ဒီသင်္ချိုင်းကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့တောင်ပိုင်းက ဝါကာယမစီရင်စုထဲမှာ တည်ရှိတဲ့ အိုကူနိုအင် (Okunoin) သင်္ချိုင်းဖြစ်ပါတယ်။ Koya မြို့အနီး တောင်ပေါ်က တောအုပ်ထဲမှာ ရှိနေပြီး ဒီနေရာမှာ ဘုရားကျောင်းတွေအဖြစ် စတင်တည်ထောင်ခဲ့သူကတော့ ရှင်ဂွန်ဗုဒ္ဓဘာသာ တည်ထောင်သူ ဘုန်းတော်ကြီး ကိုဗိုဒါရှီ ဖြစ်ပါတယ်။
ဘုန်းတော်ကြီး ကိုဗိုဒါရှီဟာ Koyasan နယ်မြေကို ရှင်ဂွန်းဗုဒ္ဓဘာသာ စတင်ခဲ့ရာနေရာအဖြစ် အေဒီ ၈၁၆ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ရှေးဟောင်း ဘုရားကျောင်းဆောင်ပေါင်း ၁၂၀ ခန့်ရှိနေပါတယ်။ အေဒီ ၈၃၅ မှာ ပျံလွန်တော်မှုခဲ့တဲ့ ဘုန်းတော်ကြီး ကိုဗိုဒါရှီက စလို့ အစဉ်အဆက် ဘုန်းတော်ကြီးတွေ မြုပ်နှံခဲ့ရာ အိုကူနိုအင် သင်္ချိုင်းဟာ ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံး နဲ့ အကြီးဆုံး သင်္ချိုင်းလည်း ဖြစ်ပါတယ်။
ဒီသင်္ချိုင်းမှာ ရဟန်းတော်ပေါင်း ၂ သိန်းကျော်ကို မြုပ်နှံထားပြီး ဘယ်လောက်ကြီးသလဲဆိုရင် သင်္ချိုင်းလျှောက်လမ်းရဲ့ အရှည်တင် ၂ကီလိုမီတာ ကျော်ကျော်ရှိနေပါတယ်။ တိတ်ဆိတ်လှတဲ့ ဒီနေရာဟာ သက်တမ်းရာချီနေပြီဖြစ်တဲ့ သစ်ကတိုးပင်တွေကြားထဲမှာ ရှိနေတာကြောင့် ငြိမ်းချမ်းဖွယ်ရှိပေမယ့် မျက်စိတဆုံး ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ သင်္ချိုင်း ကဗ္ပည်းကျောက်တိုင်တွေ ၊ ရုပ်တုတွေကြောင့် အနည်းငယ် ထိတ်လန့်စရာ တော့ကောင်းပါတယ်။
လျှောက်လမ်းရဲ့ အဆုံးမှာတော့ ဘုန်းတော်ကြီး ကိုဗိုဒါရှီ ရဲ့ ဂူဗိမာန်ရှိနေပါတယ်။ ရှင်ဂွန်ဘာသာရဲ့ အယူအဆအရ ဘုန်းတော်ကြီး ကိုဗိုဒါရှီ နဲ့ အတူ ဘုန်းတော်ကြီးပေါင်းများစွာဟာ သေဆုံးသွားခြင်းမဟုတ်ပဲ နောင်ပွင့်မယ့် အရိမေတ္တယျဘုရားကို တရားအားထုတ်ရင်း စောင့်မျှော်နေတယ်လို့ ယုံကြည်ကြပါတယ်။
ဘုန်းတော်ကြီး ကိုဗိုဒါရှီ ရဲ့ ဂူဗိမာန်ရှေ့မှာတော့ Torodo ဆိုတဲ့ ခန်းမတစ်ခု ရှိနေပါတယ်။ ဒီခန်းမထဲမှာတော့ အလှူရှင်တွေလှူဒါန်းထားတဲ့ မီးအိမ်ပေါင်း ၁သောင်းကျော် ရှိနေပါတယ်။ မီးအိမ်တွေကို နေ့ညမပြတ်ထွန်းထားတာဖြစ်ပြီး ဒီအထဲက မီးအိမ် ၂ ခု ဆိုရင် ဆက်တိုက်ထွန်းညှိခဲ့တာ အေဒီ ၁၁ရာစုကတည်းကလို့ အစဉ်အဆက်ပြောဆိုလေ့ ရှိကြပါတယ်။
ဒီသင်္ချိုင်းကို သွားရောက်လည်ပတ်မယ်ဆိုရင် သင်္ချိုင်းရဲ့အဝမှာရှိတဲ့ Ichinohashi တံတားကို မဖြတ်ခင် အရိုအသေပေးတဲ့ အနေနဲ့ ဦးညွှတ်ရမှာဖြစ်ပါတယ်။ အဲဒီနောက်တော့ အရှည် ၂ကီလိုမီတာ ရှည်တဲ့ လျှောက်လမ်းကနေ သင်္ချိုင်းကို ဖြတ်ရမှာဖြစ်ပြီး များပြားလွန်းတဲ့ သင်္ချိုင်းဂူတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ လူစည်ကားတဲ့နေရာဖြစ်ပေမယ့် ဆူညံမှုကို တားမြစ်ထားတာကြောင့် ကျေးငှက်မြည်သံတွေကိုပဲ ကြားရမှာပါ။
လျှောက်လမ်းရဲ့အဆုံးမှာတော့ ဘုန်းတော်ကြီး ကိုဗိုဒါရှီ ရဲ့ ဂူဗိမာန် ကို မဝင်ခင် Gobyobashi ဆိုတဲ့ တံတားနောက်ထပ် တစ်စင်းရှိနေပါသေးတယ်။ ဒီတံတားကို မဖြတ်မီမှာ အဲဒီမှာရှိတဲ့ ဗုဒ္ဓဆင်းတုတွေကို ရေသပ္ပါယ်ရပါတယ်။ ဒါမှသာ ဂူဗိမာန်ထဲကို ဝင်ရောက်နိုင်မှာပါ။ ဒီနေရာမှာတော အစားအစာ ရေ တို့ကို ယူဆောင်လာခြင်း ၊ ဓာတ်ပုံရိုက်ခြင်းတွေကို တားမြစ်ထားပါတယ်။ ဂူဗိမာန်အတွင်းမှာတော့ ရှင်ဂွန်ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်တုတွေရှိနေပါတယ်။
ဒီ အိုကူနိုအင် သင်္ချိုင်းဟာ Kii Mountain ထဲက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားတဲ့ နေရာတွေထဲမှာ တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။ သင်္ချိုင်းတစ်ခုဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ လာရောက်လည်ပတ်သူခရီးသွားတွေ ၊ ဘုရားဖူးတွေနဲ့ အမြဲမပြတ်စည်ကား လျှက်ရှိပါတယ်။
Discussion about this post