ရေးသားသူ – အောင်မြတ်ဦး
ရသေ့ကြီးဦးခန္တီ၊ သီပေါမင်းနှင့် ရန်ကုန်ရဲမင်းကြီး မစ္စတာစကော့
“အသက်ရှည်စေလို၊ မန်းတောင်ရိပ်ခို” ဟူသော စကားနှင့်အတူ မန်းတောင်၏ မြင်ကွင်း ရသေ့ကြီးဦးခန္တီ၏ ပုံရိပ်မှန်ကို ပြေးမြင်မိသည်မှာ မလွဲပေ။ ရသေ့ကြီးဦးခန္တီသည် အကျင့်၊ သီလ၊ စရဏနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်သကဲ့သို့ ရွှေမန်းတောင်တော်၏ ခုနစ်ဦးမြောက် ဘုရားဒါယကာအဖြစ်လည်း ထင်ရှားသူ ပုဂ္ဂိုလ်ထူး ဖြစ်၏။ ဤကဲ့သို့ပင် ရသေ့ကြီးဦးခန္တီ၏ ဘဝပုံရိပ်များကလည်း အံ့သြခမန်း ဆန်းကြယ်လှသည်ဟု ဆိုလျှင်လည်း မမှားပါပေ။
ရသေ့ကြီးဦးခန္တီ ၏ မယ်တော် ဒေါ်ခိုဥ နှင့် အိပ်မက်နိမိတ်
“လတန်ဆောင် ကထိန်ပွဲပေမို့၊ ချိန်သဲတဲ့ ဤချိန်ခါ၊
မသိုးခေါ် ရွှေသင်္ကန်း တန်းကြစီစရာ၊
ကြတ္တိကာ၊ သာယာလို့ကြည်နူး၊
ဝသန္တာ ဟေမာကူးချိန်မို့၊ ဗြိစ္ဆာခေါ် လအထူးမှာ၊ နက္ခတ်စုံမြူး”
-ဟူသော ရာသီဘွဲ့နှင့် ညီမျှသော ၁၂၂၈-ခုနှစ် တန်ဆောင်မုန်းလ၏ ညတစ်ညတွင် ရသေ့ကြီး ဦးခန္တီ၏ မယ်တော် ဒေါ်ခိုဥမှ ထူးဆန်းသော အိပ်မက်တစ်ခု မြင်မက်ခဲ့၏။
ထူးဆန်းသော အိပ်မက်
ပင်လယ်သမုဒ္ဒရာကြီးအတွင်း လှေသမ္ဗာန်ဖြင့် ခရီးထွက်ခဲ့ရာ သမုဒ္ဒရာရေကို လက်ခုပ်ဖြင့် ခပ်သောက်ရပြီး နေမင်း၊ လမင်းသည် မိမိရင်ခွင်သို့ အလိုလို ရောက်ရှိလာခဲ့လေသည်။
(ရွာသာယာ ကျောက်စာ)
-ဟု မြင်မက်ကြောင်း ရေးသားဖော်ပြထားသလို “မန္တလေး ရွှေမြို့တော်ရှိ တန်ခိုးကြီး ဘုရားများ သမိုင်း” စာမျက်နှာ ၇၇ တွင်မူ-
၁။ သမုဒ္ဒရာပြင်ကျယ်၊ ရေပင်လယ်အတွင်း၌ ရွက်လှေသင်္ဘောကြီးကို တစ်ဦးတည်း တက်စီးလျက် လေးစင်းသော သမုဒ္ဒရာတို့သို့ လှည့်လည်နေစဉ် ကြီးမားဆန်းကြယ် အံ့ဖွယ်အတိပြီးသည့် လှိုင်းတံပိုးတို့သည် လှိမ့်ကာလှိမ့်ကာ လာကြကုန်၏။ သို့သော် ဒေါ်ခိုဥ စီးလာသည့် ရွက်သင်္ဘော အနီးသို့ ရောက်လျှင် အလိုလို ပျောက်ကွယ်သွားခြင်း။
၂။ သမုဒ္ဒရာလေးစင်းကို တစ်ခုချင်း၌ လှည့်လည်သွားလာနိုင်ခြင်း။
၃။ နေလနှစ်ပါးတို့သည် ကြည့်ရှုနေရင်းပင် မိမိခံတွင်းသို့ ဝင်ရောက်လာခြင်း
-ဟူသော အိပ်မက်ကို မြင်မက်ခဲ့လေသည်။ ယင်းသို့ မြင်မက်ကြောင်းနှင့် သိမ်ကုန်းရွာမှ မြင်မက်၍ ရွာသာယာသို့ ပြောင်းရွှေ့ပြီး ရသေ့ကြီးလောင်းလျာကို ဖွားမြင်ကြောင်းကို ရဟန်းပျိုအဖွဲ့ချုပ် အကျိုးတော်ဆောင် ဆရာတော် ဦပဏ္ဍိစ္စ ပြုစုသည့် “မန္တလေး ရွှေမြို့ တော်ရှိ တန်ခိုးကြီးဘုရားများသမိုင်း” စာမျက်နှာ ၇၇ (၁၃၂၀ ပြည့် နတ်တော်လထုတ်) တွင် ဖတ်ရှုလေ့လာရသည်။
ရဟန်းတော် ဦးခန္တီ မှ ရသေ့ကျော် ဦးခန္တီ သို့
ရသေ့ ဦးခန္တီ၏ ငယ်မည်မှာ တနင်္လာသား ဖြစ်သည်နှင့်အညီ ကျော်မောင် ဟု မှည့်ခေါ်ခဲ့သော်လည်း ဖိုးမောင် ဟု တွင်သည်။ ရှင်ပြုမင်္ဂလာ ပြုသောအခါ နေ့နံအလိုက် ရှင်ခန္တီ ဟူ၍ ဘွဲ့မည် ချီးပသည်။ အသက် ၂၀ အရွယ် ၁၂၄၉ ခုနှစ် အင်္ဂလိပ် မြန်မာ စစ်ပွဲအပြီး တစ်နှစ်အရတွင် ကျောင်းရှိ ကျောင်းဆရာတော်ဘုရား ကြီးကိုပင် ဥပဇ္ဈာယ်တင်လျက် ရဟန်းဘောင်သို့ ဝင်သည်။
ရွာသာယာကျောက်စာ၌ ဖော်ပြထားပုံ
ဦးခန္တီ အရှင်သူမြတ်သည် ရဟန်းသိက္ခာ ၃ ဝါ ရသောအခါ အကိုဝမ်းကွဲ တော်စပ်သူ ဆရာတော် ဦးကေသရ ၏ စီစဉ် ညွှန်ကြားပေးချက်အရ ပညာတက္ကသိုလ်ခေါ်ဆိုထိုက်သော မန္တလေး ရတနာပုံ နေပြည်တော်သို့ တက်ရောက်ကာ လောကုတ္တရာစာပေများကို သင်ကြားတော်မူသည်။
မန္တလေး ရွှေမြို့တော်တခွင် စာသင်ရာတွင် ရသေ့လောင်းလျာ ဦးခန္တီနှင့် ညောင်လွန့်တောရ ဆရာတော် လောင်းလျာ ဦးမေဓာဝီ တို့သည် ပညာသင်ဘက်၊ စာလိုက်ဘက်၊ ငယ်ပေါင်းကြီးဖော် (ဝါ) ဆရာတူ တပည့်များ ဖြစ်ကြ၏။ ဦးခန္တီက ဦးမေဓာဝီထက် တစ်ဝါ ကြီးကြောင်း အမှတ်အသားရှိ၏။
(ရွာသာယာကျောက်စာ)
အခြားကျမ်းစာများ ဖော်ပြချက်
ထို့အတူ ရမည်းသင်းမြို့ ဆင်ကျုံးတောရ၊ ဆရာတော်ဘုရားကြီး ပြုစုသည့် “ရမည်းသင်း သာသနာဝင်ကျမ်း” တွင်လည်း ဦးခန္တီနှင့် ဦးမေဓာဝီတို့ အကြောင်းကို အခိုင်အမာ ဖော်ပြခဲ့၏။ ရဟန်းတော် ဦးခန္တီသည် အရညဝါသီ တောရပ်မှီ၍ ဧကစာရီအကျင့်ကို ခဲယဉ်းပင်ပန်းကြီးစွာ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူလာရာ သမထနှင့် ဝိပဿနာ ကမ္မဋ္ဌာန်း အဖြာဖြာတို့မှာ ခရီးရောက်သင့်သလောက် ရောက်ခဲ့ပြီး သက်တော် ၃၂ နှစ် သိက္ခာတော် ၁၂ ဝါ အရောက်တွင် နှလုံးသွင်း ဆင်ခြင်တော်မူသည်မှာ-
“ငါသည်မူလည်း ဘုရားလောင်းလျာ ဈာန်မှာပျော်မွေ့ ရသေ့အမော် သုမေဓာကျော်တို့၏ ထုံးကို နှလုံးသွင်း ဆင်ခြင်တော်မူကာ များစွာသော ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား အပါယ်တံခါး ပိတ်စေလျက် လူ့ပြေ(ပြည်) နတ်ရွာသွား တံခါးတို့ကို ဖွင့်စေလျက် နိဗ္ဗာန်တည်းဟူသော ဘောင်အထက်သို့ ပို့ဆောင်ရလျှင် အမှန်ပင် အကျိုးများမည်” ဟု နှလုံးတော်ရည်လျက်-
၁၂၆၁ ခုမှာပင် ရဟန်းတော်အသွင်မှ ဈာနလာဘီ ရသေ့အသွင်သို့ ကူးပြောင်း ဝင်တော်မူသည်။ ရွှေငွေကိုင်ရအောင် ရသေ့အသွင်သို့ ကူးဝင်သည် ဟုဆိုသော အယူအဆမှာ မမှန်ကန်ပါ။ ရမ်း၍ မှန်း၍ ပြောခြင်းသာ ဖြစ်၏။
သီပေါဘုရင်နှင့် ဦးခန္တီ သတင်း
သီပေါဘုရင်နှင့် ရသေ့ဦးခန္တီတို့နှင့် ပတ်သက်သည့် ကောလဟလ သတင်းတစ်ခု ရှိခဲ့သည်။ ထိုသတင်းသည် သီပေါဘုရင် ပါတော်မူပြီးနောက်ပိုင်းတွင် ပေါ်ထွက်ခဲ့သည်။ ထိုသတင်းကား အခြားမဟုတ်။
“ရတနာဂီရိတွင် ရှိနေသော သီပေါမင်းသည် အစစ်မဟုတ်။ ရသေ့အသွင် ကူးပြောင်းပြီး သာသနာပြုနေသော ရသေ့ကြီး ဦးခန္တီသည် သီပေါမင်းဖြစ်သည်” ဟူ၏။
ဤသတင်းနှင့် ပတ်သက်၍ အင်္ဂလိပ်အစိုးရကလည်း ဒွိဟဖြစ်ကာ ရတနာဂီရိတွင် ရှိနေသော သီပေါမင်းသည် စစ်-မစစ်၊ ဘုရင် ဟုတ်-မဟုတ် ကြေးနန်းရိုက်၍ ကင်းဝန်မင်းကြီးထံ မေးမြန်းခဲ့ရာ ကင်းဝန်မင်းကြီးက-
“သီပေါ စစ်-မစစ် ကျွန်ုပ် မသိ၊ ရတနာဂီရိတွင် ရှိနေသူမှာ နန်းတော်တွင် ဘုရင်အဖြစ် အုပ်ချုပ်သွားခဲ့သူ ဖြစ်ကြောင်းသာ ကျွန်ုပ်သိသည်”
-ဟု ခပ်ရွဲ့ရွဲ့ ဖြေခဲ့ကြောင်း ဆောင်းပါးတစ်စောင် ရှိခဲ့ဖူးလေ၏။
ရသေ့ဦးခန္တီ နှင့် ရွှေဖြစ် ငွေဖြစ် သတင်း
ကြည်ညိုသူများက ရသေ့ဦးခန္တီသည် မန္တလေးတောင်ကို ပြုပြင်ရာ၌ နှစ်တိုကာလ အတွင်းတွင် အောင်မြင်ပြီးစီးခဲ့သည်မှာ ရွှေဖြစ် ငွေဖြစ်၍သာ ယခုကဲ့သို့ ပြီးစီးနိုင်ခြင်း ဖြစ်သည်ဟု ယူဆကြသည်။ အချို့ကလည်း ကိုယ်ထက်သာ မနာလိုသည့် စိတ်ထားဖြင့် ရသေ့ကြီးအား အရိုအသေမဲ့ အပြစ်ဒဏ်ခံရအောင် လုပ်ကြံ သတင်းလွှင့်ကြောင်း ရွာသာယာကျောက်စာတွင် ဖော်ပြပါရှိ၏။
ရသေ့ကြီး ဦးခန္တီ၏ ရွှေဖြစ်ငွေဖြစ် သတင်းသည် မြန်မာပြည်သာမက အင်္ဂလန်သို့ပင် ရောက်သွားသဖြင့် အင်္ဂလန်ဘုရင်ခံချုပ်မှ သတင်း မှန်၊ မမှန် စုံစမ်းပေးရန် မြန်မာနိုင်ငံ ဘုရင်ခံ ဆာသာကေဝှိုက် အား ထပ်ဆင့်ညွှန်ကြားခဲ့သည်။
ထို့ကြောင့် ဘုရင်ခံက ထိုစဉ်က ရန်ကုန်ရဲမင်းကြီးဖြစ်သူ မစ္စတာစကော့ (နောင်အခါ ဗမာစာအုပ် ရေးသားသူ ဆာဂျိမ်းဂျော့စကော့) အား ဤသတင်း မှန်-မမှန် အမြန်စုံစမ်း အစီရင်ခံရန် ညွှန်ကြားခဲ့၏။ ထိုသတင်းသည် အရေးကြီးသည့် သတင်းဖြစ်သဖြင့် ရန်ကုန်ရဲမင်းကြီး မစ္စတာစကော့ ကိုယ်တိုင် ရသေ့ကြီး ဦးခန္တီရှိရာ မန္တလေးတောင်ပေါ်သို့ သွားရောက်၍ စကားပြန် ဦးလှအောင်နှင့်အတူ စုံစမ်းမေးမြန်းရ၏။
“ရသေ့ကြီး ရွှေ-ငွေ ဖြစ်နေကြောင်း သတင်းရသည်၊ ဟုတ်-မဟုတ် ကျွန်ုပ်ကို လုပ်ပြပါ”
-ဟု စကားပြန် ဦးလှအောင်မှ တဆင့်မေးမြန်းရာ ရသေ့ကြီးမှ-
“ကျွန်ုပ် ရွှေ-ငွေ လုပ်ပြပါမယ်။ ဒါပေမဲ့ ဒီအနားမှာ ခင်ဗျား မနေရဘူး။ ရွှေငွေလုပ်ပြီး၍ ကျွန်ုပ်ခေါ်မှသာ လာကြည့်ပါ”
-ဟု မိန့်ရာ မစ္စတာစကော့ ကလည်း သဘောတူ၍ တစ်နေရာသို့ သွားနေ၏။
ရသေ့ကြီး ဦးခန္တီ၏ ရွှေငွေလုပ်နည်း
ရသေ့ကြီး ဦးခန္တီသည် တပည့်ကျောင်းသား တစ်ဦးကို ခေါ်၍ လင်ဗန်းတစ်ချပ် သူ့ရှေ့တွင် ချခိုင်းသည်။ ထိုနောက် တရားနှလုံးသွင်း၍ ရွတ်ဖတ်သရဇ္ဈာယ်မှုများ ပြုလုပ်လေသည်။ ဘာတွေ နှလုံးသွင်းသည်၊ ဘာတွေ ရွတ်ဆိုသည်ကိုမူ နတ်သိကြားတို့သာ သိပေမည်။
သို့သော် ဆရာစန္ဒြ၏ ဘဝခရီးနှင့် အတွေ့အကြုံများ စာအုပ် စာမျက်နှာ ၃၈၆ ၌ ရသေ့ကြီး ဦးခန္တီသည် ရွှေငွေဖြစ်ရေးအတွက် “ဒိဝါ တပတိ” ဂါထာကို လိုတရ ဂါထာအဖြစ် သုံးသွားကြောင်း ဆိုထားသည်ကို တွေ့ရ၏။ သို့နှင့်ပင် ပြတိုက်တွင်းရှိ သံဒေါက်ချာ၌ ပုံသွင်းထားသည့် ရတနာရွှေချိုင့်မှ “တဏှာကရဒဟောဗုဒ္ဓါ” ဂါထာအပြင် အခြား နှလုံးသွင်းမှုများလည်း ပါနိုင်သည်ဟု ဦးအေးမောင်(အငြိမ်းစား ရဲတပ်ကြပ်ကြီး) ရေးသားပူဇော်သည့် “သာသနာဟိတဓဇ နာယက ရသေ့ကြီး ဦးခန္တီ ၏ ထေရုပ္ပတ္တိနှင့် ရွှေမန်းတောင်သမိုင်း အကျဉ်း” စာမျက်နှာ ၂၁ တွင် ခန့်မှန်းထားသည်ကို မှတ်သားရ၏။
ထိုသို့ ရသေ့ကြီး ပြုလုပ်နေစဉ် ဘုရားဖူးများ ရောက်ရှိလာကြပြီး ရွှေငွေများ လှူဒါန်းကြရာ လင်ဗန်းတစ်ချပ် အပြည့်အမောက် ဖြစ်လာ၏။ လက်စွပ်၊ လက်ကောက်၊ နားကပ်၊ ကြယ်သီး၊ ဆွဲကြိုး စသော ရွှေထည်ပစ္စည်းများနှင့် ငွေများ စေတီပုံလို ပြည့်မောက်လာ သောအခါ ရန်ကုန်ရဲမင်းကြီးအား ခေါ်၍ ပြလေ၏။
ရဲမင်းကြီး မစ္စတာစကော့သည် သဲပုံစေတီသို့ ကြည့်လိုက်လျှင် မောက်နေသော ရွှေ၊ ငွေများကို ကြည့်လိုက်၊ ရသေ့ကြီး၏ တည်ငြိမ်တော်မူလှသော မျက်နှာတော်ကို ကြည့်လိုက်နှင့် အချိန်အတန်ကြာ ရင်သပ်ရှုမော ဖြစ်နေပြီးနောက် လူမျိုး၊ ဘာသာ၊ သာသနာချင်း မတူညီသော်လည်း ရသေ့ကြီး၏ အောင်မြင်မှုကို ချီးကျူးသြဘာ ဂုဏ်ပြုသောအားဖြင့် ရသေ့ကြီးနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် အခွင့်တောင်းခံရာ ရသေ့ကြီးဦးခန္တီက အောက်ခြေ မိုးထိကျောင်းတိုက် မုခ်ဦး စောင်းတန်းအနီးတွင် ဓာတ်ပုံ အရိုက်ခံခဲ့၏။
ရွာသာယာကျောက်စာ တွင်လည်း စုံစမ်းရန်သာ သူ့အမည်မပါ၊ နေရာမပါ၊ မြသပိတ်ပိုက်၍ လမ်းဘေးအလှူခံကြရာ ရွှေ၊ ငွေများရကြောင်း ရေးထိုး မှတ်တမ်းပြုထားသည်ကို တွေ့ရ၏။ ထို့နောက် ရန်ကုန်ရဲမင်းကြီး ရန်ကုန်ပြန်ရောက်ပြီး မကြာခင်ပင် ရသေ့ကြီး ဦးခန္တီအား နှောင့်ယှက်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ စစ်ဆေးခြင်း၊ မည်သူမျှ မပြုရ ဟု သဘောဆောင်သည့် အနေဖြင့် “သာသနာ့ဟိတဓဇ နာယက ရသေ့ကြီး ဦးခန္တီ” (သာသနာ့အကျိုးတော်ဆောင်၊ အောင်လံတော် ပုဂ္ဂိုလ်ကြီး ဦးခန္တီ) ဟူသည့် ဘွဲ့တံဆိပ်တော်အား အင်္ဂလိပ်အစိုးရက တောင်ခွင် သာသနာပိုင်မှ တဆင့် ဆက်ကပ် ချီးမြှင့် လှူဒါန်းခဲ့၏။
ရွာသာယာ ကျောက်စာမူကွဲ
အင်္ဂလိပ် ဝိတိုရိယ ဘုရင်မကြီးနှင့် ဘုရင်အဆက်ဆက်က ရသေ့ကြီးအား အာဇာနည် အရှင်သူမြတ် (REVERENCE) ဘွဲ့ကို ပေးပြီး မီးရထား၊ သင်္ဘောများကို အထူးတန်းမှ အခမဲ့ စီးနင်းခွင့် လက်မှတ် ဆက်ကပ်ထားကြောင်း ညောင်လွန့်ဆရာတော် ဦးနာယကမှ မိန့်ဆိုကြောင်းကို ဖော်ပြထား၏။
သာသနာပြု လုပ်ငန်းများ
ရသေ့ ဦးခန္တီအား တောင်ခွင် သာသနာပိုင် ဆရာတော်ကြီးက ‘သာသနာ့ ဟိတ ဓဇ နာယက’ ဟူသော ဘွဲ့တံဆိပ်ဖြင့် ချီးမြှင့်ခဲ့သည်။ ယင်းသို့ ချီးမြှင့်သည်နှင့် လျော်စွာ ဦးခန္တီသည် ရွှေမြင်တင်တောင် အဝန်း၌ စေတီ ၄၉ ဆူ၊ ကျောင်းပေါင်း ၃၄ ကျောင်း၊ တန်ဆောင်ပေါင်း ၁၆၊ ရုပ်ပွားတော်ကြီး ၁၅ ဆူ တို့နှင့် အခြား အဆောက်အအုံ များကို ၈ နှစ် ကာလ အတွင်း တည်ဆောက် ခဲ့သည်။ တောင်ပခြုပ် ၌လည်း ချမ်းသာရ စေတီ၊ ဆုတောင်းပြည့် စေတီ၊ ကျိုက်ထီးရိုး စေတီ၊ ကျောက်ဆင် စေတီ တို့ကို တည်ထား ပြုစုခဲ့သည်။ ၁၂၆၂ ခုနှစ်၌ ပျဉ်းမနား ဆင်ဖြူတောင်သို့ ကြွရောက်၍ လည်းကောင်း၊ ထိုမှ လယ်ဝေးသို့ ကြွရောက်၍ လည်းကောင်း၊ ဘုရား ပုထိုး အဆောက်အအုံ စသည် များစွာ တို့ကို တည်ဆောက် ခဲ့သည်။
ထိုနောက် ၁၂၇၅ ခုနှစ်တွင် ရန်ကင်းတောင်ကို ပြုပြင်သည်။ မန္တလေး တောင်ခြေ စန္ဒမုနိ ဘုရားနှင့် သထုံမြို့ ရွှေစာရံ ဘုရား များတွင် ကျောက်ချပ်ရေ ၃၀၀ဝ ကျော်ရှိ ပိဋကတ်တော် အဋ္ဌကထာ များကို ကျောက်ထက် အက္ခရာ တင်ခဲ့သည်။ အခြားသော ဦးခန္တီ၏ ကောင်းမှု ကုသိုလ်တော်ကား မန္တလေး ကျောက်တော်ကြီး ဘုရား၊ ကုသိုလ်တော် ဘုရား၊ အာနန္ဒာ ဘုရား တို့၌ အာရုဏ်ခံ တန်ဆောင်းများ ၊ အုတ်ဆောင်းတန်းများ၊ ရုပ်ပွားတော်များ တည်ဆောက်ခြင်း၊ တောင်ပြုံး ဆုတောင်းပြည့် စေတီနှင့် စောင်းတန်းများ တည်ဆောက်ခြင်း၊ မယ်ဥတောင်၌ စေတီ ပုထိုးများ တည်ခြင်း၊ အမရပူရမြို့ ပုထိုးတော်ကြီး အတွင်းရှိ ခေါင်းလောင်းကြီးနှင့် တန်ဆောင်းများ တည်ခြင်း၊ စစ်ကိုင်း ဆင်များရှင် ဘုရား ထီးတင်ခြင်း၊ ရွှေစာရံ ဘုရား မွမ်မံခြင်း၊ မေမြို့ ညံတော ဘုရားကြီး၌ ရုပ်ပွားတော်ကြီးများ တည်ခြင်း၊ ပဲခူးမြို့ ရွှေမော်ဓော ဘုရား မှသည် ဟင်္သာကုန်း ဘုရား အထိ စောင်းတန်းနှင့် တန်ဆောင်းများ တည်ဆောက်ခြင်းများ ပြုလုပ် ခဲ့သည်။
ယင်းအပြင် မင်းဘူးနယ် ရွှေစက်တော် ဘုရား၌ စေတီ၊ ရုပ်ပွားတော် တန်ဆောင်းများ တည်ခြင်း၊ ရှမ်းပြည်နယ် ရွှေဥမင်တောင်၊ သိန္နီမြို့နယ် ရွှေမြင်တင် တောင်များ၌ တန်ဆောင်း၊ ရုပ်ပွားတော်နှင့် စောင်းတန်းများ တည်ဆောက်ခြင်း၊ မော်လမြိုင်မြို့ သံလွင် တောင်ရိုးပေါ်၌ ရုပ်ပွားတော်နှင့် တန်ဆောင်း တည်ဆောက်ခြင်း စသည်များ ပြုလုပ် ခဲ့သည်။ ဤကဲ့သို့ သာမန် လူတို့ စိတ်ကူးရန် မဝံ့သည့် အဆောက်အအုံကြီး များကို တောင်ထိပ်များ ပေါ်၌ တည်ဆောက် ရသည့် တာဝန်မှာ ကြီးလေး လှသော်လည်း ဦးခန္တီ၏ စေတနာ အစွမ်း သတ္တိကြောင့် လွယ်ကူစွာ ပြီးစီး ခဲ့သည်သာ ဖြစ်သည်။
ဦးခန္တီ ကြီးမှူး နှိုးဆော်၍ ပြုလုပ်သည့် ကောင်းမှုများမှာ အလွန်ပင် များပြား လှ၍ တန်ဖိုး ဖြတ်ရန်ပင် မလွယ်ကူ လှချေ။ အချို့က သန်း ၂ဝ ကျော်ဖိုး ရှိသည်ဟု ခန့်မှန်း ကြသည်။ အနှစ် ၄ဝ ကျော် အတွင်း မြို့ပေါင်း၂၀၊ ဌာနပေါင်း ၄၇ ဌာန တို့တွင် အမျိုးမျိုးသော အဆောက်အအုံ တို့ကို တည်စိုက်ခဲ့ရာ ဒုတိယ ကမ္ဘာစစ် အတွင်းက ပျက်စီး သွားသော အဆောက်အအုံ အချို့ပင် သိန်း ၂ဝ ကျော် တန်ဖိုးမျှ ရှိမည်ဟု ခန့်မှန်း ကြသည်။ ယခုခေတ်တန်ဖိုးနှင့်တွက်လျှင် မည်မျှများပြားမည် မပြောတတ်ချေ။
ဦးခန္တီသည် မြန်မာနိုင်ငံတွင် သာသနာရေး ဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ များစွာကို ဒေသအနှံ့အပြား၌ ဦးစီး ဆောင်ရွက် တည်ထား ပေးခြင်းကြာင့် နိုင်ငံနှင့်အဝန်း ထင်ရှား ခဲ့သော ရသေ့ကြီး ဖြစ်သည်။ အထူးသဖြင့် မန္တလေးတောင်ကို မွမ်းမံသူ ဖြစ်သောကြောင့် မန္တလေးတောင် ရသေ့ကြီးဟု ပို၍ လူသိ များလာသည်။
ဦးခန္တီသည် အရပ်အမောင်း ၆ ပေကျော် ရှိသည်။ သေးသွယ်သော မျက်နှာ၊ ဖြောင့်စင်းသော နှာတံ၊ ကျယ်ပြန့်သော နဖူး၊ ရှည်၍ ကားသော နားရွက်၊ ချွန်သော ဦးခေါင်းနှင့် သွယ်ပျောင်းသော လက်တံ ခြေတံများ ရှိသည်။ တည်ငြိမ်သော အသွင်၊ အေးမြသော အမှုအရာများ ရှိသည်။ စကား ပြောရာတွင် ဖြည်းဖြည်းနှင့် အေးဆေးစွာ တလုံးချင်း ပြောလေ့ ရှိသည်။
ရသေ့ကြီး ဦးခန္တီ၏ ဘဝနိဂုံး
ရသေ့ကြီး ဦးခန္တီသည် မြို့ပေါင်း ၂၂ မြို့၊ ဌာနပေါင်း ၅၁ ဌာနတို့တွင် သာသနိက အဆောက်အအုံများကို ပြုလုပ်ပြီး ပြုလုပ်ဆဲ ပြုလတံ့အတွင်း ၁၃၀၇ ခုနှစ်တွင် ကိုယ်တစ်ခြမ်း လေဖြတ်ခံရသဖြင့် ဝေါကုလားထိုင်ဖြင့် တောင်ပေါ်တက်၍ အလှူခံကာ စစ်ဘေးစစ်ဒဏ် ခံထားရသည့် အဆောက်အဦတို့ကို ပြုပြင်နေစဉ် ၁၃၁၀ ခုနှစ် ပြာသိုလပြည့်ကျော် ၁၄ ရက် (၂၈-၁-၄၉) သောကြာနေ့ နံနက် ၃ နာရီအချိန် သက်တော် ၈၂ နှစ် အရွယ်တော်၌ ဘဝနတ်ထံ ပျံလွန်တော်မူသွား လေသည်။ ရသေ့ကြီး၏ ရုပ်ကလာပ်ကို ၂ နှစ်တိုင်တိုင် ပူဇော် ကန်တော့ ကြ၍ နိုင်ငံတော် အစိုးရက ထောက်ပံ့ အလှူတော်ငွေ ၅၀၀ဝ ကျပ် အရပ်ရပ် ဈာပန အလှူတော် ရန်ပုံငွေများ စုပေါင်းလျက် ၁၃၁၂ ခုနှစ်၊ တပို့တွဲ လဆန်း ၈ ရက်နေ့မှ တပို့တွဲ လပြည့်နေ့ အထိ ခမ်းနား သိုက်မြိုက်စွာ သြင်္ဂိုဟ်ခြင်း ပြုခဲ့ကြ၏


စာကိုး
၁။ ရဟန်းပျိုအဖွဲ့ချုပ် အကျိုးတော်ဆောင် ဆရာတော် ဦးပဏ္ဍိစ္စ- မန္တလေးမြို့တော်ရှိ တန်ခိုးကြီး ဘုရားများသမိုင်း။
၂။ ရမည်းသင်းမြို့ ဆင်ကျုံးတောရ ဆရာတော်ဘုရားကြီး- ရမည်းသင်း သာသနာဝင်ကျမ်း။
၃။ ဦးအေးမင်း (အငြိမ်းစား ရဲတပ်ကြပ်ကြီး)- သာသနဟိတဓဇ နာယကရသေ့ကြီး ဦးခန္တီ၏ ထေရုပ္ပတ္တိနှင့် ရွှေမန်းတောင်သမိုင်းအကျဉ်း။
၄။ ဆရာစန္ဒြ- ဘဝခရီးနှင့် အတွေ့အကြုံများ။ ၅။ ရွာသာယာကျောက်စာ။
Discussion about this post