမေးနီးယားနိုင်ငံတွင် လူဦးရေ ၈၅ ရာခိုင်နှုန်းမှာ ရိုမေးနီးယားလူမျိုး ဖြစ်သည်။ ရိုမေးနီးယားလူမျိုးအပြင် ဟန်ဂေရီလူမျိုး၊ ဂျာမန်လူမျိုး၊ ယဟူဒီလူမျိုး၊ ယူကရိန်းလူမျိုး၊ ဆဗ်လူမျိုး၊ ရုရှလူမျိုး၊ တာတာလူမျိုး၊ တူရကီလူမျိုးနှင့် ဘူလ်ဂေးရီးယန်းလူမျိုးတို့လည်း ရှိ၏။ ရိုမေးနီးယား ဘာသာ စကားသည် ရိုမန့်ဇဘာသာ စကား (လက်တင်နွယ်ဝင် ဘာသာ စကား)တစ်မျိုး ဖြစ်သည်။ ခရစ်ယာန်ဘာသာအမျိုးမျိုးကို ကိုးကွယ်ကြသည်။ Eastern Orthodox ၈၁ % ဖြစ်ပြီး ၊ ရိုမန်ကတ်သလစ် ၊ ဂရိကတ်သလစ် ၊ ပရိုတက်စတင့် များလည်းရှိသည်။
ရိုမေးနီးယားနိုင်ငံသည် ဥရောပတိုက်တွင် ရေနံအထွက်များသောနိုင်ငံ ဖြစ်၏။ ရေနံတွင်းအားလုံးလိုလိုပင် နိုင်ငံ၏ တောင်ပိုင်း၌ ပလိုယက် စတီ၊ အိုလတီးနီယနှင့် အားဂျက်ဒေသများတွင်၎င်း၊ အရှေ့ ပိုင်း၌ ဗကုအူးဒေသတွင်၎င်း တည်ရှိ၏။ ရေနံချက်စက်ရုံ အများအပြားပင် ပလိုယက်စတီ မြို့တွင် ရှိသည်။ ရေနံလုပ်ငန်း အတွက် အချက်အခြာမြို့ဖြစ်၏။ အွန်နက်စတီ၊ ဗော်ဇက်စတီ နှင့် ဗရပ်ရှော့တို့ တွင်လည်း ရေနံချက်စက်ရုံသစ်များ ဆောက် လုပ်ပြီး ဖြစ်သည်။ ရေနံကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် အတွက် ပင်လယ်နက်ကမ်းခြေသို့ ပိုက်လုံးများဖြင့် ပို့ပေး လေသည်။ အခြားထင်ရှားသော တွင်းထွက်ပစ္စည်းများမှာ သဘာဝဓာတ်ငွေ့၊ ဆား၊ ကျောက်မီးသွေးညို၊ သံ၊ ခရိုမီယံ၊ မိုလစ်ဒီနမ်၊ ကြေးနီ၊ သွပ်၊ ဗောက်ဆိုက်၊ ရွှေ၊ ငွေ စသည်တို့ ဖြစ်သည်။ ၂၀၁၇ ကမ္ဘာ့ဘဏ်စာရင်းအရ ရိုမေးနီးယား နိုင်ငံသား တစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ ၂၅၈၄၁ ဒေါ်လာဖြစ်ပြီး ကမ္ဘာ့အဆင့် ၅၂ ဖြစ်သည်။
ဒန်းညုမြစ်သည် ရေကြောင်းသွားလာရေးအတွက် အဓိက လမ်းခရီး ဖြစ်သည်။ စီအိုင်အေ၏ စာရင်းဇယားအရ ရိုမေးနီးယားနိုင်ငံတွင် လမ်းမိုင်ပေါင်း ၁၉၈,၈၁၇ ကီလိုမီတာ ရှိပြီး ၎င်းတွင် ၆၀,၀၄၃ ကီလိုမီတာမှာ ခင်းထားသော လမ်းဖြစ်ပြီး ၁၃၈,၇၇၄ ကီလိုမီတာမှာ ခင်းမထားသော လမ်းဖြစ်သည်။ ရိုမေးနီးယားနိုင်ငံတွင် ဘူခါရက်မြို့သည် မီးရထားလမ်းနှင့် မော်တော်ကား လမ်းဆုံမြို့ ဖြစ်သည့်အပြင် လေကြောင်းခရီး ဗဟိုဌာနလည်း ဖြစ်၏။ အကြီးဆုံးလေဆိပ်မှာ မြို့တော်ဘူခါရက်ရှိ Henri Coanda လေဆိပ်ဖြစ်ပြီး နှစ်စဉ် ခရီးသွား ၁၃သန်းခန့်ကို ဝန်ဆောင်မှုပေးလျှက်ရှိသည်။
ပညာရေးကို အဓိကအားထားသည့်နိုင်ငံဖြစ်ကာ အခမဲ့ပညာရေးစနစ်ဖြစ်သည်။ ၁၉၈၉ ခုနှစ် ရိုမေးနီးယား တော်လှန်ရေးနောက်ပိုင်းတွင် ရိုမေးနီးယား၏ ပညာရေးစနစ်သည် သိသာစွာ ပြောင်းလဲမှု ဖြစ်လာခဲ့ပြီး ချီးမွမ်းခြင်းနှင့် ဝေဖန်ခြင်း နှစ်မျိုးစလုံးကို ခံခဲ့ရသည်။ ၁၉၉၅ ခုနှစ်တွင် ပြဌာန်းခဲ့သော ပညာရေး ဥပဒေအရ ပညာရေးစနစ်ကို ပညာရေး နှင့် သုတေသန ဝန်ကြီးဌာနမှ ထိန်းချုပ် ထားသည်။ အဆင့်တိုင်းတွင် ၎င်းတို့နှင့် သက်ဆိုင်သော အဖွဲ့အစည်း ရှိပြီး ဥပဒေ သီးသန့် ရှိသည်။ မူကြိုမှာ ကလေးငယ် အသက် ၃ နှစ်မှ ၇ နှစ် အထိ ဖြစ်ပြီး မတက်မနေရ မဟုတ်ပေ။ ကျောင်းနေသည့် အရွယ်မှာ ၇ နှစ်မစပြီး ၁၀ တန်းအထိ မတက်မနေရ တက်ရသည်။ မူလတန်းနှင့် အထက်တန်း ပညာရေးကို ၁၂ တန်း ပိုင်းခြား သတ်မှတ်ထားသည်။ အဆင့်မြင့် ပညာရေးမှာ ဥရောပ၏ အဆင့်မြင့် ပညာရေး နှင့် တန်းညှိထားသည်။
သမိုင်း
ရှေးအခါက ရိုမေးနီးယားသည် ဒေးရှားဟု အမည်တွင်ခဲ့၍ နှစ်ရာစုတွင် ရောမဧကရာဇ် ထရေဂျန်၏ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့၏။ သုံးရာစုနှစ်မှ အစပြု၍ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာနေတတ်သော လူမျိုးစု အမျိုးမျိုးသည် ဒေးရှားနယ်ကို ဖြတ်သန်းသွားလာခဲ့ကြ၏။ခရစ်တော် ပေါ်ပြီးနောက် ပထမအနှစ် ၁ဝဝဝ အတွင်း ဒေးရှန်းလူမျိုးနှင့် ရောမလူမျိုးတို့ သွေးနှောသွားကာ၊ ထိုနောက် ဆလဗ်လူမျိုး တို့ပါ ဒွေးရောယှက်တင် ဖြစ်သွားခဲ့ပြီးနောက်တွင် ရိုမေးနီးယား ဘာသာစကားနှင့် ရိုမေးနီးယား လူမျိုးဟူ၍ ပေါ်ပေါက်လာခဲ့ လေသည်။ ထိုနောက် ၁၄ ရာစုနှစ်တွင် ဝေါလေ့ကီးယားနှင့် မော်လဒေးဗီးယားဟူသော ပြည်နယ်နှစ်ခု ပေါ်ပေါက်ခဲ့လေ သည်။
ကိုးရာစုနှစ်လောက်မှ အစပြု၍ ထရန်ဆီလဗေးနီးယား ကုန်းပြင်မြင့်တွင် ၁၃ ရာစုနှစ်အတွင်း ဟန်ဂေရီလူမျိုးတို့သည် ထရန်ဆီလဗေးနီးယားအတွင်းဝင်ရောက်လာ၍ သီးခြားနယ်ကြီး အဖြစ် တည်ထောင်ခဲ့သည်။ ထိုပြည်နယ်များကို မင်းသား တစ်ပါးစီ သီးခြားအုပ်ချုပ်ခဲ့သည်။ သို့ရာတွင် ၁၄ ရာစုနှစ်မှ စ၍ ယင်းပြည်နယ်တို့သည် အော့တိုမန်အင်ပိုင်ယာ၏ နယ်ချဲ့ အန္တရာယ်ကို ကြိုးပမ်းကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အော့တိုမန်အင်ပိုင်ယာ၏ လက်အောက်ခံ ပြည် နယ်များ ဖြစ်သွားလေသည်။
ထိုနောက် ရိုမေးနီးယန်းလူမျိုးတို့ သည် အမျိုးသားလွတ်မြောက်ရေးအတွက် မကြာခဏလက်နက် စွဲကိုင် တော်လှန်ပုန်ကန်ခဲ့ကြ၏။ ၁၈၂၁ ခုနှစ်တွင် ဝေါလေ့ ကီးယားနယ်တွင် တျူဒေါ်ဗလာဒီမီရက် စကူး ဦးဆောင်၍ အမျိုးသား တော်လှန်မှုကြီးတစ်ရပ် ဖြစ်ပွားခဲ့၏။ ၁၈၄၈ ခုနှစ် တွင် ယင်းသည့် ရိုမေးနီးယားသုံးနယ်တွင် တော်လှန်မှုကြီးများ ဖြစ်ပွားခဲ့လေသည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲအဆက်ဆက် ဖြစ်ပွားခဲ့ပြီးနောက်၊ ၁၈၅၉ ခုနှစ်တွင် ဝေါလေ့ကီးယားနှင့် မော်လဒေးဗီးယားတို့သည် မင်းသားကြီး အယ်လက်ဇန်ဒရူယို အန်ကူဇာ၏ လက်အောက်တွင် ပူးပေါင်းမိလေသည်။ ၁၈၆၂ ခုနှစ်တွင် ထိုသို့ပူးပေါင်းပြီးသော နယ်ပယ်ကြီးကို ရိုမေးနီးယား ဟူ၍ ခေါ်ဝေါ်ခဲ့လေသည်။
၁၈၇၇ ခုနှစ်တွင် ဖြစ်ပွားသော ရုရှ-တူရကီစစ်ပွဲ၌ ရိုမေးနီးယားပြည်နယ်သည် ရုရှဘက်မှ ကူညီတိုက်ခိုက်ခဲ့ရာ ၁၈၇၇ ခုနှစ်တွင် တူရကီတို့၏ အာဏာစက်အတွင်းမှ လွတ် ကင်း၍ လုံးဝလွတ်လပ်သောနိုင်ငံအဖြစ် ကျေညာခဲ့သည်။ ပထမကမ္ဘာစစ် (ခရစ် ၁၉၁၄-၁၈) ဖြစ်ပွားလာသောအခါ ဦးစွာ၌ ကြားနေခဲ့သော်လည်း၊ ၁၉၁၆ ခုနှစ် ဩဂုတ်လတွင် ရိုမေးနီးယားနိုင်ငံသည် မဟာမိတ်တို့ဘက်မှ ပါဝင်၍ ဂျာမနီနှင့် ဟန်ဂေရီတို့ကို တိုက်ခိုက်ခဲ့လေသည်။၁၉၁၉ ခုနှစ်တွင် ချုပ်ဆို သော ဗာဆေးစာချုပ်အရ ရိုမေးနီးယားသည် ဟန်ဂေရီတို့ထံမှ ထရန်ဆီလဗေးနီးယားပြည်နယ်ကို ရရှိလိုက်၏။
၁၉၄၁ ခုနှစ်တွင် ရိုမေးနီးယားသည် ဂျာမနီဘက်မှ ကူညီ၍ ရုရှားကို တိုက်၏။ သို့ရာ တွင် ၁၉၄၄ ခုနှစ်၌ ဆိုဗီယက်တပ်မတော်က အောင်မြင်စွာ ထိုးစစ်များ ဆင်နွဲနေနိုင်သည့် အခြေတွင် ရိုမေးနီးယား ကွန်မြူ နစ်ပါတီ ဦးဆောင်သည့် မျိုးချစ်အင်အားစုများက လက်နက်ကိုင် တော်လှန်မှုတစ်ရပ်ကို ဖန်တီးကာ စစ်အာဏာ ရှင်အစိုးရကို ဖြုတ်ချလိုက်လေသည်။ ထိုနောက်တွင် ရိုမေးနီး ယား နိုင်ငံသည် မဟာမိတ်တို့ဘက်မှ ပါဝင်၍ စစ်ပြီးဆုံးသည် အထိ ဖက်ဆစ်ဂျာမနီကို ပြန်တိုက်ခဲ့လေသည်။၁၉၄၇ ခုနှစ်တွင် မဟာမိတ်နိုင်ငံများနှင့် ချုပ်ဆိုသော ငြိမ်းချမ်းရေးစာချုပ်အရ ဒုတိယကာရိုးဘုရင် လက်ထက်က ဟန်ဂေရီနိုင်ငံသို့ ပေးခဲ့ရသော ထရန်ဆီလဗေးနီးယား မြောက်ပိုင်းနယ်ကို၎င်း၊ ဘူဂေးရီးယားနိုင်ငံသို့ ပေးခဲ့ရသော ဒိုးဗရုဂျ နယ်ကို၎င်း ပြန်လည်ရရှိလေသည်။
၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် မိုက်ကယ် ဘုရင် နန်းစွန့်ခဲ့ရ၍ ရိုမေးနီးယားပြည်သူ့သမ္မတနိုင်ငံ ထူ ထောင်ခဲ့သည်။ ထိုနောက်တွင် ဆိုရှယ်လစ်စံနစ် ထူထောင်ရေး ကို ကြိုးပမ်းခဲ့ရာ ၁၉၆၂ ခုနှစ်တွင် ရိုမေးနီးယားနိုင်ငံ၌ ဆိုရှယ်လစ်စံနစ်သည် တောရောမြို့ပါ အသေအချာ အောင်ပွဲ ခံခဲ့ပြီး ဖြစ်သည်။ ရိုမေးနီးယားနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်လာ ခဲ့၏။ လက်ရှိအုပ်ချုပ်ရေးစနစ်မှာ Unitary semi-presidential republic စနစ်ဖြစ်ကာ သမ္မတက ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်အပ်ရသည့် စနစ်ဖြစ်သည်။ လက်ရှိသမ္မတမှာ Klaus Iohannis ဖြစ်ပြီး ဝန်ကြီးချုပ်မှာ Viorica Dăncilă ဖြစ်သည်။
၁၉၆၅ ခုနှစ်တွင် ရိုမေးနီးယားဆိုရှယ်လစ်သမ္မတနိုင်ငံ ဟု အမည်ပြောင်းခဲ့သည်။ ဘူခါရက်မြို့သည် ရိုမေးနီးယားနိုင်ငံ ၏ မြို့တော်ဖြစ်၍ လူဦးရေ ၁.၉သန်း ရှိသည်။ အခြားထင်ရှားသော မြို့ကြီးများမှာ ယတ်ဆီ၊ ကလူးဇ၊ တီမီရွှားရား၊ ဂလတ်ဆီ၊ ဗရပ်ရှော့၊ ပလိုယက်စတီ၊ ကွန်စတင်ဆာ စသည့်မြို့များ ဖြစ်သည်။
ရိုမေးနီးယားရဲ့ စိတ်ဝင်စားဖွယ် အချက်တချို့
၁။ ရိုမေးနီးယားနိုင်ငံ Caras-Severin ရှိ Bigar Cascade ကို ကမ္ဘာ့အလှဆုံး ရေတံခွန်အဖြစ် ကမ္ဘာ့Geography အဖွဲ့မှ သတ်မှတ်ခဲ့သည်။
၂။ ရိုမေးနီးယားရှိ Timisoara မြို့သည် ဥရောပတွင် လမ်း လျှပ်စစ်မီးရသည့် ပထမဆုံးမြို့ဖြစ်ပြီး ၁၈၈၉ခုနှစ်ကတည်းက ရရှိခဲ့ခြင်းဖြစ်သည်။
၃။ ဂျက်လေယာဉ်အင်ဂျင်ကို တီထွင်သူမှာ ဘူခါရက်မြို့သား Henri Coanda ဖြစ်ပြီး နိုင်ငံတကာလေဆိပ်ကြီး၏ အမည်အား သူ့ကိုဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်ခဲ့သည်။
၄။ ဥရောပ၏ ဒုတိယအကြီးဆုံး မြေအောက် ရေခဲမြစ် Scarisoara သည် ရိုမေးနီယား Bihor တောင်အောက်တွင်ရှိနေပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၃၅၀၀ ခန့်ကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်သည်။
၅။ ကမ္ဘာ့အမြင့်ဆုံး သစ်သားဘုရားကျောင်းမှာ ရိုမေးနီယားနိုင်ငံမှ Săpânța-Peri ဖြစ်ပြီး ၂၅၅ပေ မြင့်ကာ UNESCO ၏ ကမ္ဘာ့အမွေအနှစ် အဖြစ် ထိန်းသိမ်းခြင်းခံထားရသည်။
၆။ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၇၀၀၀ ခန့်မြင့်ပြီး အလျား ၅၆မိုင် ရှည်လျားသည့် Transfăgărășan လမ်းကို ကမ္ဘာ့ ကားမောင်းလို့အကောင်းဆုံးလမ်း The world’s best driving road အဖြစ် သတ်မှတ်ထားသည်။
၇။ Săpânța ရွာရှိ Merry သင်္ချိုင်းသည် အထူးအဆန်း သင်္ချိုင်းတစ်ခုအဖြစ်နာမည်ကြီးသည်။ ဒေသခံအနုပညာရှင် Stan Ioan Pătraș ၏ အနုပညာလက်ရာများဖြင့် ရောင်စုံခြယ်သထားသည်။
၈။ ကမ္ဘာပေါ်တွင် ဝက်ဝံညိုပေါင်း အကောင် ၂သိန်းခန့်ရှိသည့်အထဲတွင် ရိုမေးနီယားမှ ကာပေသီယန်တောင်တန်းပေါ်တွင်ပင် အကောင် ၆၀၀၀ ခန့် ရှိသည်။
၉။ ရိုမေးနီယားအနောက်ပိုင်းတွင် စက်ဝိုင်းပုံ အတိအကျတည်ဆောက်ထားသည့် ရွာတစ်ရွာရှိသည်။ Charlottenburg ဟု ခေါ်ပြီး ၁၈ရာစုကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
၁၀။ ဒန်းညုမြစ်ကမ်းပါးတစ်ဖက်ရှိ ကျောက်တုံးကြီးတစ်တုံးကို ကြီးမားသော လူခေါင်းရုပ်ကြီးတစ်ရုပ် အဖြစ် ထုလုပ်ထားသည်။ အရှည် ၁၈၀ပေ မြင့်သည့် ထိုလူခေါင်းရုပ်ကြီးကို ပန်းပုပညာရှင် ၁၂ယောက်က အချိန် ၁၀နှစ်ကြာယူ၍ ထုလုပ်ခဲ့ခြင်းဖြစ်သည်။ ရောမအင်ပါယာကို တော်လှန်တိုက်ခိုက်ခဲ့သည့် သူရဲကောင်း ဘုရင် Decebalus ၏ ရုပ်တုဖြစ်သည်။
VIDEO
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁
Amazing facts of Romania
Discussion about this post