မြန်မာနိုင်ငံမှ ရမည်းသင်းမြို့သူတစ်ဦးသည် အိန္ဒိယနိုင်ငံသမ္မတကတော် First Lady of India ဖြစ်ခဲ့ဖူးသည် ဆိုလျှင် မသိသေးတဲ့မိတ်ဆွေများ အဖို့ အံသြသွားနိုင်သည်။ သူမက…ရမည်းသင်းသူ မတင့်တင့်
မတင့်တင်ကို ၁၉၂၃ တွင် မြန်မာနိုင်ငံအလယ်ပိုင်း ရမည်းသင်းဒေသတွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့ရရှိခဲ့ပြီး မြန်မာစာပေနှင့်ဘာသာစကားဌာနတွင် နည်းပြဆရာမလုပ်ခဲ့သည်။ ယင်းကာလများအတွင်း ရန်ကုန်မြို့သို့ရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးအရာထမ်း K.R. Narayanan နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။
မတင့်တင့်သည် ရန်ကုန်မြို့ YWCA အသင်းမှတစ်ဆင့် လူမှုရေးလုပ်ငန်းများစွာ ကြိုးစားဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ BA ဘွဲ့ရပြီးနောက် မြန်မာစာဌာနတွင် သင်တန်းနည်းပြဆရာမ လုပ်ခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ Delhi School of Social work တွင် ပညာတော်သင်တစ်ဦးအနေဖြင့် မဟာဘွဲ့ကို ရယူခဲ့သည်။
၁၉၅၁ ဇွန် ၈ ရက်နေ့တွင် ဒေလီတရားရုံး၌ပင် K.R. Narayanan နှင့် လက်ထပ်ခဲ့သည်။ Narayanan မှာ ရန်ကုန် အိန္ဒိယ သံတမန်ဝန်ထမ်းဖြစ်ပြီး မတင့်တင့်မှာ နိုင်ငံခြားသားတစ်ဦးဖြစ်နေသည့်အတွက် လက်ထပ်မှုတရားဝင်ဖြစ်စေရန် ဝန်ကြီးချုပ်ဂျဝါဟလာနေရူးကိုယ်တိုင် ဥပဒေကိုပြင်ဆင်ပေးခဲ့သည်။
အိန္ဒိယနာမည် ဥရှနာရာယန်းအမည်ခံယူပြီး Narayanan နှင့်အတူ လူမှုရေးလုပ်ငန်းများတွင် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၈ တွင် ဆရာသိန်းဖေမြင့်၏ဝတ္ထုတိုများကို စုစည်းပြီး Sweet and Sour အမည်ဖြင့် ဘာသာပြန် ပုံနှိပ်ထုတ်ဝေခဲ့သည်။
၁၉၉၇ – ၂၀၀၂ တွင် K.R. Narayanan အိန္ဒိယနိုင်ငံ၏ ဒဿမမြောက်သမ္မတဖြစ်လာသောအခါ အိန္ဒိယနိုင်ငံ၏ပထမဆုံး Foreign-born First Lady ဖြစ်လာခဲ့သည်။ သမ္မတဦးဆောင်သည့် လူမှုအကျိုးပြုလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး သမ္မတနာရာယန်အတွက် အရေးကြီးသော မိန့်ခွန်းများစွာကိုလည်း ဒေါ်တင့်တင့်ကိုယ်တိုင် ရေးသားပေးခဲ့ရသည်။
ဒေါ်တင့်တင့်သည် ခင်ပွန်းကွယ်လွန်ပြီး သုံးနှစ်အကြာ အသက် ၈၆ နှစ်၂၀၀၈ ဇန်နဝါရီလ ၂၄ ရက်နေ ညနေတွင် အိန္ဒိယနိုင်ငံ ဒေလီမြို့၌ပင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းသည်နှင့်အတူ အုတ်ဂူအတူမြှုပ်ခဲ့ပြီး မြန်မာနာမည် မတင့်တင့်ကို ၎င်း၏ သဘောဆန္ဒအရ ရေးထိုးစေခဲ့သည်။ Chitra Narayanan နှင့် Amrita Narayanan သမီးနှစ်ယောက်ထွန်းကားသည်။
သမီးကြီး Chitra Narayanan မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံတမန်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အိန္ဒိယသံအမတ်ကြီး ဖြစ်လာခဲ့သည်။
ဖြည့်စွက်ချက်။ ။ ကျွန်တော်သိသလောက် ဒေါ်တင့်တင့်ဟာ မြန်မာလူမျိုး၊ မြန်မာနိုင်ငံသား၊ မြန်မာသွေး။ မြန်မာစကား နည်းနည်းလေးမှ မဝဲပါ။ အဲတာကြောင့် သူတို့နိုင်ငံက အင်မတန်ခက်တဲ့ ဟင်ဒူလက်ထပ်ထိမ်းမြားခြင်းဥပဒေကို ဝန်ကြီးချုပ် နေရူးကိုယ်တိုင်က လုပ်ပေးလို့သာရတယ်။
ကိုးကား – Wikipedia
ဒေါက်တာတင့်ဆွေ