သူ့နာမည်က Aitzaz Hasan ဖြစ်ပြီး ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း Hangu ဒေသမှာ နေထိုင်ခဲ့သူဖြစ်ပြီး အဲဒီကအထက်တန်းကျောင်းရဲ့ ၉တန်း မှာတက်ရောက်နေခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အများအတွက် အသက်စွန့်သွားတဲ့ လုပ်ရပ်ကြောင့် နိုင်ငံသူရဲကောင်းတစ်ဦးအဖြစ် မှတ်တမ်းတင်ခြင်းခံရ့ါတယ်။
ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာက ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ပါ။ အဲဒီနေ့က သူဟာကျောင်းနောက်ကျသွားတဲ့ အတွက် မနက်ပိုင်းတက်ခွင့်မရတာကြောင့် ကျောင်းတံခါးဝမှာ အခြားအတန်းဖော် ၂ယောက်နဲ့ အတူရှိနေခဲ့ပါတယ်။
ဒီအချိန်မှာပဲ အသက် ၂၅နှစ် အရွယ်လူတစ်ယောက်ဟာ ကျောင်းတံခါးဝနားကို ကပ်ပြီး ဝင်မလို့လုပ်နေတာကို သူတို့တွေ့လိုက်ကြတယ်။ သူတို့ထဲက တစ်ယောက်က အဲဒီသူရဲ့ရင်ဘတ်က ဗုံးစနက်တံကို အမှတ်မထင် မြင်သွားခဲ့ပြီး သူငယ်ချင်းတွေကို သတိပေးခဲ့တယ်။ သူတို့ဆီမှာ ဒီလိုဖြစ်ရပ်တွေက မစိမ်းတဲ့အတွက် အကြမ်းဖက် အသေခံဗုံးခွဲသမားဆိုတာ အားလုံးသိသွားကြတယ်။
အခြားကျောင်းသားတွေဟာ ကျောင်းထဲကို ပြေးဝင်ရင်း Aitzaz Hasan ကိုလည်း ဗုံးသမားရှိရာကို မသွားဖို့ ပြေးဖို့ သတိပေးခဲ့ကြတယ်။ ဒါပေမယ့် Hasan က မပြေးပဲ အကြမ်းဖက်မယ့်လုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ဆိုကာ အသေခံဗုံးခွဲသမားနောက်ကို လိုက်သွားတယ်။
ပထမဆုံး ကျောက်ခဲနဲ့ပစ်တယ်။ ပြီးတော့ ဗုံးသမားရှိရာကို တဟုန်ထိုးပြေးသွားပြီး ဗုံးသမားကို ဆွဲလှဲလိုက်တယ်။ ဗုံးခွဲသူက မူလက ကျောင်းသားအများစုရှိရာနေရာမှာ ခွဲမယ့်ဗုံးကို အဲဒီနေရာမှာတင် ခွဲပစ်လိုက်တဲ့အတွက် ဗုံးခွဲသမားရော Hasan ပါ သေဆုံးသွားခဲ့တယ်။
အဲဒီအချိန်က ကျောင်းထဲမှာ ကျောင်းသား၊သူ စုစုပေါင်း ၂ထောင်ခန့်ရှိနေပါတယ်။ တကယ်လို့ Hasan သာ အသေခံဗုံးခွဲသူကို မတားဆီးခဲ့လျင် ကျောင်းသားရာနဲ့ချီ သေဆုံးရနိုင်ပါတယ်။ အသက် ၁၅နှစ်သာ ရှိသေးတဲ့ ဒီကျောင်းသားလေးဟာ အခြားရာပေါင်းများစွာသော ကျောင်းသားတွေရဲ့အသက်ကို သူ့အသက်နဲ့ လဲကာ ကယ်တင်သွားခဲ့ပါတယ်။
Hasan ရဲ့ဖခင်ဖြစ်သူက
“ကျွန်တော့်သားဟာ သူ့အမေကို ငိုစေခဲ့တယ်။ ဒါပေမယ့် အခြားရာပေါင်းများစွာသော မိခင်တွေ သူတို့သားသမီးအတွက် မငိုစေဖို့တော့ အသက်ပေး ကယ်တင်သွားခဲ့တယ်” လို့ ဆိုခဲ့ပါတယ်။ Hasan ရဲ့ ဈာပနပွဲကို ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နိုင်ငံ့သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးခဲ့ပါတယ်။
Discussion about this post