ရေးသားသူ – အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား )
ယခု စာရေးသူ တင်ပြသွားမည့်စာသားလေးက (မနုသီဟ) လူနှင့်ခြင်္သေ့နှစ်ခွ အကြောင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရေးသားရခြင်းအကြောင်းက ဗုဒ္ဓဘာသာ၏ သင်္ကေတများကို လွဲမှားပြီး သိကြမည် စိုးသောကြောင့်လည်းကောင်း၊ ဘာသာရေးကို မှန်မှန်ကန်ကန်သိပြီး မှတ်သားယူစေချင်သော စေတနာ ဆန္ဒကြောင့်လက်လှမ်းမှီသ၍ တင်ပြရေးသားခြင်းဖြစ်ပါသည်။
မနုသီဟ ဆိုသည်မှာ ရှေးက တကယ်ရှိခဲ့ဖူးသော သတ္တဝါတစ်မျိုးမဟုတ်ပေ။ ရှေးခေတ်က လူများ စိတ်ကူးဉာဏ် ဆန်းကြယ်စွာ တီထွင်ပြုလုပ်ခဲ့သော တိရစ္ဆာန် ကိုယ်တစ်ပိုင်း လူတစ်ပိုင်း အရုပ်မျိုးဖြစ်သည်။ ယင်းကို မြန်မာနိုင်ငံ အချို့သော စေတီပုထိုးများတွင် တွေ့ရသည်။မနုသီဟ ဟူသော စကားမှာ ပါဠိစကားဖြစ်၍ လူခြင်္သေ့ ဟု အဓိပ္ပါယ်ရသည်။ ခြင်္သေ့ကိုယ်၌ လူဦးခေါင်း တပ်ဆင်ထားသော အရုပ်ဖြစ်ခြင်းကြောင့် မနုသီဟ ဟု ခေါ်တွင်လာဟန်တူသည်။ မြန်မာတို့ စိတ်၌မှု မနုသီဟ ဆိုလျင် ကိုယ်နှစ်ခုရှိသည်ဟု စွဲယူပြီးဖြစ်သည်။

မနုသီဟရုပ်ကို ထုလုပ်ထားပုံမှာမူ အနုပညာမြောက်သည်။ လူဦးခေါင်း၌ မကိုဋ်သဏ္ဍာန်ရှိသော အချွန်အတက်များနှင့် ဦးဆောင်းကို ဆောင်းထားပေးသည်။ မြန်မာနိုင်ငံရှိ မနုသီဟ ရုပ်များသည် အီဂျစ်ပြည်ရှိ စဖင့်ရုပ်များနှင့် တူသည်။ လူဦးခေါင်း၌ မကိုဋ်သဖွယ် ဆောင်းထားပေးခြင်းကြောင့် အီဂျစ်ပြည် စဖင့်ရုပ် ဦးခေါင်းများကဲ့သို့ ဘုရင်တစ်ဦးဦး၏ ပုံတူသို့မဟုတ် ကိုးကွယ်သည့်နတ် ၊ ဗြဟ္မာတစ်ဦးဦး၏ ရုပ်ပုံကို စိတ်ကူးဖြင့်မှန်းဆ၍ ထုလုပ်ထားဖွယ်ရှိသည်ဟု တွေးထင် ယူဆရသည်။
ယင်းမနုသီဟ ရုပ်များသည် မည်သည့် ခုနှစ် သက္ကရာဇ်က ထုလုပ်ပေါ်ပေါက်လာခဲ့သည်ဟု အသေအချာ မသိရချေ။ သို့သော် သာသနာလင်္ကာရ စာတန်းတွင် မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံယူပြီးနောက် သာသာနာ ၂၃၅ ခုနှစ်ရောက်သော် ရာမညတိုင်း အစိတ် သုဝဏ္ဏ္ဏဘုမ္ပိသို့ အရှင်သောဏ၊ အရှင်ဥတ္တရ မထေရ်နှစ်ပါးကို အရှင်မောဂ္ဂလိပုတ္တတိဿက ရဟုန်းပြု ကံမြောက်လောက်အောင် သံဃာငါးပါးနှင့် သာသနာပြု စေလွှတ်တော့မူ၏။ထိုအခါ သုဝဏ်ဏဘုမ်မိတိုင်း သထုံပြည်ဝယ် သီရိဓမ္မာမေသာက မင်းပြု၏။ ထိုမြို့သည် သမုဒ္ဒရာနှင့် နီးသောကြောင့် ရေစောင့်ဘီလူးမသည် မင်းအိမ်၌ သားဖွားတိုင်း စားလေ၏။
သာသနာပြုမထေရ်တို့ ရောက်သောနေ့လည်း မင်းအိမ်၌ သားဖွားခိုက်ကြုံ၍ ဘီလူးမစားမည်ဟု အရံငါးရာနှင့်လာသည်ကို လူတို့မြင်၍ ကြောက်လန့်ကြွေးကြော်ကြ၏။ ထိုအခိုက်တွင် မထေရ်လည်း ကြောက်မက်ဘွယ်ရှိအောင် ခြင်္သေ့နှင့်တူသော ခေါင်းတစ်လုံး ကိုယ်နှစ်ခုရှိသော မနုသီဟ သဏ္ဍာန်နှင့် အရေအတွက် နှစ်ဆထက်သာအောင် ဖန်ဆင်းပြီးမှ ဘီလူးမတို့ကို လိုက်၍ ပိတ်ဆီးကုန်လျှင် ဘီလူးမတို့ပြေးသွားကြလေကုန်၏။
တဖန် မထေရ်တို့လည်း ဘီလူးမတို့မလာစိမ့်သောငှါ ပရိတ်အရံအတားကို ပြုပေး၏။ ထိုကာလ စည်းဝေးလာ သူတို့အား ဗြဟ္မဇာလသုတ်တော်ကို ဟောတော်မူသော် ခြောက်သောင်းသော လူတို့အကျွတ်အတန်း သောတာပန်စသော အရိယာဖြစ်လေကုန်၏။ ထိုကာလမှစ၍ ယနေ့ဖွားစ မင်းသားငယ်တို့အား သောဏုတ္တရ ဟူ၍ ငယ်မည်မှည့်ကြကုန်၏။
သူငယ်ခပ်သိမ်းတို့အားလည်း ဘီလူးဘေးကို ဆီးတားခြင်းငှာ ထန်းရွက်၊ သလူရွက်များတွင် မထေရ်တို့ဖန်ဆင်းသော မနုသီဟ ရုပ်ကိုရေး၍ ခေါင်းထက်တင်ထားကုန်၏။ ထိုအရုပ်ကို သထုံမြို့၏ အရှေ့မြောက်ထောင့် တောင်ထိပ်ထက် ကျောက်ရုပ်ထု၍ ယခုထက်တိုင် ရှိသည်ဟု ဖော်ပြပါရှိလေသည်။
ဖတ်ဖူးတွေ့ဖူးခဲ့သော မနုသီဟစာ ၊ပုံများကို ၁၉၈၁၊ သြဂုတ်လ၊ ရှုမ၀ တွင် ကိုအေးမြင့်ရေးခဲ့ဖူးပါသည်။ မူလအစ ကလျာဏီကျောက်စာကဟု ဆိုရမည်ဖြစ်သော်ငြားလည်း မနုသီဟ ရုပ်များ အထူးသဖြင့် ပန်းရံ၊ပန်းတော့ ၊ ပန်းတမော့ ရုပ်များဖြင့် ခေတ်စားခဲ့သည်မှာ အမရပူရခေတ်ဟု ဆိုနိုင်ပါသည်။ အကြီးဆုံးနှင့် အချိုးကျဆုံး မနုသီဟရုပ်များကိုအမရပူရ တောင်သမန် ကျောက်တော်ကြီး(မဟာသကျရံသီ၊ ၁၈၅၀ ခုနှစ်)တွင် တွေ့မြင်နိုင်သည်။
ပုဂံမင်းသည် အမရပူရခေတ် နောက်ဆုံး(၆) နှစ်တွင် နန်းစံခဲ့သည်။ အပျော်အပါးများသော မင်းငယ်တစ်ပါးဖြစ်ခဲ့သော်လည်း အောက်ခြေ စီမံသူ ပညာရှင်များ တော်ခြင်းကြောင့် ထိုတောင်သမန်ကျောက်တော်ကြီးနှင့်အတူ မနုသီဟ (၁၂) အပါအဝင် ပန္နက်ပုံ ကောင်းလှသည်။ သူ၏ဘေးတော် ပဒုံမင်း၏ မင်းကွန်းစေတီတော်ကြီး ဗိသုကာစနစ် မကောင်းသမျှ ဤတောင်သမန် ကျောက်စာတော်ကြီးဗိသုကာစနစ်ကောင်းမွန်လှ၍ စံထားမိပါသည်။ မနုသီဟ ဖင်နှစ်ခွဖြစ်နေခြင်းမှာ (ထောင့်) နေရာ၌ လိုက်လျောစေလိုသော ဒီဇိုင်းအယူအဆအရ ဖြစ်ရသည်ဟု သုံးသပ်ထားပါသည်။အထက်ပါ အကြောင်းအရာတို့ကို ထောက်ထားကြည့်ပါက သာသနာပြုမထေရ်တို့ လူသားများအတွက် အန္တရာယ်မကျရောက်စေလိုသောကြောင့် ဘီလူးဘေးကင်းဝေအောင် မနုသီဟ ဖင်နှစ်ခွပုံစံကို ဖန်တီးပေးခဲ့ဖူးသည်။
ထို့ကြောင့် လူသားများသည် ဘုရားပုထိုးစေတီအချို့ရှေ့က မနုသီဟ ဖင်နှစ်ခွကို မြင်ကြသောခါ အန္တရာယ်မှ ကာကွယ်သည့် သဘောဖြင့် ထုလုပ်ပြသထားတာပါလားဟု မှတ်ယူကြစေခြင်းငှာ ဤဆောင်းပါးကို ရှာဖွေစုဆောင်း ရေးသားလိုက်ရပါသတည်း။
ကျမ်းကိုး
မြန်မာ့စွယ်စုံကျမ်း အတွဲ (၈) (၂၀၀၃၊ ဇွန်၊ ရတနာမွန်)
အရှင်သုဇနာစာရ (တက္ကသိုလ်စာသင်သား )
သာသနာ့တက္ကသီလဓမ္မာစရိယ B.A BUDDHISM,
မဟာဓမ္မာစရိယကျမ်းပြု
Discussion about this post