Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ရခိုင်ပြည်ရဲ့အထင်ကရ သျှစ်သောင်းပုထိုးတော်ကြီးအကြောင်း

by Thutamm
August 6, 2019
Reading Time: 1min read
0
ရခိုင်ပြည်ရဲ့အထင်ကရ သျှစ်သောင်းပုထိုးတော်ကြီးအကြောင်း
Share on FacebookShare on Twitter

သျှစ်သောင်းပုထိုးတော်ကြီး (ရခိုင်အခေါ် သျှိုက်သောင်းဘုရား)

ရခိုင်ပြည်နယ်၏မြို့တော်ဟောင်း တစ်မြို့ဖြစ်သော မြို့ဟောင်း ခေါ် မြောက်ဦးမြို့၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ အရှေ့ရိုးမတောင်ကြီး၏ အနောက်ဘက် တောင်စောင်းရှိ ဘိုးခေါင်တောင် တွင် ရှစ်သောင်းဘုရား တည်ရှိသည်။ ယင်းစေတီတော်ကြီးကို ရန်အောင်ဇေယျ သိမ်တော်ကြီးဟုလည်း သမုတ်သေးသည်။ ထိုစေတီတော်ကြီး၏ ဂူတွင်းဂူပဝယ် တည်ထားလျက်ရှိသည့် ရှစ်သောင်းသောရုပ်တုတော်တို့ကို အစွဲပြု၍ ရှစ်သောင်း ဘုရားဟု ခေါ်ကြခြင်းဖြစ်သည်။ ရန်အောင်ဇေယျသိမ်တော်ကြီး ဟု တွင်ခြင်းမှာ ရခိုင်ဘုရင်က ပေါ်တူဂီရေတပ်နှင့် ကုလားစစ်တပ်ကို အောင်တော်မူသည့် အထိမ်းအမှတ်နှင့် တည်တော်မူခြင်းကြောင့်ဟု ဆိုကြသည်။

Photo Credit : besttripmyanmar

ရှစ်သောင်းဘုရားကို မြောက်ဦးမင်းဆက် ၁၂ ဆက်မြောက် မင်းပင်ကြီးခေါ် မင်းဗာကြီး (မြန်မာ ၈၉၃-၉၁၅) ဘုရင်သည် သက္ကရာဇ် ၈၉၇ ခုနှစ် ကဆုန်လဆန်း ၅ ရက်နေ့တွင် ပန်းရန်ကျော်များကို ဆင့်ခေါ်တော်မူ၍ ထိုနှစ် တန်ဆောင်မုန်းလပြည့် စနေနေ့တွင် စတင် တည်တော်မူသည်။ ဦးစွာပထမ ဘိုးခေါင်တောင် တော်ကြီးကို မြေတလင်းညီစွာ ညှိတော်မူ၍ ရှစ်သောင်းသော ဓာတ်တော်မွေတော်နှင့်တကွ ဉာဏ်တော် နှစ်တောင်နှင့် တစ်မိုက်စီရှိသော ရွှေဆင်းတု ၁ဝ၈ ဆူ၊ ငွေဆင်းတု ၁ဝ၈ ဆူ၊ ရတနာကိုးပါးဖြင့် သွန်းအပ်သော ဆင်းတုတော် ၁ဝ၈ ဆူတို့ကို တစ်ခန်းကျစီ ကိန်းဝပ်စေတော်မူပြီးမှ ရှစ်သောင်းလေးထောင်သော ရတနာမျိုးတို့ဖြင့် သွန်းအပ်သော ရုပ်ပွားငယ်တို့ကိုလည်း ထည့်တော်မူသည်။

ထို့နောက် ဌာပနာခန်းကို ကျောက်ပြားတို့ဖြင့် ပိတ်ပြီးသော် အခန်းပြင်၌ ကောင်းမှုတော်စေတီကြီးအား ၁ဝ၁ ပါးသောလူမျိုးတို့ ပူဇော်ဟန် ရုပ်လုံးပြု၍ ရံလျက်ထားသည်။ ထိုမျှမက မြောက်ဦးမြို့တော်ကြီးဝယ် အစဉ်အဆက် စိုးစံခဲ့သော ဘေးလောင်းတော် ဘိုးလောင်းတော် မင်းများမှအစ ဘုရားဒါယကာ မင်းပင်အထိ မင်း ၁၂ ဆက်တို့၏ ပုံတော်ကို ရွှေသားပကတိ ထုလုပ်ပြီးလျှင် မှူးမတ်စုံလင်စွာ ခြံရံလျက် စေတီတော်ကြီးအား ပူဇော်ဟန်ထည့်၍ အပြင်ဌာပနာခန်း တထပ်ကို ကျောက်ပြားပိတ်ကာ မြေဖို့သည်။ အပေါ်ယံ မြေကို အထူးထူးသော ရတနာတို့ဖြင့် ဖြန့်၍ ညီညွတ်အောင် ပြုပြီးနောက် အချိန်ကောင်း အခါတော်ကျသည်နှင့် တစ်ပြိုင်နက် မြစိမ်း ကျောက်ညိုတို့ဖြင့် ဖိနပ်တော်ခင်းသည်။

ထိုနောက် နောင်ပွင့်တော်မူလတ္တံ့သော ရှင်တော်ဘုရားတို့အား ရည်စူး၍ ကျောက်ညိုဖြင့် ထုသော ဘုရားဆူရေ နှစ်သောင်း၊ ရတနာ ခုနစ်ပါးဖြင့် ထုလုပ်သော ဆင်းတုတော် ခြောက်သောင်း ပေါင်းရှစ်သောင်းသော ဆင်းတုတော်တို့ကို မုခ်ဝ မုခ်ပျံတို့၌ တည်ထားလေသည်။ စေတီတော်မြတ်ကြီးကိုလည်း ငါးထပ်သော မုခ်ပတ်တို့ဖြင့် ပတ်လည်ဝိုင်းပြီးလျှင် ကျောက်ညို ဘုရားကိုယ်တော်မြတ်တို့ကို စီတန်း တည်တော်မူသည်။ ထိုနောက်မှ တစ်ဖန် စေတီတော်မြစ်ကြီး၏ ရှေ့တော်တွင် ကျောက်အုတ်တံတိုင်းတို့ဖြင့် ပတ်လည် ရံအပ်သော မဟာရံအတွင်းဝယ် ကြီးစွာသော သိမ်တော်မြတ်ကြီး၊ စေတီတော်ငယ်တို့ရှိသည်။

သျှစ်သောင်းပုထိုးတော်ကြီး အပြင်လှိုဏ်ပတ်လမ်း Photo credit : Nyi Lynn Seck

စေတီတော်ကြီးအတွင်း ဒုတိယအထပ်တော်၌ မဏ္ဍိုင်ငါးခုတို့ကို ဗဟိုပြု၍ ရှင်တော်ဘုရား နုစဉ်အခါက ကျင်လည်ခဲ့ရသော ဘဝတို့ကို ရုပ်လုံးထုထားသည်။ ဟင်္သာကိုးကြိမ် ဖြစ်သည်ကို ပြသည့်အနေနှင့် ဟင်္သာကိုးကောင်ကို ထုလုပ်ထား၍ ကြိုးကြာဘဝ ၁၆ ကြိမ် ဖြစ်သည်ကို ပြသည့်အနေနှင့် ကြိုးကြာရုပ် ၁၆ ကောင် ထုလုပ်ထားလေသည်။

ယင်းဖြစ်တော်ပေါင်းအရုပ်များကို ဒုတိယအထပ် လက်ယာဘက် အောက်ဆုံးတန်းမှ စ၍ တွေ့နိုင်သည်။ ထိုရုပ်ထုများနောက် နာယတံ၊ ဗိဿနိုး စသော ဟိန္ဒူနတ်ရုပ်တို့ကို၎င်း၊ နိပါတ်တော်လာ ဇာတ်ရုပ်တို့ကို၎င်း အထောင်အသောင်းမက ထုလုပ်ထားလေသည်။ ငါးထပ်သောလိုဏ်ဂူအတွင်း၌လည်း နောင်ပွင့်လတ္တံသော ဘုရားရှင်တို့အား ရည်မှန်း၍ ရုပ်တုတော်ပေါင်း ရှစ်သောင်းတို့ကို ထုလုပ်ပြီးလျှင် ဝင်္ကပါ သဏ္ဌာန်ကဲ့သို့ ခရုပတ်စီတန်းလျက် နေရာမဆန့်အောင် တည်ထားသည်။

သျှစ်သောင်းပုထိုးတော်ကြီး ရင်ပြင်တော်ပေါ် Photo Credit : Aung Myo Min

ရှစ်သောင်းဘုရားသည် အနောက်၊ တောင်၊ မြောက်၊ သုံးဖက်လုံးတွင် မဟာရံ တံတိုင်းများ ပိတ်လျက် ရှိ၍ အရှေ့ဘက်ရှိ တောင်ခြေရင်းမှသာ ဘုရားသို့ဝင်ရန် မုခ်ပေါက်ရှိသည်။ ထိုအရှေ့ဘက် ဝင်ပေါက်သို့လည်း ဘုရား၏တောင်ဘက် ပေ ၂ဝဝဝ ခန့်အကွာ တောင်ခြေရင်းရှိ မုခ်ဦးမှ ဝင်၍တောင်ခြေရင်းတစ်လျှောက် ဖောက်လုပ်ထားသော စောင်းတန်းအတိုင်း သွားမှရောက်သည်။

ရှစ်ပေကျယ်သည့် မုခ်ဦးမှ ၃၅ ပေခန့်တက်သော် မြေပြင်မှ ၁၆ ပေ မြင့်သော ပထမပစ္စယံသို့ ရောက်သည်။ ပထမ ပစ္စယံအရောက် ထိပ်ဝတွင် လက်ဝဲဖက်၌ အလျားနှစ်ပေခွဲ၊ အနံနှစ်ပေခွဲ၊ အမြင့်ခုနစ်ပေ ကျော်ရှိ ကျောက်စာတိုင်တစ်တိုင်ရှိသည်။ ကျောက်စာတိုင်၏ မျက်နှာသုံးဖက်၌ နာဂရီဘာသာဖြင့် ကမ္ပည်းရေးထိုးထားသည်ကို တွေ့ရ၍ ကျန်တဖက်ရှိ စာတို့မှာမူ ပျက်နေလေသည်။ ကျောက်စာတိုင်နှင့်ယှဉ်လျက် ပစ္စယံ၏ လက်ယာဘက်ဝတွင် အမြင့်ကိုးပေနီးပါးရှိ၍ ထိပ်တွင် တမော့ရုပ်ကြွ ထွင်းထားသော ရှစ်မြှောင့်ကျောက်တိုင် တစ်တိုင်ရှိသည်။ လက်ဝဲဖက် ကျောက်စာတိုင်၏ လက်ဝဲဘက်အနီး၌မူ ကြာပန်းပုံ ဓမ္မစကြာပုံ ရုပ်ကြွထွင်းထားသော ၁၂ ပေကျယ်သောကျောက်ပြားတစ်ပြား လဲကျနေသည်ကို တွေ့ရ၏။

ပထမပစ္စယံတစ်ခုလုံးသည် ယခင်က ကျောက်တုံးတို့ဖြင့် တည်ဆောက်ထားသော စေတီပေါင်းများစွာ တည်ရှိခဲ့ဟန် တူသည်။ ယခုမူ ပုံ၌ (န)အမှတ်အသား ပြထားသော စေတီဝိုင်းတစ်ဆူနှင့် (ျ) အမှတ်အသား ပြထားသော ရှစ်မြှောင့်စေတီတစ်ဆူမှအပ ပစ္စယံတစ်ခုလုံး အုတ်ကျိုး အုတ်ပဲ့တို့ဖြင့် လွှမ်းလျက်ရှိသည်။ ပထမ ပစ္စယံမှ တစ်ဆင့်တက်သော် ပေ ၃ဝ အမြင့်တွင် တောင်မှမြောက် ပေ ၆ဝ၊ အရှေ့မှ အနောက် ပေ ၂ဝ မှ ၃ဝ အထိကျယ်သော ပစ္စယံ တစ်ထပ်သို့ ရောက်သည်။ ယင်းပစ္စယံ အရှေ့ဘက်သည် တောင်စောင်းဖြစ်၍ အနောက်၊ တောင်၊ မြောက်တို့တွင် ၁၂ ပေခန့်မြင့်သော မဟာရံတံတိုင်းဖြင့် ကာထားသည်။ ယင်းပစ္စယံ၌ အထူးအထွေ တည်ဆောက်ထားခြင်း ရှိဟန်မတူချေ။

ဒုတိယပစ္စယံမှ တောင်စောင်းတစ်လျှောက် မြောက်ဘက် သွားမူ မုခ်ပေါက်တစ်ခုတွေ့ရပေမည်။ ယင်းမုခ်ပေါက်အတိုင်းတက်မူ မြေပြင်မှ ပေ ၆ဝ မြင့်သော ဘုရားကြီးတည်ရာ ပစ္စယံသို့ ရောက်သည်။ ထိုပစ္စယံသည် တောင်မှမြောက်ပေ ၁၄ဝ ရှည်၍ အရှေ့အနောက် ၂၂၅ ပေရှည်သော မဟာရံတံတိုင်းကြီး သုံးဖက်ဖြင့် ကာရံထားသည်။ တောင်နှင့်မြောက် တံတိုင်းကြီးတွင် အခန်းပေ ၂ဝ ကျယ်၍ ဉာဏ်တော်ခုနစ်ပေမြင့်သော စေတီငယ်များ တစ်ခုနှင့် တစ်ခု အကွာအဝေးညီစွာ တည်ထားသည်။ စေတီငယ်များကြားတွင် သုံးပေခွဲကျော်မြင့်၍ သုံးပေနီးပါးကျယ်သော ကျောက်ပြားများ စိုက်ထားလေသည်။ ကျောက်ပြား နှစ်ဖက်မျက်နှာတွင် ပန်းတမော့ ရုပ်ကြွများ ထွင်းထားလေသည်။

Photo Credit : besttripmyanmar

ဘုရားကြီးဘက်လှည့်နေသော မျက်နှာတွင် မြတ်စွာဘုရားသခင်၏ပုံတော် အမျိုးမျိုးကို ထွင်းထုထား၍ အပြင်ဘက် မျက်နှာတွင် နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ရက္ခိုက်၊ ဘီလူး၊ မြွေစသော ပုံများ ထွင်းထုထားလေသည်။စေတီတည်ရာ ထိုပထမပစ္စယံဝယ် ဘေးလောင်းတော် ဘိုးလောင်းတော်တို့၏ အရိုးစုကို သင့်တင့်လျောက်ပတ်စွာ ဂူတော်သွင်း၍ တည်ထားခဲ့သည်ဟု ဆိုသည်။ ထိုသို့ တည်ထားခဲ့သော သင်္ချိုင်းရာတို့တွင် မင်းပင်ကြီးလွန်ပြီးနောက် တည်ထားသော မင်းပင်ကြီးအရိုးအိုး သင်္ချိုင်းတော်တစ်ခုသာ တွေ့မြင်ရတော့သည်။

ဘုရားကြီးတည်ရာ ပထမပစ္စယံကို တောင်စောင်းအတိုင်း လျှောက်သွားမူ ဘုရားကြီး၏ ဂန္ဓကုဋီတိုက်သို့ဝင်ရာ တစ်ခုတည်းသော မုခ်ဝကို လက်ဝဲဘက်၌ တွေ့ရပေမည်။ ယင်းမုခ်ဝအတိုင်း တည့်တည့် ဝင်သွားပါက အရှေ့နှင့်အနောက် ပေ ၄ဝ၊ တောင်နှင့်မြောက် ပေ ၇ဝ ကျယ်သော ရင်ပြင်ကို တွေ့ရပေမည်။ ထိုရင်ပြင်မှ လက်ဝဲဘက် စြင်္ကန်လမ်းအတိုင်း ဝင်သော ဘုရားကြီး၏ပတ်လည် နံရံများ၌ ဂူများ ရှိသည်။ အရှေ့ဘက်နံရံ၌ တစ်ဖက် နှစ်ဂူစီ ရှိ၍ တောင်၊ မြောက်၊ အနောက်နံရံတို့၌ ဂူရှစ်ခုစီ ရှိသည်။ ယင်းဂူများ အတွင်းတွင် ဘုရားရုပ်ပွားနှစ်ဆူသည် ကျောချင်းကပ်၍ သီတင်းသုံးနေရာ စြင်္ကန်ဘက်မှ တစ်ဆူကို ဖူးရ၍ ဘုရားကြီး၏ ပထမပစ္စယံဘက်မှ တစ်ဖက်အဆူကို ဖူးတွေ့နိုင်သည်။

Photo Credit : besttripmyanmar

ဗဟို ဂန္ဓကုဋီတိုက်တွင်း၌မူ ဉာဏ်တော်ရှစ်ပေခန့်မြင့်သော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိသည်။ ဂန္ဓကုဋီတိုက်သည် ပေ ၃ဝ မြင့်၍ အမိုးထောင့် လေးထောင့်တွင် စေတီလေးဆူရှိသည်။ အလယ်ကောင်တွင် ခေါင်း လောင်းပုံ ထီး စသည်တို့ပါသော ဉာဏ်တော် ပေ ၆ဝ မြင့်သည့် စေတီတော်ကြီးထီးထီး တည်လျက်ရှိသည်။ ဤသို့ ခမ်းနားဆန်းပြားလှစွာ တည်ထားသော စေတီတော်ကြီး၏ အနောက်တောင်တောင့်တွင် မင်းပင်ကြီး၏ ဥပုသ်တော်ဆောင်ကို တစ်ဆက်တည်း လုပ်ခဲ့သည်ဟုဆိုသည်။ စေတီတော်၏ မြောက်ထောင့်၌မူ မယ်တော်ကို အကြောင်းပြု၍ တည်ထားအပ်သော မယ်တော်သိမ်ခေါ် ဂူတော်ကြီး တစ်ဆူ လည်း ရှိသည်။ စေတီတော်ကြီး၏လက်ရာမှ ဟိန္ဒူဗိသုကာနှင့် အနုပညာလက်ရာများဖြစ်သည်။

ရှေးဟောင်းသုတေသန ပညာရပ်တွင် ကျွမ်းကျင်သောနိုင်ငံခြားသား ပုဂ္ဂိုလ်ကြီးများ၏ယူဆချက်အရမူ စေတီတော်ကြီးကို ဘုရားပုထိုး အဖြစ်ထက် ရခိုင်ဘုရင်များ ရန်သူဘေးမှ ခိုအောင်းရန် ခံတပ်အဖြစ် တည်ထားဟန်တူသည်ဟု ဆိုသည်၊ စေတီတော်ကြီးအား သုံးဖက်မှ ပိတ်၍ အရှေ့ဖက် တောင်ခြေဖက်မှသာ မုခ်ပေါက်တစ်ခုတည်း ဖွင့်ကာ ဝင်္ကပါသဖွယ်တည်ဆောက်ထားခြင်းသည်ပင် ထိုပုဂ္ဂိုလ်တို့၏ အဆိုကို ထောက်ခံလျက် ရှိလေသည်။

စေတီတော်ကြီးသည် ၁၇၈၄ ခုနှစ်တွင် မြန်မာတို့၏ ဗုံးဆံတစ်ကြိမ် မှန်၍ ၁၈၂၅ ခုနှစ်တွင် အင်္ဂလိပ်ဗုံးဆံ တစ်ကြိမ်မှန်ခဲ့သဖြင့် အတော်ပင်ပျက်စီးယိုယွင်းလျက် ရှိသည်။ အထူးသဖြင့် စေတီတော်၏ အနောက်ဘက်ခြမ်းသည် ပျက်စီး ယိုယွင်းခဲ့ရာ စေတီတော်အား မြေပြင်မှ ကြည့်မူ အုတ်ပုံ ကျောက်ပုံကြီးနှင့်မခြား တွေ့မြင်ရလေသည်။ ရှစ်သောင်းဘုရား၏ မြောက်ဘက်အထွက်မုခ်မှ အရှေ့ မြောက်ဘက် ၈၆ ပေအကွာတွင် အံတော်ဘုရား တည်ရှိ၍ အနောက်မြောက်ဘက် ပေ ၃ဝဝ အကွာတွင် ထုက္ကံသိမ်ဘုရား တည်ရှိသည်။

မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ၁၁

Tags: pagodas

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
အသံထက် ၁ဆခွဲ ပိုမြန်တဲ့ ခရီးသည်တင်လေယာဉ်

အသံထက် ၁ဆခွဲ ပိုမြန်တဲ့ ခရီးသည်တင်လေယာဉ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!