ကမ္ဘာပေါ်ရှိ ရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်များ အားလုံးကို ဧရာဝတီ လင်းပိုင်ဟု ခေါ်တွင်လေသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့ နှင့် မန္တလေးမြို့အကြားရှိ မြစ်အပိုင်းအတွင်းတွင် ဖြန့်ကြက်သွားလာပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် ရေနေနို့တိုက် သတ္တဝါတစ်မျိုးဖြစ်သည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။
ဧရာဝတီ လင်းပိုင်များကို ဧရာဝတီမြစ်ထဲတွင် စတင်တွေ့ရှိခဲ့၍ တကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင် အားလုံးကို စတွေ့သည့်သူက ဧရာဝတီ လင်းပိုင်ဟုခေါ်ဆိုခဲ့တာဖြစ်သည်။ နောက်ပိုင်းတွင် အခြားနိုင်ငံများတွင်တွေ့ရှိခဲ့သည့် မျိုးတူလင်းပိုင်များကိုလည်း ဧရာဝတီလင်းပိုင်ဟုပင် ခေါ်ဆိုခဲ့ကြသည်။
Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင် ဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဧရာဝတီမြစ်အတွင်း နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀% အထိ လျော့ကျသွားခဲ့ပါသည်။
ဤလင်းပိုင်ငါးများသည် ၆ပေခွဲမှ ၉ပေနီးပါး အထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့် မီးခိုးရောင်အရင့် အရောင်ရှိကြပါသည်။အလေးချိန်မှာမှု ပေါင် ၄၀၀ ခန့်ရှိတတ်သည်။ ပုံမှန်အားဖြင့် ရေကူးနှေးသည်ဟုထင်ရသော်လည်း မှတ်တမ်းတင်ထားမှုအရ တစ်နာရီကို ၁၂မိုင်မှ ၁၆မိုင် အထိကူးနိုင်စွမ်းရှိပါသည်။ဤလင်းပိုင်ငါးများသည် လူများနှင့် ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြပြီး၊ တံငါသည်များငါးဖမ်းရာတွင် ကူညီတတ်ကြသည်။ ဤအချက် မှာ လူနှင့် တိရစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်း ဖြစ်ပါသည်။ လင်းပိုင်အမများသည် ကိုယ်ဝန်ဆောင်ချိန် ၁၄လခန့်ကြာမြင့်တတ်ပြီး မွေးဖွားလာသည့်လင်းပိုင်ပေါက်ကလေးမှာ ၁၁ပေါင်ခန့်ရှိတတ်သည်။ ငါးကြီးများနှင့် အခွံမာရေသတ္တဝါများမှာ သူတို့၏အစာဖြစ်သည်။ ဧရာဝတီလင်းပိုင်များ၏ သက်တမ်းမှာ အနှစ် ၃၀ ဖြစ်သည်။
ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင် ကမ်းမြောင်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။ ကမ္ဘာတွင် ဩစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယအရှေ့မြောက်ဒေသ၊ ဂင်္ဂါမြစ်၊ အင်ဒိုနီးရှားနိုင်ငံ မဟာခမ်မြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်တို့ တွင်လည်း တွေ့ရသည်။ ဧရာဝတီလင်းပိုင်တို့ကို တောင်အာရှနှင့် အရှေ့တောင်အာရှတို့၏ ကမ်းရိုးတန်းဒေသများတွင်၎င်း၊ မြစ်ကြီး (၃)စင်းဖြစ်သော မဲခေါင်မြစ်၊ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်နှင့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ မဟာခမ်မြစ်တို့တွင်၎င်း တွေ့နိုင်ပါသည်။
၂၀၁၃ခုနှစ် က ကောက်ခံမှုအရ မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင် အကောင် ၇၀နီးပါး သာကျန်တော့သည်ဟု သိရပြီး ထိမ်းသိမ်းမှုများ ပညာပေးအစီအစဉ်များကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သော်လည်း ရှားပါးတိရစ္ဆာန်ကို ထိမ်းသိမ်းကောင်းရမှန်း မသိသည့် လူတချို့၏ရက်စက်မှုကြောင့် ယခုအခါတွင်မှု အကောင် ၆၀ ဝန်းကျင်တောင်မရှိတော့ဟု သိရပါသည်။
Discussion about this post