ရေးသားသူ – ကောင်းစည်သူ
ယူကရိန်းနိုင်ငံသည် ဥရောပတိုက်အရှေ့ပိုင်းတွင်တည်ရှိသည့် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံတစ်ခုဖြစ်ကာ ရုရှ၊ဘီလာရုစ်၊ပိုလန်၊ဟန်ဂေရီ၊ဆလိုဗေးကီးယား၊ရိုမေးနီးယား၊မော်လ်ဒိုဘာနိုင်ငံများနှင့် နယ်နိမိတ်ဆက်စပ်နေသည်။ ပင်လယ် ထွက်ပေါက်အဖြစ်တောင်ဘက်တွင် ပင်လယ်နက်နှင့်အရှေ့တောင်ဘက်တွင် အာဇောပင်လယ်တို့တည်ရှိသည်။ ရုရှနိုင်ငံက ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့သည့် ကရိုင်းမီးယားကျွန်းဆွယ်ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ ရုရှနိုင်ငံနှင့် အငြင်းပွားနေ သည့် ယူကရိန်းနိုင်ငံကို ကမ္ဘာ့နိုင်ငံအများစုနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ခံကြသည်။
ကရိုင်းမီးယားအပါ အဝင် ယူကရိန်းနိုင်ငံသည် ၂၂၃၀၆၂ စတုရန်းမိုင်ကျယ်ဝန်းကာ ရေပြင်ဧရိယာ ခုနစ်ရာခိုင်နှုန်းတည်ရှိသဖြင့် ဥရောပတိုက်အတွင်း အကျယ်ဝန်းဆုံးနှင့် ကမ္ဘာ့ ၄၆ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။၂၀၁၆ ခုနှစ် သန်းခေါင်စာရင်းများအရ ယူကရိန်းနိုင်ငံ လူဦးရေ သည် ၄၂ ဒသမ ၅ သန်းဖြစ်ကာ ကမ္ဘာ့လူဦးရေစာရင်း တွင် အဆင့် ၃၂ ဖြစ်သည်။ လူဦးရေ သိပ်သည်းဆသည် တစ် စတုရန်းမိုင် တွင် ၁၉၁ ဦးဖြစ်သည်။
သမိုင်းနောက်ခံ
ယူကရိန်းဒေသတွင် ရှေးဦးလူသားများဖြစ်သည့် Neanderthal များ အခြေချနေထိုင်ခဲ့သည့် အထောက်အထားများ ကို မိုလိုဒိုဗာ(Molodova 43,000–45,000 BC) ရှေးဟောင်းသုတေသနနယ်မြေတွင် တွေ့ရှိခဲ့သည်ဟုဆိုသည်။ထို့အတူ ယင်းနယ် မြေ၌လူသားများသည် မြင်းများကို အိမ်မွေးတိရိစ္ဆာန်များအဖြစ်မွေးမြူခဲ့ကြဖွယ်ရှိသည်။ ခရိုင်းမီးယား တောင်တန်းရှိ ဂရာဗက်တီယမ် ယဉ်ကျေးမှု (Gravettian culture) အထောက်အထားများအရ ယူကရိန်းနှင့် အနီးဝန်းကျင်ဒေသများတွင် လူသားများသည် ခရစ် တော် မပေါ်မီ နှစ် ၃၂၀၀၀ တွင်စတင် နေထိုင်အခြေချခဲ့ကြသည်။
ဥရောပအလယ်ခေတ်တွင် ယူကရိန်းနယ်မြေသည် ယူကရိန်းနိုင်ငံကို ဖြစ်ပေါ်စေခဲ့သည့် အင်အားကြီးသော Kievan Rus နိုင်ငံနှင့်အတူ အရှေ့ ဆလာဗက်ယဉ်ကျေးမှုထွန်းကားခဲ့သည့် အဓိကနေရာဖြစ်ခဲ့သည်။၁၃ ရာစုတွင် Kievan Rus ပြိုကွဲခဲ့ပြီးနောက် အင်အားကြီးသော အဖွဲ့များသည် ယင်းနယ်မြေကို ယှဉ်ပြိုင်လုယက်၍ လစ်သူရေးနီးယား၊ ပိုလန်၊ အော်တိုမန် အင်ပါယာ၊ သြစတြီးယား ဟန်ဂေရီ နှင့် ရုရှတို့က ခွဲဝေအုပ်ချုပ်ခဲ့ကြသည်။ ကော့ဆက်ပြည်ထောင်စုဟု အမည်တွင်ခဲ့သည့် ယင်းနယ်မြေသည် ၁၇ ရာစုနှင့် ၁၈ ရာစုအတွင်း တိုးတက်စည်ပင်ခဲ့သော် လည်း နယ်မြေများသည် အပိုင်းပိုင်းဖြစ်ခဲ့ကာ နောက်ဆုံးတွင် ရုရှက နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။
၂၀ ရာစုအတွင်း ယူကရိန်းသည် လွတ်လပ်ရေးကြိုးပမ်းမှု သုံးကြိမ်ဖြစ်ပွားခဲ့သည်။ ပထမကမ္ဘာစစ် ပြီးလုနီးချိန်တွင် ဂျာမာန်တို့ သိမ်း ပိုက်ပြီးနောက် တစ်ကြိမ်၊ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမာန်တို့ သိမ်းပိုက်ချိန်တွင်တစ်ကြိမ် လွတ်လပ်ရေး ရရှိရန် ကြိုးပန်းခဲ့သည်။ယင်းကြိုးပမ်းမှု နှစ်ကြိမ် လုံးတွင် ယူကရိန်းနယ်မြေများသည် ဆိုဗီယက်နယ်မြေများနှင့် ပူးပေါင်းခဲ့ရသည်။ တတိယအကြိမ် လွတ်လပ်ရေးကြိုးပမ်းမှုသည် ၁၉၉၁ ခုနှစ်တွင်စတင်ခဲ့ကာ စစ်အေးတိုက်ပွဲအပြီး ဆိုဗီယက်ယူနီယမ် ပြိုကွဲခဲ့ပြီးနောက် ယူကရိန်းသည် ဆိုဗီယက်တို့ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။ယူကရိန်းနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက် နိုင်ငံ အမည် The Ukraine ကို The ဖြုတ်၍ Ukraine ဟု ခေါ်တွင်ခဲ့သည်။
ယူကရိန်းနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက် ကြားနေနိုင်ငံအဖြစ်ကြေညာခဲ့သော်လည်း ၁၉၉၄ ခုနှစ်တွင် နေတိုး အဖွဲ့ နှင့်ပူးပေါင်းကာ ၂၀၀၀ ပြည့်နှစ်တွင် နေတိုးဘက်သို့ ယိမ်းယိုင်ခဲ့ပြီး နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ နေတိုးအဖွဲ့သို့ဝင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် ဆုံးဖြတ်ရန် သဘောတူညီခဲ့သော်လည်း ယူကရိန်းနိုင်ငံ သမ္မတ ဟောင်း ဗစ်တာယူနီကိုဗစ်ရှစ်က ယူကရိန်းသည် နေတိုး အဖွဲ့နှင့်လက်ရှိ ပူးပေါင်းဆောင်ရွက်မှုအနေအထားသည် လုံလောက်မှု ရှိနေသဖြင့် နေတိုးအဖွဲ့သို့ ဝင်ရန် ဆန့်ကျင်ခဲ့သည်။
၂၀၁၃ ခုနှစ် အာဏာရရှိလာသည့် သမ္မတ ရာနိုကူဗစ်ရှ် လက်ထက်တွင် ယူကရိန်း နှင့် ဥရောပသမဂ္ဂနိုင်ငံများ သဘော တူညီချက်ကို ရွှေ့ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကာ ရုရှနိုင်ငံနှင့် စီးပွားရေးအရ ပိုမိုပူးပေါင်းရန် ကြံရွယ်ခဲ့သည်။ယင်းဆုံးဖြတ်ချက်ကြောင့် ယူကရိန်းနိုင်ငံတွင် လအတန်ကြာ ဆန္ဒပြ၊ဆူပူမှုများဖြစ်ပွားခဲ့သည်။ ယင်းလှုပ်ရှားမှုများသည် ၂၀၁၄ ခုနှစ် ယူကရိန်းတော်လှန်ရေးကို အရှိန်မြင့်စေခဲ့ကာ သမ္မတ ရာနိုကူဗစ်ရှ် နှင့် အစိုးရအဖွဲ့ကို ပြုတ်ကျစေခဲ့သည်။ယင်းအခြေအနေများသည် ၂၀၁၄ ခုနှစ်မတ်လတွင် ရုရှနိုင်ငံက ယူကရိန်းကို ကျူးကျော်မှုနှင့် ၂၀၁၄ ခုနှစ် ဧပြီလတွင်ဖြစ်ပွားခဲ့သည့် ဒွန်ဘတ်စ်စစ်ပွဲ၏ နောက်ခံအကြောင်းများကို ဖြစ် ပေါ်စေခဲ့ပေသည်။
ကမ္ဘာစစ်ကြီး နှစ်ခုနှင့် ယူကရိန်း
၁၉ ရာစု အတွင်း ယူကရိန်းသည် ရုရှ နှင့် သြစတြီးတို့က မျက်ကွယ်ပြုထားသည့် နေရာတစ်ခုဖြစ်နေခဲ့ကာ မြို့ပြ ခေတ်မီ တိုးတက်လာမှုများက ယူကရိန်း ယဉ်ကျေးမှုကို အမျိုးသားရေးဝါဒဆီသို့ ဦးတည်စေခဲ့သည်။ ယူကရိန်းအမျိုးသား လှုပ်ရှားမှုကို ကဗျာဆရာ တာရာ့စ် ရျက်ဖ်ရှင်ကို (Taras Shevchenko ၁၈၁၄–၁၈၆၁) နှင့် နိုင်ငံရေးသမား မီခိုင်လို ဒရာဟိုမိုနော့(Mykhailo Drahomanov ၁၈၄၁–၁၈၉၅) တို့က ဦးဆောင်ခဲ့သည်။ ၁၉ ရာစု အစမှာပင် ယူကရိန်းတို့သည် ရုရှ အင်ပါယာသို့ရွှေ့ပြောင်းနေထိုင်မှုများရှိခဲ့ရာ ၁၈၉၇ ခုနှစ် သန်းခေါင်စာရင်း များအရ ဆိုက်ဘေးရီးယားတွင် ယူကရိန်းလူမျိုးနွယ် ၂၂၃၀၀၀ နှင့် ဗဟိုအာရှဒေသတွင် ၁၀၂၀၀၀ ရှိခဲ့သည်။
ဆိုက်ဘေးရီးယားကို ဖြတ်သန်းဖောက်လုပ်သည့် မီးရထားလမ်းဖွင့်လှစ်ခဲ့ပြီးနောက်၁၉၀၆ ခုနှစ်တွင်ယူကရိန်းလူမျိုး ၁၆ သိန်းအထိရှိလာခဲ့ပြီး ယူကရိန်း လူမျိုးများ အများအပြား ရောက်ရှိလာခဲ့သည့် အရှေ့ဖျားနယ်မြေသည်အစိမ်းရောင်ယူကရိန်း( Green Ukraine) ဟု အမည်တွင်ခဲ့ သည်။ ယူကရိန်း ဒေသတွင် အမျိုးသားဝါဒီများနှင့် ဆိုရှယ်လစ်ဝါဒီများ ထူထောင်သည့် ပါတီများ ပေါ်ထွက်လာခဲ့သည်။ ပထမကမ္ဘာစစ်ဖြစ်ပွားချိန်တွင် ယူကရိန်းတို့သည် ရုရှတပ်မတော်ဘက်နှင့် သြစတြီးယား ဟန်ဂေရီ တပ်မတော်ဘက် နှစ်ခု လုံးမှ ပါဝင်တိုက်ခိုက်ခဲ့သည်။ဟန်ဂေရီတပ်မတော်က ထူထောင်ပေး ခဲ့သည့် ယူကရိန်းဂလာရှန်တပ်မတော်သည် ဘော်ရှီဗစ်များကို တိုက်ခိုက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း၌ ကိဗ်မြို့တော်သည် များစွာ ထိခိုက်ပျက်စီးခဲ့ကာ နာဇီဂျာမနီတို့က ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက် မှ ၁၉၄၃ ခုနှစ် နိုဝင်ဘာ ၆ ရက်အထိ သိမ်းပိုက်ခဲ့သည်။စစ်ပွဲအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် ယူကရိန်း လူမျိုးများသည် အရေအတွက် ငါးသန်းနှင့်ခုနစ် သန်းအကြားရှိခဲ့ကြောင်း ခန့်မှန်းခဲ့သည်။ယင်းတို့အနက် နာဇီတို့ သတ်ဖြတ်ခဲ့သည့် ဂျူးလူမျိုး တစ် သန်း ခွဲ ပါဝင်သည်။ ဒုတိယ ကမ္ဘာစစ်ကြောင့် ယူကရိန်းသည် များစွာ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ၁၉၄၆ ခုနှစ် နှင့် ၁၉၄၇ ခုနှစ်တွင် ရင်ဆိုင် ခဲ့ရသည့်ငတ်မွတ်မှုဘေးကြောင့် ပြည်သူများ ဒုက္ခပင်လယ်ဝေခဲ့ကြကာ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြသည်။
လွတ်လပ်သော ယူကရိန်း
၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၁၆ ရက်တွင် ယူကရိန်းလွှတ်တော်က ယူကရိန်းနိုင်ငံ၏ အချုပ်အခြာ အာဏာကြေညာ စာတမ်း ကို ထုတ်ပြန်ခဲ့ကာ နိုင်ငံတော်အခြခံမူများကို ချမှတ်ခဲ့သည်။ ၁၉၉၁ ခုနှစ် တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး နောက် ပထမ ဆုံး သမ္မတရွေးကောက်ပွဲကို ပြုလုပ်ခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌ လီယိုနစ်ကရက်ချော့ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ သည်။ ယူကရိန်းနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာကောင်းများရှိသော်လည်း အခြားသော ဆိုဗီယက်ပြည်ထောင်စု နိုင်ငံ များအောက် စီးပွားရေး နိမ့်ကျခဲ့သဖြင့် ၁၉၉၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး ၆၀ ရာခိုင်နှုန်း လျော့ကျခဲ့ကာ ငွေကြေးဖောင်းပွမှု အလွန်မြင့်မားခဲ့သည်။၁၉၉၆ ခုနှစ်တွင် ယူကရိန်းငွေကြေးအသစ် Hryvnia ကိုသတ်မှတ်ခဲ့ပြီး နောက် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် စီးပွားရေး တိုးတက်မှုများ ရရှိလာခဲ့ကာ နှစ်စဉ် စီးပွားရေး ခုနစ်ရာခိုင်နှုန်းတိုးတက် လာခဲ့ သည်။
ယူကရိန်းနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို ယူကရိန်းနိုင်ငံ၏ ဒုတိယသမ္မတ လီယိုနစ် ကုချ်မာလက်ထက် ၁၉၉၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကာ တည်ငြိမ်သော နိုင်ငံရေးစနစ်ကို တည်ထောင်နိုင်ခဲ့သည်။သို့သော် ကုချ်မာကို အတိုက်အခံများက လာဘ်စားမှုများ၊ ရွေးကောက်ပွဲ မသမာမှုများရှိခဲ့သည်ဟု ဝေဖန်ခဲ့ကြပြီး အာဏာကို အလွန်အကျွံသုံးစွဲခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ယူကရိန်းသည် နယူးကလီးယား လက်နက်ဖျက်သိမ်းရေးကို အပြည့်အဝလိုက်နာခဲ့ကာ ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး နယူးကလီးယား လက်နက်များကို စွန့်ပယ်ခဲ့၍ ဗျူဟာမြောက် နယူးကလီးယားဗုံးကြံလေယာဉ်များကို ဖျက်သိမ်းခြင်း၊ ရွှေ့ပြောင်း ခြင်းများပြု လုပ်ခဲ့သည်။
ယူကရိန်းနိုင်ငံသည် ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဟူသည့် မဏ္ဍိုင်သုံးရပ်ကို အခြေပြုသော ပြည်ထောင်စု စနစ်ကို ကျင့်သုံးသည်။နိုင်ငံ၏ မြို့တော်သည် ယူကရိန်းတွင် အကြီးဆုံးဖြစ်သည့် ကိဗ် ဖြစ်သည်။နိုင်ငံလူဦးရေ ၄၂ ဒသမ ၅ သန်းရှိ သည့် အနက် ၇၇ ဒသမ ၈ ရာခိုင်နှုန်းသည် ယူကရိန်းလူမျိုးများဖြစ်ကာ ရုရှ လူမျိုးများက ၁၇ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။ ယူကရိန်း နိုင်ငံတွင် ရိုမေးနီးယား ၊မော်လ်ဒိုဘာ၊ ဘီလာရုစ်၊ ခရိုင်းမီးယား တာတာ၊ ဘူလ်ဂေးရီးယားနှင့် ဟန်ဂေရီ လူမျိုးများ လည်း နေထိုင်ကြပြီး နိုင်ငံ၏ တရားဝင်သုံး ဘာသာစကားသည် ယူကရိန်းဘာသာဖြစ်သည် ။ နိုင်ငံသား အများစုသည် ယူကရိန်း ဗိသုကာပညာ၊ စာပေနှင့် ဂီတအပေါ်သြဇာသက်ရောက်မှု ကြီးမားသည့် ရှေးရိုး ခရစ်ယာန်ဘာသာ (Eastern Orthodoxy) ကို ယုံကြည် သက်ဝင်ကြသည်။ ယူကရိန်းဟူသည့် အမည်ကို နယ်စပ်ဒေသဟု အစဉ်အဆက် အဓိပ္ပာယ်ဖွင့်ခဲ့ကြသော်လည်း ဘာသာဗေဒ ပညာရှင်အချို့က ယူကရိန်းသည် အမိမြေဟုဆိုလိုကြောင်း ဖော်ထုတ်ခဲ့ကြသည်။
ယူကရိန်းနိုင်ငံသည် ကျယ်ပြန့်၍ မြေဆီမြေနှစ်ကောင်းမွန်သော စိုက်ပျိုးမြေများရှိသဖြင့် ကမ္ဘာ့ စားနပ်ရိက္ခာ အမြောက် အများ ထုတ်လုပ်ပေးနေသည့် ဒေသ တစ်ခုဖြစ်ကာ ကမ္ဘာပေါ်တွင် ပြည်ပနိုင်ငံများသို့ကောက်ပဲသီးနှံများ အများဆုံး တင်ပို့ ရောင်း ချသည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။လေယာဉ်တည်ဆောက်မှုနည်းပညာများအပါအဝင်အကြီးစား စက်ပစ္စည်းကိရိယာများကို လည်း ထုတ်လုပ်လျက်ရှိသည်။ ယူကရိန်းသည် နိုင်ငံ စတင် ထူထောင်ခဲ့ချိန်မှစ၍ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ကာ အခြားနိုင်ငံတကာ အဖွဲ့အစည်းများ တွင်လည်း ပါဝင်ခဲ့သည်။လွတ်လပ် သော ဓနသဟာယနိုင်ငံများအဖွဲ့(CIS) ကို မူလ ထူထောင်ခဲ့သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည်။
၁၉၉၂ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် လွတ်လပ်ရေးကြေညာခဲ့သည့် ယူကရိန်းနိုင်ငံသည် ဒီမိုကရက်တစ်နိုင်ငံတစ်ခုဖြစ်ကာ ယူကရိန်းတွင် ပါတီများအမြောက်အများရှိသည့်အနက် အများစုကို ပြည်သူများက မသိရှိကြချေ။ သမ္မတသည် နိုင်ငံ့အကြီးအကဲ ဖြစ်၍ ငါးနှစ်တစ်ကြိမ် ရွေးချယ်သည်။ ဥပဒေပြု လွှတ်တော်ကို ကိုယ်စားလှယ် ၄၅၀ ဦးဖြင့် ဖွဲ့စည်း၍ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်က ဦးဆောင်သည်။သို့သော် နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ကိုသမ္မတက အဆိုပြုပြီးလွှတ်တော်၏ သဘောတူ ညီမှု ဖြင့် ခန့်အပ်သည်။ထို့အတူ ရှေ့နေချုပ်နှင့် လုံခြုံရေး အကြီးအကဲတို့ကိုလည်း သမ္မတကခန့်အပ်သည်။ တရားရုံး ချုပ်သည် အရပ်ရပ် တရားစီရင်ရေး ဗဟိုဌာနဖြစ်သည်။
ယူကရိန်းတပ်မတော်
ယူကရိန်းနိုင်ငံသည် ဥရောပတွင် ရုရှပြီးလျှင် ဒုတိယ စစ်အင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည်။ ဆိုဗီယက်ယူနီယမ်ပြိုကွဲပြီးနောက် ယူကရိန်းသည် စစ်သည် အင်အား ၇၈၀ ၀၀၀ ရှိသည့် တပ်မတော်ကို ဆက်ခံ ခဲ့သည်။ ယင်းတပ်မတော်တွင် ကမ္ဘာပေါ်တွင် တတိယမြောက် အင်အားအကြီးဆုံး နယူးကလီးယား လက်နက်များပါဝင်ခဲ့သည်။သို့သော် ယူကရိန်းသည် ၁၉၉၂ ခုနှစ်မေလတွင် လစ္စဘွန်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးကာ နယူးကလီးယား လက်နက်များ အား လုံးကို ဖျက်သိမ်းရန် သဘောတူညီခဲ့သည်။ယူကရိန်းသည် ၁၉၉၆ ခုနှစ်တွင် နယူးကလီးယားလက်နက် ကင်းစင်သော နိုင်ငံဖြစ်လာ ခဲ့သည်။
ယူကရိန်းသည် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။၂၀၁၄ ခုနှစ်တွင် ယူကရိန်း ဖရီးဂိတ် စစ်သင်္ဘော Hetman Sagaidachniy သည် ဆိုမာလီယာ ပင်လယ်ဓားပြများ အန္တရာယ်တားဆီးရေး လုပ်ငန်း တွင် ဥရောပသမဂ္ဂနှင့် ပူးပေါင်း၍ ဆိုမာလီယာ ကမ်းခြေတွင် နှစ်လကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ထို့အတူ ၂၀၀၃ ခုမှ ၂၀၀၅ ခုနှစ်အထိ ယူကရိန်းတပ်ဖွဲ့တစ်ခုသည် အီရတ်နိုင်ငံတွင် နိုင်ငံပေါင်းစုံ ငြိမ်းချမ်းရေး တပ်ဖွဲ့တွင်ပါဝင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောငနေသည့် ယူကရိန်း စစ်သည်အရေအတွက်သည် ၅၆၂ ဦးဖြစ်သည်။
စီးပွားရေး
ဆိုဗီယက်နိုင်ငံမှ ခွဲမထွက်မီက ယူကရိန်းသည် ဆိုဗီယက်ယူနီယမ်၏ စီးပွားရေးအင်အား ဒုတိယအကြီးဆုံးနယ်မြေ ဖြစ်ခဲ့ သည်။ဆိုဗီယက်၏ စီမံကိန်းစီးပွားရေး စနစ်အတွင်း ယူကရိန်း၏ အဓိကစီးပွားရေးသည် စက်မှုနှင့် စိုက်ပျိုးရေး လုပ်ငန်းဖြစ်ခဲ့ရာမှ ဆိုဗီယက်ယူနီယမ်ပြိုကွဲပြီးနောက် ယူကရိန်းသည်ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။စီးပွားရေးအသွင်ကူးပြောင်း မှုကာလများအတွင်းအခက်အခဲများစွာ ရင်ဆိုင်ခဲ့ရကာပြည်သူအများစုဆင်းရဲခဲ့ကြသော်လည်း ၁၉၉၁ ခုနှစ်နောက်ပိုင်းတွင် ပြဿနာ များတစ်ဖြည်းဖြည်း ပြေလည်လာခဲ့သည်။သို့တိုင်အောင် ၁၉၉၃ ခုနှစ်တွင် ယူကရိန်းတွင် ကမ္ဘာ့ငွေကြေး ဖောင်းပွမှု အမြင့်ဆုံးဖြစ်ခဲ့ သည်။
ယူကရိန်းနိုင်ငံသည် ၁၉၉၉ ခုနှစ်နောက်ပိုင်းမှစ၍ ယူကရိန်းသည် တစ်နှစ်ထက် တစ်နှစ် သိသိသာသာ စီးပွားရေး နလံထူ လာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။၂၀၁၀ ပြည့်နှစ် တွင် ယူကရိန်း နိုင်ငံ ၏ ပြည်တွင် အသားတင် ထုတ်လုပ်မှုတန်ဖိုး(GDP) သည် အမေရိကန်ဒေါ်လာ ၃၀၅ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး ကမ္ဘာ့ အဆင့် ၃၈ တွင် ရပ်တည်ခဲ့သည်။ကမ္ဘာ့ဘဏ်က ယူကရိန်းကို ဝင်ငွေ အလယ်အလတ်ရှိသည့် နိုင်ငံဟု သတ်မှတ်ခဲ့သည်။
စီးပွားရေးတိုးတက်လာမှုတွင် လေယာဉ်များအပါအဝင် ပို့ဆောင်သယ်ယူရေး ယန္တရားမျိုးစုံကို ထုတ်လုပ်မှုလည်း ပါဝင်ခဲ့ သည်။ယူကရိန်းနိုင်ငံထုတ် Antonov လေယာဉ်များနှင့် KrAZ ထရပ်ကားများကို ပြည်ပနိုင်ငံအများအပြားသို့ တင်ပို့ရောင်းချနိုင်ခဲ့ သည်။စီးပွားရေးကောင်းမွန်လာသည်နှင့် အမျှ စွမ်းအင်လိုအပ်ချက် ကြီးမားလာသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ရုရှ နိုင်ငံမှ ဝယ်ယူ တင်သွင်းခဲ့သည်။နိုင်ငံသုံးဓာတ်ငွေ့များ၏ ၂၅ ရာခိုင်နှုန်းသာ ပြည်တွင်းမှ ထွက်ရှိသဖြင့် ရုရှနိုင်ငံမှ ၃၅ ရာခိုင်နှုန်း၊ဗဟို အာရှ နိုင်ငံများမှ ၄၀ ရာခိုင်နှုန်း တင်သွင်းနေရသည်။ရုရှ နိုင်ငံက ဥရောပ အနောက်ပိုင်းနိုင်ငံများသို့ တင်ပို့လျက်ရှိသည့် သဘာ၀ ဓာတ် ငွေ့ ၈၅ ရာခိုင်နှုန်းကို ယူကရိန်းနိုင်ငံမှ ဖြတ်သန်းပေးပို့လျက်ရှိသည်။
အထွေထွေ
ယူကရိန်းနိုင်ငံတွင် ဖောက်လုပ်ပြီးစီးခဲ့သည့် မော်တော်ကားလမ်းများသည် မိုင် ၁၀၂ ၃၆၀ ရှိသည်။မီးရထား သယ်ယူပို့ ဆောင်ရေး ကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများအထိ ဆက်သွယ် ပြေးဆွဲသည်။ရထားလမ်းမိုင် ၁၃၉၆၄ မိုင်ရှိသည့် အနက် မိုင် ၅၇၅၀ သည် လျှပ်စစ်မီးရထားလမ်းများဖြစ်ကြသည်။လေကြောင်းဆက်သွယ်မှုတွင်လည်း ဥရောပနိုင်ငံသားများကို ဗီဇာကင်းလွတ် ခွင့်ပြုထားသည်။၂၀၁၂ ခုနှစ်တွင် Euro 2012 အားကစား ပြိုင်ပွဲကို ပိုလန်နှင့် အတူ ပူးတွဲကျင်းပခဲ့သဖြင့် ယူကရိန်း နိုင်ငံသည် လေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် လေယာဉ်ကွင်းများတည်ဆောက်ရေးတွင် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့သည်။
ဆက်သွယ်ရေး နည်းပညာ တိုးတက်မှုတွင် ၂၀၁၃ ခုနှစ် စာရင်းများအရ ယူကရိန်းသည် အမေရိကန်၊ အိန္ဒိယ နှင့် ရုရှတို့ နောက်မှ အဆင့် ၄ တွင်ရပ်တည်နေသည်။ ယူကရိန်းနိုင်ငံမှ ထုတ်လုပ်သည့် လျှပ်စစ်စွမ်းအား ၃ ဒသမ ၃ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသည်။ နိုင်ငံ ၏ လျှပ်စစ်ဓာတ်အား ၄၇ ဒသမ ၆ ရာခိုင်နှုန်းကို နယူးကလီးယား ဓတ်ပေါင်းဖိုများမှ ထုတ်လုပ်သည်။ဥရောပတိုက်၏ အကြီးဆုံး လျှပ်စစ် ဓာတ်ပေါင်းဖို Zaporizhia သည် ယူကရိန်းနိုင်ငံတွင် တည်ရှိသည်။ ကမ္ဘာ့ အင်တာနက် မြန်နှုန်းအမြင့်ဆုံး ၁၀ နိုင်ငံတွင် အဋ္ဌမ နေရာတွင်ရှိသည့် ယူကရိန်းတွင် ၂၀၁၄ ခုနှစ်တွင် အင်တာနက် သုံးစွဲသူ ၁၈ ဒသမ ၂ သန်းရှိခဲ့ရာ နိုင်ငံ လူဦးရေ၏ ၂၉ ရာခိုင်နှုန်းဖြစ်သည်။
စီးပွားရေးတိုးတက်လျက်ရှိနေသည့် ယူကရိန်းနိုင်ငံတွင် လူဦးရေ သေဆုံးမှုနှင့် ဖွားမြင်မှု မျှတမှုမရှိသဖြင့် လူဦးလျော့နည်း ကျဆင်းလာခဲ့သည်။၁၉၉၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း နှစ်စဉ် လူဦးရေ ၁၅၀ ၀၀၀ လျော့ကျခဲ့သည်။ထို့ကြောင့် ဖွားမြင်စ ကလေး သေဆုံးမှုလျော့နည်းရန်ဆောင်ရွက်ခဲ့ရာ မွေးစကလေး ၁၀၀၀ တွင် ၈ ဒသမ ၃ ယောက်သာ သေဆုံးသည့် အဆင့်သို့ ရောက်ရှိခဲ့ပေ သည်။ယူကရိန်းနိုင်ငံတွင် မွေးဖွားနှုန်းသည် လူဦးရေ ၁၀၀၀ တွင် ၁၁ ယောက်ဖြစ်၍ သေဆုံးသူမှာ ၁၆ ဒသမ ၃ ယောက်ဖြစ်သည်။
ဆိုဗီယက်ယူနီယမ် ပြိုကွဲပြီးနောက် အခက်အခဲများစွာနှင့် ရင်ဆိုင်ရုန်းကန်ခဲ့ရသည့် ယူကရိန်းနိုင်ငံသည် ဥရောပတိုက်၏ ထွန်းသစ်စ နိုင်ငံတစ်ခုအဖြစ် ထင်ရှားလျက်ရှိရာ ကမ္ဘာလှည့် ခရီးသွားအများအပြား လာရောက်လည်ပတ်ကြသည့် နေရာဒေသ တစ်ခုအဖြစ်ပါ ကျော်ကြားလာခဲ့သည်။တိုးတက်သော စီးပွားရေးကို ဆက်လက် ထိန်းသိမ်းလျက် နိုင်ငံရေး တည်ငြိမ်စေရန် အားထုတ်နိုင်သည်နှင့် အမျှ ယူကရိန်းသည် အေးငြိမ်း ချမ်းသာသော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် ဦးတည်လျက်ရှိနေပေသည်။
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဒီဇင်ဘာလထုတ် သုတအလင်းမဂ္ဂဇင်းမှ
Discussion about this post