ရေးသားသူ – Ko Kyaw Min Aung
၁၉၅၉ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၉ ခုမြောက်ပြည်နယ်ဖြစ်လာခဲ့တဲ့ အလက်စကားဒေသဟာ စတုရန်းမိုင်ပေါင်း ၆၆၀၀၀၀ကျော်ကျယ်ဝန်းပြီး လူဦးရေကတော့ ခုနှစ်သိန်းကျော်ပဲရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အကျယ်ဆုံးပြည်နယ်ဖြစ်ပြီး အခြားပြည်နယ် ၄၈ခုပေါင်းထားတဲ့ အကျယ်အဝန်းရဲ့ ငါးပုံနှစ်ပုံလောက်ရှိပါတယ်။ လူဦးရေသိပ်သည်းမူက တစ်စတုရန်းမိုင်မှာ ၁.၂၆ဦး သာ ရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာ လူနေအကျဲပါးဆုံးပြည်နယ်ဖြစ်ပါတယ်။ အကြီးဆုံးမြို့က အန်းကားရေ့ ဖြစ်ပြီး မြို့တော်က Juneau ဖြစ်ပါတယ်။
အလက်စကား ဆိုတဲ့နာမည် က ဌာနေတိုင်းရင်းသား Alutတို့ရဲ့ ဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး “ပင်လယ်ရဲ့ အာဏာသက်ရောက်မူများဦးတည်ရာဌာနေ” လို့ အဓိပ္ပါယ်ရပါတယ်။ အလက်စကားဒေသကို ၁၇၄၁ခုနှစ်မှာ ဒိန်းမတ်လူစွန့်စားဘားရင်းကရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်မှာရုရှား လူမျိုးဝေလငါးဖမ်းသမားတွေ၊ သားမွေးကုန်သည်တွေက ကမ်းလွန်ကကျွန်းတွေမှာ စအခြေချလာခဲ့ပါတယ်။
အလက်စကားဟာ ၁၈၆၇ ခုနှစ်အထိရုရှားအင်ပါယာရဲ့အစိတ်အပိုင်းတခု အဖြစ်သာရှိနေခဲ့ရာမှ အဲဒီခုနှစ်မှာ ရုရှားဇာဘုရင်ကဘာမှသုံးစားမရတဲ့ လွင်တီးခေါင် ဒေသတခုအဖြစ်ယူဆပြီး အမေရိကန်ကို ဒေါ်လာခုနှစ်သန်းစွန်းစွန်းလောက်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ တစ်ဧကကိုနှစ်ဆင့်လောက်ပဲကျပါတယ်။
ဒီဝယ်ယူမူကိုအဓိကစီစဉ်ဆောင်ရွက်ခဲ့သူက အမေရိကန်သမ္မတလင်ကွန်းအစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးဆီးဝပ် Seward ဖြစ်ပါတယ်။ အလက်စကားဒေသလို ဘာမှသုံးစားမရတဲ့ ရေခဲပြင်ကြီးကို ဝယ်ယူတာဟာ ရူးနှမ်းမူတစ်ခုအဖြစ် အားလုံးကရူတ်ချကြပါတယ်။အဲဒါကြောင့် အလက်စကားအရောင်းအဝယ် ကိစ္စကို Seward’s folly လို့လှောင်ပြောင်ခေါ်ကြပါတယ်။ အလက်စကားကိုလည်း ဆီးဝပ်ရဲ့ရေခဲပုံးကြီး လို့ အဲဒီခေတ်ကသတင်းစာတွေမှာ တင်စားရေးသားလေ့ရှိပါတယ်။
၁၉ရာစု အစောပိုင်းကာလတွေအထိ အလက်စကားရဲ့ လူဦးရေ သုံးသောင်းခွဲမှာ ပြင်ပကလာရောက်နေထိုင်သူငါးရာလောက်သာရှိပါတယ်။ အက်စကီမိုး၊ အလူး နဲ့ အင်ဒီးယန်းတွေက အလက်စကားရဲ့ မူလဘူတတိုင်းရင်းသားတွေဖြစ်ပါတယ်။ ၁၈၉၇ ခုနှစ်ရွှေငမ်းဖမ်းမူကြီးအတွင်းမှာ အလက်စကားကို ပြင်ပကရွှေ့ပြောင်းနေထိုင်သူတွေ အများအပြားရောက်လာပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ပြင်ပကရွှေ့ပြောင်းအခြေချသူဦးရေက ဌာနေတိုင်းရင်း သားဦးရေထက် ပိုသာလွန်သွားပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ အလက်စကားရဲ့ ခန့်မှန်းခြေလူဦးရေဟာ ၇သိန်း ၄သောင်းခန့် ရှိသွားပြီဖြစ်ပါတယ်။
အခုတော့အလက်စကားဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လွန်ပေါကြွယ်ဝပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းတွေ အကြီးအကျယ်ဖြစ်ထွန်းတဲ့ ပြည်နယ်တစ်ခုအဖြစ်အမေရိကန်ကို အကျိုးပြုနေပါပြီ။ ရေနံထုတ်လုပ်မူနှုန်း အမြင့်ဆုံးရောက်ခဲ့တဲ့ ၁၉၈၈ခုနှစ် ဝန်းကျင်ကာလတွေမှာ အလက်စကားကနေ တစ်နေ့ကို ရေနံစိမ်းစည်ပေါင်းနှစ်သန်းအထိ ထုတ်နိုင်ခဲ့ပါတယ်။
အခုအခါမှာတော့ တစ်နေ့ကို စည်ပေါင်းခြောက်သိန်းလောက် ထုတ်နေနိုင်ပါသေးတယ်။ ဘူမိဗေဒပညာရှင်တွေရဲ့ခန့်မှန်းချက်အရ အလက်စကားမြောက်ပိုင်း ဆင်ခြေလျောဒေသမှာမထုတ်ယူရသေးတဲ့ သဘာဝဓာတ်ငွေ့ကုပဗေ ၈၅ထရီလီယံလောက်ကိန်းအောင်းနေတယ် လို့ သိရပါတယ်။

မြောက်အမေရိကရဲ့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ Denali ဟာ အလက်စကားမှာရှိပြီးပေပေါင်း ၂၀၃၁၀မြင့်ပါတယ်။ အလက်စကားမှာသက်ဝင်လူပ်ရှားနေဆဲမီးတောင်ရှင်များစွာရှိပါတယ်။ ၁၉၁၂ခုနှစ်က Novarupta မီးတောင်ပေါက်ကွဲခဲ့ရာ နှစ်ဆယ်ရာစုမှာအပြင်းထန်ဆုံးဖြစ်ခဲ့ပါတယ်။
အလက်စကားပြည်နယ် ပရင့်ဝီလျံဆောင်းဒေသမှာ ၁၉၆၄ခုနှစ်မတ်လ၂၇ ရက်က ပြင်းအားရစ်တာ စကေး ၉.၂ ရှိတဲ့ငလျင်ကြီးလူပ်ခဲ့ရာ ကမ္ဘာမှာ ဒီနေ့အထိ မှတ်တမ်းတင်ထားသမျှ ဒုတိယမြောက်အပြင်းထန်ဆုံးငလျင်ကြီးဖြစ်ပါတယ်။ ၁၉၀၅ခုနှစ်က ဆန်ဖရန်စစ္စကိုမှာ လှုပ်ခဲ့တဲ့ငလျင်ထက် စွမ်းအားနှစ်ဆပိုပြင်းထန်ပါတယ်။ လူဦးရေကျဲပါးတဲ့ဒေသဖြစ်တဲ့ အတွက်သာ အသေအပျောက်နည်းပါးခဲ့တာဖြစ်ပါတယ်။

အလက်စကားတောင်ပိုင်းမှာရေခဲပြင်ကြီးတွေတဖြည်းုဖြည်းဆုတ်ယုတ်လာတာဟာ အဲဒီဒေသမှာငလျင်ကြီးတွေလူပ်ဖို့အကြောင်း အချက်တခု ဖြစ်လာတယ်လို့ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာရင်းရေခဲလွှာထုကြီးရဲ့အလေးချိန်က ပစိဖိတ်မြေလွှာချပ်ကို မြောက်အမေရိကမြေလွှာချပ်ထဲတိုးဝင်နေမှုကို နှေးကွေးအောင်ထိန်းထားပေးပါတယ်။
အလက်စကားဒေသဟာ သဘာဝတောတောင်ရေမြေ ပြည့်စုံကြွယ်ဝတဲ့နေရာတခုဖြစ်တာနဲ့အညီ မြစ်ချောင်းများ၊ အင်းအိုင်များ မြောက်မြားစွာရှိပါတယ်။ မြစ်ချောင်းပေါင်းသုံးထောင်ကျော်နဲ့ ဧကနှစ်ဆယ်ထက်ပိုကျယ်တဲ့ရေအိုင်ပေါင်း သုံးသန်းခွဲကျော်ရှိပါတယ်။ အလက်စကားပြည်နယ်ရဲ့ ဧရိယာစတုရန်း မိုင်ပေါင်း ၃၀၀၀၀လောက်ကို ရေခဲပြင်တွေကဖုံးအုပ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့အကြီးဆုံးဖြစ်တဲ့ Wrangell-St.Ellas အမျိုးသားဥယျာဉ်ကြီးဟာ အလက်စကားမှာရှိပြီးစတုရန်းမိုင်ပေါင်း ၂၀၀၀၀ကျော်ရှိတဲ့အတွက် ဆွစ်ဇာလန်နိုင်ငံထက် ကျယ်ဝန်းပါတယ်။

အဲဒီ အမျိုသားဥယျာဉ်နယ်မြေထဲမှာ အလက်စကားရဲ့အမြင့်ဆုံးတောင်ထွဋ်တွေ၊ရေခဲပြင်ကြီးတွေတည်ရှိပါတယ်။ Tongass အမျိုးသားဘေးမဲ့တောကတော့အရှေ့တောင်ပိုင်းမှာရှိပြီး ဧက၁၇သန်းကျော်ကျယ်ဝန်းပါတယ်။ အဲဒီသမပိုင်း မိုးသစ်တောဟာ မျိုးသုဉ်းတော့မယ့် သတ္တဝါနဲ့အပင်မျိုးစိတ် တို့ရဲ့ တည်မှီရာဖြစ်နေပါတယ်။ ဝက်ဝံညိုတွေ၊ ဝင်ရိုးစွန်းဝက်ဝံတွေ၊ အအေးပိုင်းဒေသနေ ဆတ်နဲ့သမင်တွေ နေထိုင်ကျက်စားကြပါတယ်။

ထူးဆန်းတဲ့ ဖားမျိုးစိတ်တခုလည်းအလက်စကားသစ်တောတွေထဲမှာတွေ့ရပါတယ်။ အဲဒီဖားတွေဟာ အလွန်အေးတဲ့ဆောင်းတွင်း မှာအသက်မရူ၊ နှလုံးမခုန် လူပ်ရှားမူမရှိတော့ပဲ လပေါင်းများစွာကြာသည်အထိ တကိုယ်လုံးအေးခဲငြိမ်သက်နေပြီး အပူချိန်မြင့်တက်လာတဲ့နွေအခါရောက်မှပြန်လည်လူပ်ရှားသက်ဝင်လာလေ့ရှိပါတယ်။

အလက်စကားရဲ့ ရှည်လျားတဲ့ဆောင်းရာသီညတွေမှာ မြောက်ဖက်ကောင်းကင်ယံမှာ ထူးဆန်းတဲ့အလင်းတန်းတွေကိုမြင်တွေ့ရလေ့ရှိပါတယ်။ ကမ္ဘာ့သံလိုက်စက်ကွင်းတွေကြောင့်ဖြစ်ပေါ် လာတဲ့သဘာဝရဲ့ ရင်သပ်ရူမောစရာလက်ဆောင်တခုပါ။ အကောင်းဆုံးမြင်နိုင်တဲ့နေရာကတော့ Fairbanks ဧရိယာမှာပါ။ Aurora (ဥတ္တရအလင်းတန်း)လို့ခေါ်တဲ့ အဲဒီအလင်းတန်းတွေကို အထူးသဖြင့် သန်းခေါင်လွန်အချိန်တွေမှာ တွေ့ရလေ့ရှိပြီး ကိုယ်တည်းတဲ့ ဟိုတယ်မှာ အလင်းတန်းတွေထွက်ပေါ်တဲ့အချိန်ကို Wakeup call ခေါ်ပေးဖို့ကို မှာထားနိုင်ပါတယ်။

အလက်စကားဟာအမေရိကရဲ့ အအေးဆုံးနဲ့ရာသီဥတုအစွန်းရောက်ဆုံးဒေသတခုလည်းဖြစ်ပါတယ်။ နွေရာသီမှာအမြင့်ဆုံးအနေနဲ့ ၉၀ဒီကရီဖာရင်ဟိုက်အထိရှိပြီးဆောင်းရာသီမှာ အနူတ်၅၀ဒီကရီဖာရင်ဟိုက်အထိကျဆင်းသွားတတ်ပါတယ်။ အလက်စကားရဲ့ မြောက်ဖက်အစွန်မှာရှိတဲ့ ဘားရိုးမြို့ဟာ ဆောင်းရာသီမှာနေကို ၆၇ ရက်တိုင်မမြင်တွေ့ရပဲ နွေရာသီရောက်ရင်တော့ ရက်ပေါင်း ၈၀ တိုင်အောင်နေမဝင်ပါဘူး။

နွေအခါမှာ ရှည်ကြာစွာနေရောင်ရရှိမူက အလက်စကားကထွက်ရှိတဲ့သီးနှံတွေကို ထူးထူးခြားခြားကြီးထွားစေပါတယ်။ နိုင်ငံတဝှမ်းမှာကျင်းပတဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံပြိုင်ပွဲတွေမှာ အလက်စကားက ထွက်ရှိတဲ့ဧရာမဂေါ်ဖီထုပ်ကြီးတွေ၊လူတကိုယ်စာလာက်ရှိတဲ့ဖရုံသီးကြီးတွေ၊ဥနီကြီးတွေကသာအမြဲလိုလိုဗိုလ်စွဲလေ့ရှိပါတယ်။
အလက်စကားမှာ လေကြောင်း သွားလာမူကိုသာအဓိကအားထားရတာကြောင့်လေယာဉ်မောင်းပညာ အတော်လေးခေတ်စားပြီးလူအတော်များများမှာ လေယာဉ်မောင်း လိုင်စင်တွေရှိကြပါတယ်။ အလက်စကားပြည်နယ်သား ၅၉ဦးမှာ လေယာဉ်တစ်စီးနူန်းပိုင်ဆိုင်ကြပါတယ်။
Written by Kyaw Min Aung
Discussion about this post