ရေးသားသူ – ဝေဟင်အောင်
ဘဲငါးရာတောင်ကို စာပေ ကျမ်းဂန်များထဲတွင် ဒေဝဂန္ဓာရီတောင်ဟု ခေါ်ဆိုပါသည်။ ဟင်္သာငါးရာတို့ ကျက်စားခဲ့ရ ဒေသဖြစ်သောကြောင်း ဘဲငါးရာတောင်ဟု ခေါ်သည်။
ဒေဝဂန္ဓာရီတောင်၏ အဓိပ္ပါယ်မှာ နတ်တို့ ဂန္ဓာရီပညာကျက်စားရာ အရပ်ဟု ဆိုသည်။
နတ်ပန်းမာလာများ ဖူးပွင့်ဝေကာ၊ ဆေးဝါးကောင်းများ ပေါက်ရောက်ရာ အရပ်ဖြစ်ပြီး ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် ထင်ထင်ရှားရှား ထီးထီးမားမား ရပ်တည်နေသောကြောင့် ပိုမိုထင်ရှားပါသည်။
ရခိုင်တို့၏ ထင်ရှားခဲ့သော မြောက်ဦးခေတ်တွင် စာဟောင်းပေဟောင်းများတွင် ဆေးဥယျာဉ် တစ်ခုပျိုးထောင်ခဲ့ကြောင်းကို လေ့လာဖူးသည်။
ဤတောင်ကို ဂျပန်နိုင်ငံမှ ဖူဂျီယားမားတောင်ဖြင့် ခိုင်းနှိုင်းကြသည်။ ပုံစံအားဖြင့် အလွန်တူပါသည်။
ပင်လယ်ရေမျက်နှာပြင်ထက် ၁၃၆၁ ပေမြင့်မားပါသည်။ ဂစ္ဆနဒီမြစ်၏ အနောက်ဖက်တွင်ရှိပြီး အဝေးက လှမ်းကြည့်လျှင်ပင် လွမ်းမောစရာဖြစ်ပါသည်။
မိုးတိမ်မိုးသားတို့သည် တောင်၏ အလယ်တွင် သိုင်းခြုံထားသောကြောင့် ရခိုင်ပြည်နယ်၏ အလယ်ပိုင်းလွင်ပြင် အလှကို ဖန်းတီပေးထားသည်။
တန်ဆောင်မုန်းလပြည့်နေတွင် ရခိုင်ပြည် အနယ်အပြားမှ လာရောက်ပြီး ဤတောင်ပေါ်သို့ တပျော်တပါး တက်ရောက်ကြသည်။ အထူးသဖြင့် လူပျို၊ အပျို လူလတ်ပိုင်းအရွယ်များက ထမင်းဂျိုင့်များ ၊ စားစရာများဖြင့် လူငယ်တို့ သဘာ၀ ပျော်ပျော်ပါးပါး လာရောက်လေ့ရှိသည်။ တန်ဆောင်မုန်းလပြည့်သည် ရခိုင်ပြည်၏ ပြည်ရက်၊ ရခိုင်ပြည် ဓညဝတီမြို့ကို ပန္နက်ရိုက်ခဲ့သောနေ့ဖြစ်သောကြောင့် ရှေးခေတ်ကတည်းက တန်ဆောင်မုန်းလပြည့်နေ့ လထွက်သည်နှင့် တောင်ပေါ်တက်ပွဲကို ဆင်နွဲှခဲ့ကြသည်။
ဤနေ့တွင် သစ်ဥ၊ သစ်မြစ်တို့ဆေးဝါးပေါင်းစုံသောကြောင့် နတ်တို့ ပျော်ရွှင်ကြသလို လူများလည်း ပါဝင်ဆင်နွှဲခြင်းဖြစ်သည်။
ယခုအခါတော့ တန်ဆောင်မုန်းလပြည့်နေ့ မနက်ပိုင်းကတည်းက တောင်တက်ပွဲကို ဆင်နွှဲကြသည်။ အရင်အခါနှင့်တော့ ခေတ်အခြေအနေအရ ပြောင်းပြန်ဖြစ်သွားသည်။
“ဒေဝဂန္ဓာရီ တောင်တော်ဆီ
တက်ခီ ဆွတ်ခီ (တက်ကြ ဆွတ်ကြ)
ပန်းကတ်လီ (ပန်းကပ်လေ)
သာစီ မာစိ ဆုတောင်းမိတ္တာဝီ” (မိတ္တာ = မေတ္တာ) ဟု စာဆိုရှိသည်။
ဤတောင်ထိပ်တွင် ရခိုင်ပြည် မြောက်ဦးခေတ်၏ ထင်ရှားခဲ့သည် ဘုရင် မင်းရာဇာကြီးသည် မိဖုရား ပီဇလာဒေဝီနှင့်အတူ သက်တော် (၄၆)နှစ် အထိမ်းအမှတ်အဖြစ် မင်္ဂလာယူလျှက် ဓာတ်တော်စေတီ (၄၇)ဆူကို တည်ထားကိုးကွယ်ခဲ့လေသည်။
ထိုအထဲတွင် ဗုဒ္ဓဘုရားရှင်၏ ဘယ်လက်တော်ဓာတ်မြတ်အား ခရစ်သက္ကရာဇ် ၁၆၀၄ ခုနှစ်တွင် တည်ထား ကိုးကွယ်ခဲ့သည်။
၎င်းအပြင် ဤတောင်နှင့် ပတ်သတ်ပြီး ဂမ္ဘီရဆန်သော ဖြစ်ရပ်များစွာလည်း ရှိသည်။ စာရေးဆရာပေါင်းမြောက်မြားစွာ မှတ်တင်ထားသော ဖြစ်ရပ်ဆန်းများ၊ တရားရှာ တော်မှီ ပုဂ္ဂိုလ်များ၊ သိုက်ဆရားများဖြင့် ဒဏ္ဍာရီပုံများစွာကို ပေးဆပ်ထားသည့် တောင်တော်လည်းဖြစ်သည်။ (အယှဉ်သင့်လျှင် နောင်တွင် ဆက်လက်ရေးသားပေးပါမည်)
ဆက်စပ်ပြီး ဤတောင်မှ တွေ့ရှိခဲ့သည့် ထူးဆန်ဖွယ် ရွှေလိပ် တစ်ကောင်သည် ရန်ကုန်မြို့၊ ဗဟန်း၊ ကုက္ကိုင်မီးပွိုင့်လမ်းဆုံအနီး ဦးတေဇိန္တရာမ ကျောင်းတိုက်၊ စာချဆရာတော် ဦးစန္ဒိမာထံတွင် ဝင်ရောက် လေ့လာနိုင်သည်။
ဤရွှေလိပ်၏ ကျောကုန်တွင် သိန်းငှက်ပုံ၊ ကန္နရာပုံ၊ စေတီပုံ သဏ္ဍာန်များကို တွေ့ရှိရသည်။ အလွန့် အံဖွယ်ရာ ဖြစ်သည် ရန်ကုန်မြို့ကိုရောက်ရှိသူများ သွားရောက် လေ့လာနိုင်ဖို့ လမ်းညွှန်ပေးပါသည်။
ဤဘဲငါးရာတောင်သည် အလွန်တရာမှာ အံ့ဖွယ်များနှင့် ထူးဆန်ဖွယ်များ စိတ်ဝင်စားစရာများပြည့်နှက်နေသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့တွင် လမ်းကြုံလျှင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာမှနေ တက်ရောက် လေ့လာနိုင်ကြောင့်ကို သတင်းကောင်းပါးလိုက်ပါသည်။
ဝေဟင်အောင်
Discussion about this post