မူရင်းဓာတ်ပုံပိုင်ရှင် မိတ်ဆွေများအား ကျေးဇူးတင်ပါတယ်
တုံးမောင်း ၊ အုံးမောင်း ၊ ကလတက် ၊ သစ်စည် တို့ အဓိပ္ပါယ်မှာ အတူတူဖြစ်ပြီး နေရာဒေသအလိုက် အမျိုးမျိုးခေါ်ကြသည်။တချိန်ကတော့ ထိုအရာသည် မြန်မာတို့အတွက် အချိန်ကို အသိပေးသည့် မရှိမဖြစ်အရာများဖြစ်ခဲ့ကြသည်။ သို့သော် ခေတ်တိုးတက်လာသည်နှင့် အမျှ ထိုအရာများသည် တဖြည်းဖြည်းပျောက်ကွယ်လာပြီဖြစ်ပြီ မြို့များတွင်လုံး၀ မတွေ့ရတော့သလောက်ဖြစ်သည်။ အချို့နယ်များတွင်သာ အနည်းအကျဉ်းမျှရှိတော့သည်။
‘အုန်းမောင်း’ ၏ အနက်ကို ဆင်ခြင်သော် ‘အုန်း’ ၏ အနက် ‘မိုးရွာထစ်အုန်း၊ အုန်းငြာခြိမ့်သဲ၊ အုန်းညံခြိမ့်ကြွေး၊ အုန်းအုန်းအင်းအင်း’ စသည်တို့၌ မည်သံ၊ ဟိန်းသံ၊ မြည်သည်၊ ဟိန်းသည်ဟုရ၏။ ‘မောင်း’ ၏ အနက် ‘ကြိမ်းမောင်း၊ ခြိမ်းမောင်း၊ တီးယွန်းခြိမ့်မောင်း၊ မောင်းမဲ၊ မောင်းနှင်’ စသည်တို့၌ အော်သည်၊ မြည်သည်၊ အော်သံ၊ မည်သံ၊ အော်မည်၍ နှင်သည်၊ အော်မည်၍ ခြောက်လှန့်သည်ဟု ရ၏။ထို့ကြောင့် အုန်းမောင်း၏ အနက်မှာ အသံကျယ်လောင်စွာ မြည်ဟိန်းသည့်တီးစရာ၊ ကျေးငှက်တိရစ္ဆာန်များကို ခြောက်လှန့်မောင်းနှင်စရာဟု အဓိပ္ပာယ်ရပေသည်။
အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင် ကုလားစစ်တပ်များ၏ လှုပ်ရှားမှုကို အချက်ပေးရန် အုန်းမောင်းများကို အသုံးပြုလာကြသည်။ ထိုအခါ အုန်းမောင်းကို ကုလားတတ် ခေါ်ကြရာမှ ကလတက်(ကလဒက်) ဖြစ်ခဲ့လေသည်။ ရှေးလူကြီးများက စာကြောင်းချုံ့လို၍ ‘က္လတက်’ ဟု ‘က’ နှင့် ‘လ’ ကိုဆင့်၍ ရေးတတ်ကြသဖြင့် ဘုန်းကြီးကျောင်းသားများက “ကကြီးလပေါ်တက် ကလတက်” ဟူ၍ ပြက်ရယ်ပြု၍ ဆိုကြသေးသည်။
ကလတက်မှ ကလဒက်သို့။
သံဃာတော်အရှင်မြတ်တို့သည် ဝိနည်း ဒေသနာတော် အရ နေ့လွဲညစာ ဘုဉ်းမပေးရသောကြောင့် အရုဏ်ဆွမ်း ဘုဉ်းပေးရန် ခွင့်ပြုတော်မူခဲ့ပေသည်။ ထို့ကြောင့် ဆွမ်းချက်ရန် ဆွမ်းပို့ရန်ကာလ ရောက်ပြီဟု အချက်ပေးရန်အတွက် တစ်ရွာလုံး ကြားလောက်သည့် အချက်ပေး ကိရိယာ လိုအပ်လာသည်။ ထိုကိရိယာကို လုံးပတ်သုံးပေ အလျားငါးပေ လောက်ရှိသော သစ်တုံးကို အလျားလိုက် အခေါင်းထွင်းပြီး တင်းပုတ်နှင့် ထုသော အခါ တစ်ရွာလုံးကြားအောင် မြည်ဟိန်းလာသည်။
အချိန်ကာလကို ဖေါ်ပြရန် ပစ္စည်း ဖြစ်၍ ကာလတက်ခေါ်ရာမှ ကလဒက် ဖြစ်လာသည်။ အတိုကြိုက်သူများက တုံးဟုခေါ်ကြသည်။ သစ်တုံးကို ပြုလုပ်ထားသော ပစ္စည်းကို တုံးဟုခေါ်သည်မှာ ခေါ်ထိုက်လှပေသည်။ အချို့ ကျောင်းများက နံနက် သုံးနာရီ၊ တုံးခေါက်သည်။ အချို့က သုံးနာရီခွဲ၊ အချို့ ကလေးနာရီ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းလေတော့သည်။
တုံးကို အချို့ကျောင်းများက ဒေါင်လိုက် ကြိုးနှင့်ဆွဲထား၍ အချို့ကျောင်းများက တုံးလုံး စင်တင်၍ ထားသည်။ သည်ဟာသည်လည်း တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပင် ဖြစ်ပေလိမ့်မည်။ သို့သော် တုံးခေါက်ပုံမှာ တညီ တညွတ်တည်း ဖြစ်ကြပါသည်။
တုံးမောင်းထွင်းနည်းစနစ်
တုံးမောင်းကို စနစ်တကျ ထွင်းဖောက်ရသည်။ သို့မှသာ အသံကောင်းကို အဝေးပြေးမည် ဖြစ်ပါသည်။ ထွင်းနည်းမကျလျှင် အသံမကောင်းသော တုံးမောင်း-အအကြီး အမျိုးအစား ဖြစ်တတ်ပါသည်။ သို့အတွက် စနစ်တကျ ဖြစ်စေရန် ရှေးဆရာတော်ကြီးများက တုံးမောင်းထွင်းနည်း ဆောင်ပုဒ်တစ်ခုကို ရေးစပ်၍ ထားတော်မူခဲ့ကြပါသည်။ [၁]ထိပ်ဝတစ်ပြန် အနားချန် လေးပြန် အလယ်ထား။ [၂]ထိပ်ဝခြောက်ချိုး ပယ်ငါးချိုး တစ်ချိုး အပေါက်ထား။ [၃]လက်လေးသစ်အောက်၊ ကား၍ဖေါက် တောင်မြောက် အဝေကြား။ [၄]တီးလိုက်တဲ့ခါ အသံမှာ လွန်စွာ နာပျော်သား။ [၅]လက်ရိုက်ကတ်ကင်း ရန်ဘေးရှင်း သတင်းကျော်ထင်ရှား ။ ဟူ၍ဖြစ်သည်။
ဥပမာ ။ ။ ထိပ်ဝအချင်း ၉-လက္မရှိသော သစ်တုံးတစ်ခုကို တုံးမောင်းထွင်းမည်ဆိုပါက ထိပ်ဝအချင်း ၉-လက္မရှိသည့်အတွက် အပေါ်နား အောက်နား ၉-လက္မစီ ထားပြီး အလယ်က ၉-လက္မ ၄-ပြန် ထားရမည် ဖြစ်ပါသည်။ တဖန် ထိပ်ဝအချင်း ၉-လက္မကို ၅-ချိုးချိုးပြီး ၄-ချိုး နက်အောင်ထွင်းရမည် ဆိုသောကြောင့် အနက်မှာ ၇.၂-လက္မ ရှိပေလိမ့်မည်။ တုံးမောင်း၏ ပါးစပ်ခေါ်သော အပေါက်ကိုမူ ထိပ်ဝအချင်း ၉-လက္မကို ၆-ချိုးချိုးပြီး တစ်ချိုးကိုသာ ထားရမည်ဆို၍ ၁.၅-လက္မ ရှိပါမည်။ ထို့ကြောင့် စုစုပေါင်း အရှည် ၄-ပေ ၆-လက္မ ရှိမည်ဖြစ်ပါသည်။ ဤကား ရှေးဆရာတော်ကြီးများ၏ တုံးမောင်းထွင်းနည်းစနစ် တစ်ခုဖြစ်ပါသည်။
အုန်းမောင်းခေါက်စနစ်
[၁] ချက်ကြီးသံ [၂] မျောသံ [၃] ပိတ်သံ ဟု (၃) မျိုး ရှိ၏။ [၁] အစ ပထမဦးဆုံး တစ်ချက်ခြင်း လေးလေးမှန်မှန်[၉]ချက် တီးတာကို ချက်ကြီးသံ ဟု ခေါ်၏။ [၂] ၉-ချက် ပြည့်သွားပြီးနောက် ခပ်မြန်မြန် အသံချင်း ဆက်လုမတတ် ဒရစပ် တီးခေါက်တာကို မျောသံ ဟု ခေါ်၏။ [ဖြေးဖြေးမှန်မှန် တစ်ချက်ချင်း ၂၄-ချက်]။ [၃] ဒီနောက် တစ်ချက်ဖြစ်စေ နှစ်ချက်ဖြစ်စေ သုံးချက်ဖြစ်စေ တုံးသံပေး၍ ရပ်နားခြင်းကို ပိတ်သံ ဟု ခေါ်၏။ [တုံးသံပိတ်ရာ၌ တနင်္ဂနွေ-တစ်ချက်၊ တနင်္လာ-နှစ်ချက် စသည်ဖြင့် နေ့အလိုက်ပိတ်၏] ။ဥပမာ..တနင်္ဂနွေနေ့ ၁-ချက်၊ တနင်္လာနေ့ ၂-ချက်။
မြန်မာဗေဒင်ပညာနည်းအတိုင်း ကလတက် ပြုလုပ်ပုံ
မြန်မာဗေဒင်ပညာနည်းအတိုင်း ကလတက်ဆိုတာ စနေနံ၊ အဲဒါကြောင့် နံတူထပ်က အသေရ ဆိုတဲ့အတိုင်း ကလတက်ကို ခေါက်ဖို့ စနေနေ့ ထန်းသီးဆန် အခြောက်ဖြစ်အောင် လုပ်ရမယ်။ ထန်းပင်ပေါ်က ခုတ်ချတဲ့ ထန်းသီး မဖြစ်စေရပါ။ အပင်ပေါ်က ထန်းသီးရင့်ရင့်ကိုရှာပြီး အပင်အောက်ကို ယူလာခိုင်းရမယ်။ ပစ်ချရင် အသံ မကောင်း ဖြစ်တတ်တယ်။ ထိုရထားတဲ့ ထန်းသီးဆန်တခုကို ရေနှစ်ပုလင်းခန့်နဲ့ အရက်မီးတောက် ပုလင်းထက်ဝက်ခန့် ထပ်ပြီး ရောထည့်ပါ။
ထပ်ပြီး ရေဆူအောင်ကျိုပါ။ အဲဒီနောက် ထိုအဆန်ကို စပါးပုတ်ထဲမှာ သုံးလခန့်မြှုပ်ပါ၊ ထိုအဆန်ကို အရိုးလုပ်ဖို့အတွက် ကလတက် စနေနံရဲ့ ဓာတ်ရန်ဂြိုဟ်ဖြစ်တဲ့ (တောသူ) သီးသား (သို့မဟုတ်) သံသတ်သားကို ရှာပြီး အရိုးပြုလုပ်ပါ။ ထိုအခါ တီးခတ်တဲ့အခါ အလွန်မြည်၊ အလွန်အသံသာတဲ့ ကလတက်သံ ကြားရပါမယ်။
ကလတက် အကြိမ်ရေနှင့် အဓိပ္ပါယ်
ထိုကလတက်သံကို အလှမ်းကွာတဲ့ အရပ်ဒေသများကပင် ကြားရပါတယ်။ ၁။ ကလတက်ကို အကြိမ်ဆက်ကာဆက်ကာ ခေါက်ရင် ရွာထဲကဒကာအချို့ ကျောင်းကိုရောက်အောင် သွားရတယ်။ အကြောင်းရှိတယ်၊ ပြောစရာ အရေးကြီးနေတယ်လို့ သဘောပေါက်ကြတယ်။ ၂။ ကိုးချက်ခေါက်တယ်ဆိုရင် နေ့လယ် ကျောင်းမှာ အစည်းအဝေး ရှိတယ်၊ ဒကာတွေ ကျောင်းကို လာရမယ်လို့ သဘောပေါက်ကြတယ်။ ၃။ တစ်ချက် ခေါက်ရင် ကပ္ပိယ လာရမယ်။ ၄။ နှစ်ချက်ခေါက်ရင် ကျောင်းသား လာရမယ်။ ၅ သုံးချက်ခေါက်ရင် ကိုရင် လာရမယ် ဆိုတာ သိနေတဲ့အတိုင်း ဘုန်းတော်ကြီးထံကို ရောက်အောင် သွားကြရတယ်။
ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင် ၏ စာစု နှင့် ဥဿာဆရာအို ၏ စာစုကို ပေါင်း၍ မျှဝေခြင်းဖြစ်ပါသည်။