ရေးသားသူ – သန်းဝင်းလှိုင်
လွန်ခဲ့သောနှစ်(၆ဝ)ခန့်က ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂရက်ဂရီပက်(Gregory Peck)နှင့်တွဲကာ The Purple Plain ခေါ် ခရမ်းရောင်လွင်ပြင် ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ရိုက်ကူး၍ တစ်ကားတည်းနှင့် မြန်မာ့ယဉ် ကျေးမှုကို ထိန်းသိမ်းထားသော ဣန္ဒြေရှင် မင်းသမီးချောအဖြစ် နေ့ချင်းညချင်း ဆိုသလို ကမ္ဘာသိကျော်ကြားသွား သော မြန်မာ့ရုပ်ရှင်မင်းသမီးကလေးမှာ အခြားသူမဟုတ် ပဲခူးသူ ဝင်းမင်းသန်းပင်ဖြစ်သည်။
ထိုစဉ်က အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုထုတ် သတင်းစာအသီးသီးက ဗမာ့ အမျိုးသမီးကလေး ဝင်းမင်းသန်း၏ ကျက်သရေရှိလှသော မြန်မာဆန်ဆန်အလှနှင့် လေးစားအတုယူဖွယ် မြန်မာ့ယဉ်ကျေးမှု စောင့်ထိန်းထားသော ဣန္ဒြေရှင်လေးအဖြစ် အမျိုးမျိုး ချီးကျူး၍ ရေးသားခဲ့ကြသည်။
ဝါရှင်တန်ဒီစီမြို့မှ စောင်ရေသန်းနှင့်ချီထုတ်ဝေရသော Evening Star သတင်းစာကြီးတွင်လည်းဝါရင့် အနုပညာဝေဖန်ရေး စာရေးဆရာကြီး ဂျေးကားမိုဒီကာက ဤသို့ရေးသားခဲ့သည်-
“ကာလကြာမြင့်စွာ မြှပ်လျက်ရှိသော ငြိမ့်ငြောင်းလှသည့်တီးကွက်ကောင်းကလေးတစ်ခုကို ပြန်၍ နားသောတဆင်ရဘိသကဲ့သို့ ရုပ်ရှင်လောကတွင် ဗမာအမျိုးသမီးကလေး ဝင်းမင်းသန်းကို ကြည့်ရှုရသည်မှာ စိတ်ရွှင်လန်းလာအောင်အရသာရှိလှပါသည်။ သူ၏အလှမှာ ကျက်သရေရှိသော အိန္ဒြေ၊ထက်မြက်သော အသိဉာဏ်နှင့်မြန်မာဆန်မှုတို့ကြောင့် မြန်မာပြည်မှ အမေရိကန်ပြည်ထောင်စုသို့ မိတ်ဆက်ရန် စေလွှတ်လိုက်သည့် အထူသံတမန် တစ်ဦးအလားသဏ္ဍာန်တူနေပါတော့သည်။”
ဝင်းမင်းသန်းကို ၁၉၃၃ခုနှစ်တွင် ပဲခူးမြို့၌ ဖွားမြင်ခဲ့သည်။ မိခင်မှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ဖခင်မှာ သြစတြေးလျနိုင်ငံသားဖြစ်သည်။ ဝင်းမင်းသန်း၏ ငယ်နာမည်မှာ Helga Johnson ဖြစ်သည်။ အသက်(၈)နှစ်အရွယ်တွင် မြန်မာပြည်သို့ ဖက်ဆစ်ဂျပန်များ ဝင်ရောက်လာသောအခါ မိသားစုနှင့်အတူ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် မြန်မာပြည်သို့ ပြန်လည်ရောက် ရှိလာပြီး စိန်ဂျွန်းကွန်ဗင့်ကျောင်း၌ ဆက်လက်ပညာသင်ကြားခဲ့သည်။
ထို့နောက် အိန္ဒိယပြည် ဒါဂျီလင်ကျောင်း သို့ ဆက်လက်တက်ခဲ့သည်။ ၁၉၅၁ခုနှစ် အသက်(၁၈)နှစ်တွင် ဖခင်ဖြစ်သူက အင်္ဂလန်ပြည် လန်ဒန်မြို့သို့ စေလွှတ်၍ ရွန်ဘာဘယ်လေ အကသင်တန်းကျောင်းတွင် တစ်နှစ်ကျော်ခန့် အကပညာသင်ယူစေခဲ့သည်။သို့သော်အကဝါသနာမပါသောကြောင့်သင်တန်းဆင်းပြီးပြီးချင်းမြန်မာပြည်သို့ပြန်လာခဲ့လေသည်။ မည်သည့် အနုပညာအလုပ်ကိုမလုပ်ခဲ့ချေ။
ထို့နောက် နဖူးစာရွာလည်ဆိုသည့်အတိုင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီးအောင်သန်း(ဗိုလ်စြင်္ကာ)နှင့် တွေ့ဆုံကာ မေတ္တာနှောင်ကြိုးထုံးဖွဲ့ရာမှ ၁၉၅၄ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် အီတလီနိုင်ငံ ရောမမြို့ ကက်ပီတော် ဗဟိုတရားရုံး၌ နှစ်ဦးသဘောတူ လက်မှတ်ထိုး၍ လက်ထပ်ခဲ့သည်။ ဗိုလ်စြင်္ကာသည် လူပျိုလူလွတ် မဟုတ်ချေ။ သူ၏ ပထမအိမ်ထောင်မှာ သထုံဇာတိ ဦးကျော်ဒင်၊ ဒေါ်သန်းမေတို့၏ အမွှာသမီးကြီး ဒေါက်တာ ခင်လှလှဖြစ်သည်။ ဒေါက်တာခင်လှလှနှင့် သားသမီး၃ဦး(သူရိန်စြင်္ကာ၊ စန္ဒီစြင်္ကာ၊ တာရာစြင်္ကာ) ထွန်းကားပြီးနောက် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် လမ်းခွဲခဲ့ရသည်။
ဗိုလ်မှူးကြီးအောင်သန်း(ဗိုလ်စြင်္ကာ)နှင့် လက်ထပ်စဉ်က ဗိုလ်စြင်္ကာသည် အသက်၃၉နှစ်ရှိပြီး၊ ဝင်းမင်းသန်းသည် အသက် ၂၁နှစ်သာရှိသေးသည်။ ဝင်းမင်းသန်း ခရမ်းရောင်လွင်ပြင်ဇာတ်ကားရိုက်ကူးရန် အကြောင်းဖန်လာရသည်မှာ လင်တော်မောင်၏ ကြည်ဖြူခွင့်ပြုချက်အရ ရိုက်ကူးဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောပြသည်။ သူရုပ်ရှင် မင်းသမီး ဖြစ်လာရပုံမှာ ဆန်းကြယ် လှသလို၊ မကြံဘဲ စောကဲမင်းဖြစ်ဆိုသလို အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ရောဘတ်ပါရစ်ချ်(Tobert Parrish) ၏ သူငယ်ချင်းသည် သူဖခင်၏ မိတ်ဆွေရင်းခြာဖြစ်သည်။
ဝင်းမင်းသန်းအိမ်သို့ လာရောက်လည်ပတ်ရာမှ မြန်မာဆန်ဆန် ဝတ်စားဆင်ယဉ်တတ်သည့် ပင်ကိုယ် အလှပိုင်ရှင် ဝင်းမင်းသန်းကို မမျှော်လင့်ဘဲ တွေ့ဆုံရာမှာ သူဓါတ်ပုံကို တောင်းယူ၍ ဒါရိုက်တာ ရောဘတ်ပါရစ်ချ် ထံပေးပို့ခဲ့သည်။ ထိုစဉ်က ပါရစ်ချ်သည် မြန်မာပြည် ဇာတ်လမ်းနောက်ခံ The Purple Plain (ခရမ်းရောင်လွင်ပြင်) ရိုက်ကူးရန်အတွက် အာရှတိုက်မှ သရုပ်ဆောင် အမျိုးသမီးအသစ် အလိုရှိနေချိန်ဖြစ်သည်။
အဆိုပါဇာတ်ကားအတွက် ကုမ္ပဏီထံ အာရှတလွှားမှ သရုပ်ဆောင် လျှောက်ထားသူပေါင်း ၂၀၀ ကျော် ရရှိသော်လည်း တစ်ယောက်မျှ အကြိုက်မတွေ့စဉ် ဝင်းမင်းသန်း၏ မြန်မာဆန်ဆန် ကျော့ရှင်းလှပသော ဣန္ဒြေရှင်ပင်ကိုယ်အလှ ရုပ်သွင်ကို မြင်တွေ့ရာမှ သဘောကျနှစ်ခြိုက်ကာ ဝင်းမင်းသန်းအား ပါဝင်ရိုက်ကူးရန် အပူကပ်တော့သည်။ ဤသို့ ဝင်းမင်းသန်းသည် လျှောက်လွှာမတင်ပဲ ရုပ်ရှင် မင်းသမီးအဖြစ် ရွေးချယ်ခံခဲ့ရတော့သည်။
(ခရမ်းရောင် လွင်ပြင်ကို Rank Organization ကုမ္ပဏီကြီးက ရိုက်ကူးရန် မင်းသမီး ကြေညာစဉ်က ရတနာနတ်မယ်က လျှောက်လွှာ တင်ပြီးခါမှ ရိုက်ကွင်းက သီရိလင်္ကာမှာ ရိုက်မည် ဖြစ်ကြောင်း သိရှိရ၍ သဘာဝရေခံမြေခံ အမှန်ဖြစ်သည့် မြန်မာပြည်မှာ ရိုက်မည် မဟုတ်သောကြောင့် ဆက်မကြိုးစား တော့ဘဲ နေခဲ့သည်။ ဝင်းမင်းသန်းက လျှောက်လွှာ မတင်ဘဲနှင့် သည်ဇာတ်ကား အတွက် ခေါင်းဆောင်မင်းသမီး ဖြစ်လာသူ ဖြစ်သည်။)
ဝင်းမင်းသန်းသည် အဆိုပါဇာတ်ကားကို(၆)လကြာမျှ ရိုက်ကူးပေးခဲ့ရာ သီဟိုဠ်(သီရီလင်္ကာနိုင်ငံ)၌ ၃လ၊ လန်ဒန်မြို့၌ ၃ လမျှ ကြာမြင့်ခဲ့သည်။ ကားရိုက်စဉ် တစ်လျှောက်လုံး ခင်ပွန်းဖြစ်သူက ဇနီးချော၏ တောင်းပန်ချက်အရ ရေပူရေချမ်းကမ်းလှမ်းရန် မင်းသမီး၏နောက်တော်ပါးကဆံထုံးနောက်ယောင်ပါကာ တစ်ဖဝါးမှ မခွာဘဲ အရိပ်တကြည့် ကြည့် လိုက်ပါစောင့်ရှောက်ပေးခဲ့ရသည်။
ဇာတ်ကားပြီးနောက် မြန်မာနိုင်ငံပြန်ခဲ့ရာ ဝင်းမင်းသန်းသည် ၆လမျှသာအနားရခဲ့သည်။ ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် ဝင်းမင်းသန်းကိုယ်တိုင် လန်ဒန်မြို့နှင့် အမေရိကန်ပြည်ထောင်စုသို့ လာရောက် ကူညီရန် ဂျေအာသာရင့် ရုပ်ရှင်ကုမ္ပဏီက တောင်းပန်သောကြောင့် ကူညီပေးခဲ့သည်။
ထိုစဉ်က ခင်ပွန်းဖြစ်သူ ဗိုလ်စြင်္ကာမှာ တရုတ်ပြည်နှင့် ဂျပန်ပြည်သို့ သွားရောက်ရန် အကြောင်းဖန်လာ သောကြောင့် ဇနီးချောဖြစ်သူနှင့် မလိုက်သွားဖြစ်ခဲ့ချေ။ သို့သော် ရုပ်ရှင်ကုမ္ပဏီက ဝင်းမင်းသန်း၏ တောင်းဆို ချက်အရ မစ္စစ်ဖရန်စီးစ် ကော့ပလန်ဆိုသူ အမျိုးသမီးကြီးကို ဝင်းမင်းသန်း၏ အတွင်းရေးမှူးအဖြစ် လိုက်ပါခွင့်ပေး ခဲ့ရသည်။ လန်ဒန်မြို့နှင့် အမေရိကန်တခွင် ဝင်းမင်းသန်း လှည့်လည်ရာတွင် ထိုအမျိုးသမီးမှာ သူ့အနား၌အမြဲ တစေ စောင့်ရှောက်လိုက်ပါခဲ့သည်။
အမေရိကန်တွင် လုပ်ငန်းတာဝန်ပြီးဆုံးပြီးနောက် ဝင်းမင်းသန်းသည် ဂျပန်ပြည်သို့ ရောက်ရှိနေသော လင်တော်မောင်ထံ အမြန်ဆုံးသွားရောက်တွေ့ဆုံခဲ့သည်။ အကြင်လင်မယားအဖြစ် အခါလည်ကျော်ကျော်ရှိသောအခါ ၁၉၅၆ခုနှစ်၌ သားဦးလေး “အာကာစြင်္ကာ” ထွန်းကားခဲ့သည်။ ဝင်းမင်းသန်းသည် မိမိရင်သွေး အာကာစြင်္ကာကိုသာမက လင်တော်မောင်၏ ပထမအိမ် ထောင် မှ ဖွားမြင်သည့် သားသမီး၃ဦးကိုလည်း မိမိ၏ရင်နှစ်သီးချာပမာ ပြုစုယုယပိုက်ထွေးခဲ့သည်။
ဝင်းမင်းသန်းပါဝင်ရိုက်ကူးပေးခဲ့သော ခရမ်းရောင် လွင်ပြင်သည် အောင်မြင်မှုရရှိကာ ပရိတ်သတ် အထူး နှစ်ခြိုက်မှုရရှိခဲ့သည်။ ဝင်းမင်းသန်းသည် မူရင်းဝတ္ထု၌ ခရမ်းရောင်လွင်ပြင်တွင် ဇာတ်လိုက်မင်းသမီးလုပ်သူသည်အဝတ်များ မလုံ့တလုံဝတ်ဆင်၍ ရေချိုးသည့်အခန်းများ အတော်များများပါရှိခဲ့သည်။ သို့ရာတွင် ဝင်းမင်းသန်း၏ ဣန္ဒြေ စောင့်စီးမှုနှင့် ခေါင်းမာမှုတို့ကြောင့် ဟောလီးဝုဒ် ဒါရိုက်တာကြီးသည် သူအလွန်မက်မောလှသော ရေချိုးသည့် အခန်းများကို ရိုက်ကူးခွင့်မရဘဲ ချန်လှပ်ပေးခဲ့ရသည်။
ရိုက်ကွင်းခေတ္တနားနေစဉ် အိန္ဒိယဘုံဘေဂရိုနီကယ်သတင်းစာကြီး၏ သတင်းထောက်တစ်ဦးက ခရမ်းရောင်လွင်ပြင်ပြီးနောက် ဟောလီးဝုဒ်တွင် ဆက်၍ ဇာတ်ကားများ ရိုက်ကူးပါဦးမည်လားဟုမေးမြန်းခဲ့ရာ ဝင်းမင်းသန်းက “ကျမ ရုပ်ရှင်မင်းသမီးဆက်ပြီးမလုပ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရုပ်ရှင်ပညာ သည်တို့ရဲ့ဘဝဟာ သဘာဝတယ်ပြီးတော့ မကျတဲ့အပြင် ဟန်ဆောင်မှုတွေများလွန်းလို့ပါပဲ။ နောက်ပြီး ဟောလီးဝုဒ်က ဣတ္ထိယအသွင်အပြင်ဆိုတဲ့ စွဲမက်ဖွယ်ရာ မက်လုံးပေးမှုတွေကို (Glamour) ရောင်းကုန်အနေမျိုး နဲ့ ဗန်းပြစေချင်လွန်းတော့ ကျမတို့လို ဗမာအမျိုးသမီးများနဲ့ နည်းနည်းမှ မကိုက်ညီပါဘူး။ ကျမအဖို့ဆိုရင် အမေရိကန် ကချေသည်တို့ရဲ့ ဓလေ့ဖြစ်တဲ့ ခြေဖေါ်၊ ပေါင်ဖေါ် အလုပ်မျိုးတွေကို အရှက်မရှိတဲ့ လုပ်ရပ်ဟု ယူဆ တာကြောင့် ခက်ခဲလှပါတယ်ပြီးတော့ဗမာအမျိုးသမီးတွေရဲ့ယဉ်ကျေးသိမ်မွေ့ဣန္ဒြေသိက္ခာရှိမှုတွေကိုလည်း စောင့်ထိန်းစေချင်တာကြောင့်မရိုက်ချင်တာလည်းပါပါတယ်” ဟူ၍ ဖြေကြားခဲ့သည်။
ဝင်းမင်းသန်း၏ ခင်ပွန်းဖြစ်သူ ဗိုလ်စြင်္ကာသည်ထိုစဉ်က ဗမာ့လေကြောင်းပို့ဆောင်ရေး လေကြောင်းကုမ္ပဏီနှင့် သီရိစြင်္ကာ ကုမ္ပဏီများတည်ထောင်၍ စီးပွားရေး အောင်မြင်မှုရရှိနေသောကြောင့်ဝင်းမင်းသန်း၏ ဘဝသည် မကြောင့်မကြ ပျော်ရွှင်ချမ်းမြေ့၍ သစ္စာမပျက် မေတ္တာဖက်၍ ရွှေလက်မြဲမြဲဖြင့် အိမ်ထောင်သည်ဘဝခရီးကို အတူတူလျှောက်လှမ်းနိုင်ခဲ့သော်လည်း မကြာမှီမှာပင် မမျှော်လင့်သော ကြမ္မာဆိုး ဗွေဖောက်မှုကြောင့်အပူနှောက်ခဲ့ရပါသည်။ ခင်ပွန်းဖြစ်သူ၏ စီးပွားရေးလုပ်ငန်းများအားလုံး တော်လှန်ရေးကောင်စီအစိုးရတက်လာပြီးနောက် ၁၉၆၄မတ်လ၂၈ရက်နေ့ တွင် ပြည်သူပိုင်အသိမ်းခံလိုက်ရသည်။
ခင်ပွန်းဖြစ်သူဗိုလ်စြင်္ကာသည်လည်းမြန်မာနိုင်ငံတွင် နေထိုင်မဖြစ်နိုင်သည့် အခြေအနေကြောင့် ၁၉၆၅ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လျှို့ဝှက်စွာ ထွက်ပြေးခဲ့ရသည်။ ၁၉၆၆ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၌ အမျိုးသားလွတ် မြောက်ရေးကောင်းစီ၌ ပါဝင်လှုပ်ရှား၍ ၁၉၆၉ သြဂုတ်လ ၆ရက်နေ့တွင် ဦးနုအဖွဲ့ထိုင်းနိုင်ငံသို့ ရောက်ရှိ လာသောအခါ ယင်းအဖွဲ့နှင့် ပူးပေါင်းခဲ့သည်။
ထို့နောက်အစိုးရပုန်ကန်သူဘဝဖြင့် ၁၉၆၉ စက်တင်ဘာလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ ဝင်းမင်းသန်းသည် သားဖြစ်သူ အာကာစြင်္ကာနှင့်အတူ သြစတြေးလျ နိုင်ငံသို့ ပြောင်းရွှေ့၍ သြစတြေးလျ နိုင်ငံ သူအဖြစ် ခံယူကာ အမြဲတမ်းနေထိုင်လျက်ရှိသည်။ မည်သို့ဆိုစေ ကမ္ဘာ့ရုပ်ရှင်လောက၌ ဇာတ်ကားတကားဖြင့် ကမ္ဘာသိကျော်ကြားကား မြန်မာ့ဂုဏ်ကို မြှင့် တင်ခဲ့သော ရုပ်ရှင်မင်းသမီးအဖြစ် ယနေ့တိုင် ကမ္ဗည်းတင်လျက်ရှိသည်ကိုမူ မည်သူမျှ မငြင်းနိုင်ပေ။
ခရမ်းရောင်လွင်ပြင်ဇာတ်ကားမှ မင်းသမီး ဝင်းမင်းသန်းရဲ့ သရုပ်ဆောင်ချက်အချို့(VIDEO)
သန်းဝင်းလှိုင်(မိုးမခဂျာနယ်)
Discussion about this post