ဂျွန်ဒေးဗီဆန် ရော့ဖဲလား သည် သူ၏ခေတ်တွင် ကမ္ဘာပေါ်၌ အကြွယ်ဝဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားခဲ့သော အမေရိကန်လူမျိုး ဖြစ်သည်။ သူဦးစီးတည်ထောင်သော စတင်း ဒတ်ရေနံကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင်းရှိ ရေနံလုပ်ငန်း ဟူသမျှလိုလိုကို ချုပ်ကိုင်ထားသည့် တစ်ဦးတည်း ရောင်းဝယ် ခွင့်ရသော လုပ်ငန်းကြီး ဖြစ်လေသည်။
ရော့ဖဲလား၏ စီးပွားရေးလုပ်ငန်းသည် ကမ္ဘာအရပ်ရပ်သို့ပင် ကျယ်ပြန့်လာရာ၊ ပြိုင်ဘက်ကင်းသည့် ဓနရှင်အဖြစ် စီးပွားရေးနယ်တွင် ထင်ရှား ခဲ့သည်။
ရော့ဖဲလားသည် ၁၈၃၉ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ တွင် နယူးယော့ပြည်နယ်၊ ရစ်ချဖို့မြို့၌ ဖွားမြင်၏။ သူငယ်စဉ်က မိသားစုဆင်းရဲလွန်းသဖြင့် လယ်တောထဲတွင် အာလူးတူးသည့်အလုပ်ကို ပင်ပန်းစွာလုပ်ကိုင်ခဲ့ရသည်။ ၁၄ နှစ် သား အရွယ်တွင် မိဘများနှင့်အတူ အိုဟိုင်းအိုပြည်နယ်၊ ကလိ ဗလန်မြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး ထိုမြို့ရှိ အထက်တန်း ကျောင်းတွင် ပညာသင်ကြားခဲ့သည်။
သူ့ဘဝပြောင်းလဲစေခဲ့သည့် ဖြစ်ရပ်တစ်ခုမှာ သူပထမဆုံးကြိုက်ခဲ့သည့် ကောင်မလေးနှင့်ပတ်သတ်သည်။ ကောင်မလေး၏ အမေသည် ရော့ဖဲလားကဲ့သို့ ဆင်းရဲပြီး ဘာအလားအလာမှ မရှိသူနှင့် သူ့သမီးအား သဘောမတူနိုင်ဟု ငြင်းလွှတ်ခဲ့သည်။ ထိုအချိန်မှ စ၍ ရော့ဖဲလားသည် ဆင်းရဲသောသူ့ဘဝအား စိတ်နာခဲ့ပြီး အလွန်ချမ်းသာချင်ခဲ့သည်။
ချမ်းသာသည့် နည်းလမ်းမှန်သမျှ ရှာကြံလုပ်သည်။ မိမိကိုယ်ပင် မသထာတော့ပဲ ရသမျှငွေကိုခြစ်ကုပ်စုသည်။ အသက် ၁၆နှစ် အရွယ်တွင် လက်ထောက်စာရေးအဖြစ် အလုပ်လုပ်ခဲ့သည်။ စီးပွားရေးလုပ်ငန်းတစ်ခု၏ နေ့စဉ်လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ရသည့်အလုပ်ဖြစ်သည်။
သုံးနှစ်လ ုပ်အပြီးရငွေမှာ ၅၀ဒေါ်လာ(၂၀၁၇ခုနှစ်တန်ဖိုးနဲ့တွက်မယ်ဆိုရင် ဒေါ်လာ ၁၃၀၀ခန့်) သာ ရှိခဲ့သည်။ ထို့နောက် သူ့ဘဝတွင် အကြီးဆုံးရည်မှန်းချက် ၂ခုကို ချမှတ်ခဲ့ပြီး မဖြစ်ဖြစ်အောင်ကြိုးစားမည်ဟု သံဓိဌာန်ချခဲ့သည်။ ထိုရည်မှန်းချက် ၂ခုမှာကား သူ့ဘဝတွင် ဒေါ်လာ ၁သိန်း(၂၀၁၇ တန်ဖိုးနဲ့ ဒေါ်လာ ၂.၆သန်း) ရှာဖို့နဲ့ အသက် ၁၀၀ အထိနေသွားဖို့ဖြစ်သည်။ ထို့နောက်စီးပွားရေးကို ရသမျှလုပ်တော့သည်။
အသက် ၁၉ နှစ် အရွယ်၌ ကလတ်နှင့် ရော့ဖဲလား လက်ကားရောင်းဝယ်ရေး ပွဲရုံတွင် အစုစပ် ပါဝင်လေသည်။ ၁၈၅၉ ခုနှစ်တွင် ပင်ဆီလဗေးနီးယားပြည်နယ်၌ ရေနံကို စတင်တွေ့ရှိ၏။ ထိုကြောင့် ၁၈၆၂ ခုနှစ်တွင် ကလတ်နှင့် ရော့ဖဲလားတို့သည် ရေနံချက် လုပ်ငန်း၌ ငွေရင်းမြှုပ်နှံ၍ လုပ်ကိုင်ကြသည်။ ကလတ်သည် အစုစပ်အဖြစ်မှ နုတ်ထွက်သွားသောအခါ ရော့ဖဲလားသည် သူ၏ညီ ဝီလျံရော့ဖဲလားနှင့်အတူ ရေနံလုပ်ငန်းကို ဆက် လက် လုပ်ကိုင်လေသည်။
၁၈၇ဝ ပြည့်နှစ်တွင် အိုဟိုင်းအိုပြည် နယ် စတင်းဒတ်ရေနံကုမ္ပဏီဟူ၍ ဖွဲ့စည်းပြီးလျှင် ဂျွန်ရော့ ကဖဲလားသည်လည်း ထိုကုမ္ပဏီ၌ ဥက္ကဋ္ဌဖြစ်လာ၏။ ရေနံလုပ်ငန်းကြောင့် အသက် ၃၃နှစ်အရွယ်မှာပင် သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့သည်။
ရော့ဖဲလားသည် မီးရထားအာဏာပိုင်များနှင့် ပူးပေါင်း ၍ မိမိကုမ္ပဏီထွက် ရေနံကုန်တင်ခနှုန်းကို လျှော့ယူရန်၎င်း၊ အခြားရေနံကုမ္ပဏီများအတွက်မူ ကုန်တင်ခနှုန်းကို တိုးယူရန်၊ သို့မဟုတ် လုံးဝတင်ပို့ခြင်း မပြုရန်၎င်း စီစဉ်လေသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ရော့ဖဲလားသည် မိမိနှင့် စီးပွားရေး ပြိုင်ဘက်များကို ဖယ်ရှားနိုင်ပြီးလျှင် ၁ဝ နှစ်အတွင်း စတင်း ဒတ် ရေနံကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် ရေနံချက်လုပ်ငန်း နှင့် ရေနံဖြန့်ဖြူးသည့်လုပ်ငန်း ၉၅ ရာခိုင်နှုန်းကို ချုပ်ကိုင်မိ လေသည်။
အသက် ၄၃နှစ်တွင် ကမ္ဘာ့အကြီးဆုံး ရေနံလုပ်ငန်း ၊ ကုန်သွယ်ရေးလုပ်ငန်း ၊ စက်ရုံ ၊ ရေနံတွင်းပေါင်းများစွာ ပိုင်ဆိုင်သူဖြစ်လာခဲ့ပြီး အသက် ၅၃နှစ်တွင် ထိုခေတ်ထိုအခါက ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့သည်။ သူ၏ ပိုင်ဆိုင်မှုကို ၂၀၁၇ ငွေကြေးတန်ဖိုးနှင့်တွက်လျှက် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀၀ ခန့်ရှိပြီး ယနေ့ခေတ်အချမ်းသာဆုံးသူဌေးကြီးထက် ၃ဆပိုမိုချမ်းသာသည် ဟုဆိုရမည်။
စီးပွားရေးတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သော်လည်း သူ့ကျန်းမာရေးက မစားနိုင်မသောက်နိုင်တော့လောက်အောင် ဆိုးရွားလာခဲ့သည်။ ငွေကိုသာ သဲသဲမည်းမည်းရှာနေခဲ့ပြီး ကျန်းမာရေးကို ဂရုမစိုက်ခဲ့သောကြောင့်ဖြစ်သည်။ ငွေချမ်းသာလာခဲ့သော်လည်း ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲစွာနေခဲ့ရသည်။ ဆရာဝန်များက သူ့အားမေးခွန်းတစ်ခုကိုမေးသည်။ ခင်ဗျားပိုက်ဆံကိုပဲဆက်ရှာပြီးအသေခံမလား ၊ ကျန်းမာရေးအတွက် လုပ်သင့်လုပ်ထိုက်တာတွေလုပ်မလား ခင်ဗျားကြိုက်တာကိုရွေးပါ ဟူ၍ဖြစ်သည်။
ပိုက်ဆံကိုသာမည်းရှာခဲ့ ရယူဖို့သာကြည့်ခဲ့သည့်အတွက် မီဒီယာများက အရင်းရှင်ဟုစွပ်စွဲခဲ့လောက်အောင်ပင် ရော့ဖဲလားသည် စီးပွားရေးအတ္တကြီးခဲ့သည်။ ဆရာဝန်မေးခွန်းကြောင့် သတိပြန်ဝင်လာခဲ့ပြီး တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ သူ့ရည်မှန်းချက်တစ်ခုဖြစ်သော်လည်း နောက်တစ်ခု မဖြစ်မှာ အစိုးရိမ်ကြီးစိုးရိမ်ခဲ့သည်။
ထို့ကြောင့် ၁၉၁၁ ခုနှစ်တွင် ရော့ဖဲလားသည် စတင်းဒတ်ရေနံ ကုမ္ပဏီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီးနောက် သားဖြစ်သူ ဂျွန်ရော့ဖဲလား(အငယ်)အား လုပ်ငန်းတာဝန်ကို လွှဲအပ်ခဲ့ သည်။ သူ့ကိုယ်သူ အပြောင်းလဲကြီး ပြောင်းပစ်ခဲ့သည်။ ကျန်းမာရေးကိုပြန်လည်လိုက်စားသလို သူ့စည်းစိမ်များကို ပေးကမ်းလှူဒါန်းခြင်းအလုပ်ကိုသာ လုပ်တော့သည်။
ဖောင်ဒေးရှင်းကြီးတည်ထောင်၍ လူအများအကျိုးကို ရှေးရှု၍ ငွေအမြောက် အမြား လှူဒါန်းခဲ့သည်။ ကမ္ဘာအရပ်ရပ်ရှိ ဆေးသုတေသန အဖွဲ့များကိုလည်း လှူဒါန်းခဲ့သည် ။ သူ၏ ပံ့ပိုးမှုကြောင့်ပင် ကာကွယ်ဆေးအမြောက်အများ ရှာဖွေထုတ်လုပ်လာနိုင်ခဲ့သည်။
ပညာရေးဘက်တွင်လည်း သူ့လိုမဖြစ်ရလေအောင် အထူးလှူဒါန်းသည်။ ထို့ကြောင့်ချီကာဂို တက္ကသိုလ်ကြီးပေါ်ပေါက်လာခဲ့သည်။ရော့ဖဲလားသည် စီးပွားရေးလုပ်ငန်းမှ အနားယူပြီး သည့်နောက် ကမ္ဘာပေါ်ရှိလူများ ကောင်းစားရေးအတွက် ထောက်ပံ့ရေးအဖွဲ့အစည်းများကို ဖွဲ့စည်းခဲ့သည်။
မိမိ၏စည်းစိမ် ဥစ္စာထဲမှ ဒေါ်လာငွေ အမြောက်အမြားကို ထိုအဖွဲ့အစည်းများ အတွက် ရက်ရောစွာလှူဒါန်းခဲ့သည်။ ရော့ဖဲလားဖောင် ဒေးရှင်းအဖွဲ့၊ ရှီကားဂိုး တက္ကသိုလ်၊ ရော့ဖဲလား ဆေးဘက် သုတေသနအသင်း၊ ပညာရေးအဖွဲ့ စသည်တို့မှာ ရော့ဖဲလား၏ ထင်ရှားသော အသင်းအဖွဲ့များ ဖြစ်သည်။
ထိုကဲ့သို့ သူ့ကိုယ်ကျိုးအတွက် မလုပ်တော့ပဲ အများအကျိုးအတွက်သာ တွင်တွင်လုပ်ခဲ့သဖြင့် သူ့အား အရင်းရှင်လုပ်ငန်းရှင်ကြီးဟု မုန်းတီးခဲ့သော လူထုက ပြန်လည်ချစ်ခင်လာခဲ့ပြီး ပရဟိတသူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့သည်။ သူကိုယ်တိုင်လည်း အများအကျိုးသာလုပ်တော့သည့် အတွက် စိတ်အချမ်းသာကြီးချမ်းသာခဲ့ပြီး ကျန်းကျန်းမာမာနေထိုင်သွားရသည်။
ရော့ဖဲလားသည် ၁၉၃၇ ခုနှစ် မေလ ၂၃ ရက်နေ့ အသက် ၉၇ နှစ်တွင် ဖလော်ရီဒါနယ်၌ ကွယ်လွန်လေသည်။ အသက် ၉၇ထိနေရသွားရသဖြင့် သူ၏ အသက် ၁၀၀အထိနေမည်ဟူသော ရည်မှန်းချက်ကို လုပ်ဆောင်သွားနိုင်သည်ဟု ဆိုရပေမည်။ သူ၏ ရည်မှန်းချက် ၂ခုစလုံးကို ဖြစ်မြောက်အောင် လုပ်ဆောင်သွားနိုင်သူဖြစ်သည်။
ရော့ဖဲလားကွယ်လွန်ပြီးနောက် သားဖြစ်သူ ဂျွန်ဒေးဗီဆန် ရော့ဖဲလား (အငယ်) (ခရစ် ၁၈၇၄)သည်လည်း ဖခင်၏ လက်ငုတ်ဖြစ်သော ရေနံလုပ်ငန်း ကို ဆက်လက်၍ ဦးစီးလုပ်ကိုင်သည်။ အလှူပေးကမ်းခြင်း၌ ဖခင်ကဲ့သို့ပင် ရက်ရောသည်။
၁၉၄၆ ခုနှစ်တွင် နယူးယော့ မြို့ရှိ ပေါင်နှစ်သန်းတန် မိမိပိုင်မြေကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးသို့ လှူဒါန်းခဲ့လေသည်။ ရော့ဖဲလား သေဆုံးခဲ့သည်မှာ ၁၀စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူတည်ထောင်ခဲ့သော အဖွဲ့အစည်းများ၏ အသီးအပွင့်များကို ယခုထိတိုင် လူသားတို့ခံစားနေကြဆဲဖြစ်သလို ရော့ဖဲလားအားလည်း ဂန္တဝင်ပုဂ္ဂိုလ်ကြီးဟု အသိအမှတ်ပြုနေကြရဆဲပင်..
Discussion about this post