မြောက်အမေရိကတိုက်ဟာ ကမ္ဘာရဲ့မြောက်ဗဟိုခြမ်းတွင် တည်ရှိပြီး မြောက်ဘက်မှ အာတိတ် သမုဒ္ဒရာ၊ အရှေ့ဘက်မှ မြောက် အတ္တလန္တိတ် သမုဒ္ဒရာ ၊တောင်ဘက်မှ ကာရစ်ဘီ ယံပင်လယ်နှင့် အနောက်ဘက်မှ မြောက် ပစိဖိတ် သမုဒ္ဒရာ တို့က ဝန်းရံထားတဲ့ တိုက်ကြီးဖြစ်ပါတယ်။ မြောက်ဘက်တွင် ကျယ်ပြန့်ပြီး တောင်ဘက်သို့တဖြည်းဖြည်းကျဉ်းမြောင်းသွားသည့် ပုံသဏ္ဍာန် ဖြစ်ပါတယ်။ နှစ်ကာလများစွာကတည်းက တည်ရှိခဲ့သော်လည်း လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ခန့်မှာမှ လူဖြူတို့လာရောက်အခြေချနေထိုင်ကြတာကြောင့် စာပေတွေထဲမှာ တောင် ၊ မြောက်အမေရိကတိုက်တို့ကို ကမ္ဘာသစ် New World လို့ ရည်ညွှန်းခေါ်ဆိုကြလေ့ရှိပါတယ်။
အမေရိကတိုက်တွေရဲ့ အမည်ဖြစ်ပေါ်လာခြင်း နဲ့ ပတ်သက်လို့ အယူအဆအမျိုးမျိုးရှိပါတယ်။ လူသိများတာကတော့ အမေရိကတိုက် ( တောင်အမေရိကရောမြောက်အမေရိကတိုက်) ဟာ အီတလီလူမျိုးပင်လယ်ရေကြောင်းကျွမ်းကျင်သူ Amerigo Vespucci ကိုဂုဏ်ပြု ခေါ်ဆိုခဲ့တာဆိုပြီးဖြစ်ပါတယ်။ Vespucci ဟာ တောင်အမေရိကတိုက်ကို ၁၄၉၇ ခုနှစ် နဲ့ ၁၅၀၂ ခုနှစ် ကာလတွေမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မြောက်အမေရိကတိုက်ဟာ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၉,၅၄၀,၀၀၀ ကျယ်ဝန်းပြီး ကမ္ဘာပေါ်မှာတော့ အာရှတိုက်နှင့်အာဖရိကတိုက်တို့ပြီးလျှင် တတိယမြောက်အကြီးဆုံး တိုက်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်စာရင်းအရ လူဦးရေ ၅၇၉,၀၂၄,၀၀၀ ရှိပြီး အာရှတိုက်၊ အာဖရိကတိုက်နှင့် ဥရောပတိုက်တို့ပြီးလျှင် စတုတ္ထမြောက်လူဦးရေအများဆုံးတိုက်ဖြစ်ပါတယ်။
လူသားတွေဟာ မြောက်အမေရိကတိုက်ကို လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀၀ ကနေ ၁၇၀၀၀ ကြားကာလမှာ စတင်အခြေချခဲ့ကြတာဖြစ်ပြီး မြောက်အမေရိကရဲ့အစောဆုံးလူသားတွေကိုတော့ ပယ်လီယိုအင်ဒီးယန်းလို့ ခေါ်ကြပါတယ်။ ဥရောပသားများ ရောက်မလာခင်က မူရင်း အမေရိကဒေသခံတိုင်းရင်းသားလူမျိုးစု များစွာဟာ ကိုယ်ပိုင်နယ်မြေ ရိုးရာဓလေ့တွေနဲ့ နေထိုင်ခဲ့ကြပါတယ်။ ၁၄၉၂ ခုနှစ်ကစလို့ ဥရောပသားတွေဟာ မြောက်အမေရိက ကို ကိုလိုနီစတင်ပြုခဲ့ကြပြီး ဗြိတိသျှ ၊ စပိန် ၊ ပြင်သစ်တို့ဟာ နယ်မြေတွေကို တဖြည်းဖြည်းသိမ်းယူခဲ့ကြပါတယ်။ အင်္ဂလိပ် ၊ စပိန် နဲ့ ပြင်သစ်တို့သာမက အခြားဥရောပလူမျိုးတွေပါ လာရောက်ခဲ့ရာမှာတော့ မြောက်အမေရိကဟာ လူမျိုးစုံလာခဲ့ပါတယ်။
၁၇၇၆ ခုနှစ်မှာတော့ ဗြိတိသျှကိုလိုနီ နယ်မြေ ၁၃ ခုဟာ လွတ်လပ်ရေးကို ကြေငြာခဲ့ပြီးတဲ့နောက် ယနေ့ အမေရိကန်နိုင်ငံ ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကနေဒါကတော့ ဗြိတိသျှတို့ထံကနေ လွတ်လပ်ရေးရခဲ့ပြီး ၁၈၇၆ ခုနှစ်မှာတော့ ဖက်ဒရေးရှင်းနိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ လက်ရှိမြောက်အမေရိကတိုက်မှာတော့ အမေရိကန် ၊ ကနေဒါ ၊ မက္ကဆီကို ၊ ကျူးဘား ၊ ပနားမား ၊ ကော်စတာရီကာ ၊ ဂျမေကာ စတဲ့နိုင်ငံပေါင်း ၂၃ နိုင်ငံအပြင် အန်ဂွေလာ ၊ ဘာမြူဒါ အစရှိတဲ့ ဗြိတိသျှရဲ့ ပင်လယ်ရပ်ခြားနယ်မြေ တွေလည်း ပါဝင်နေပါသေးတယ်။
မြောက်အမေရိကရဲ့ စိတ်ဝင်စားဖွယ်အချက်များ
၁။ မြောက်အမေကတိုက်ရဲ့ အကြီးဆုံးနိုင်ငံက ကနေဒါနိုင်ငံဖြစ်ပါတယ်။ စတုရန်းမိုင် ၄သန်းနီးပါး ကျယ်ဝန်းတဲ့ ကနေဒါနိုင်ငံဟာ မြောက်အမေရိကတိုက် ကုန်းမြေဧရိယာရဲ့ တဝက်နီးပါးကို ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်မှာလည်း ရုရှားပြီးလျှင် အကျယ်ဝန်းဆုံးနိုင်ငံ ဖြစ်ပါတယ်။
၂။ မြောက်အမေရိကမှာ အငယ်ဆုံးတိုင်းပြည်ကတော့ အနောက်အင်ဒီးစ်ကျွန်းစုထဲမှာပါဝင်တဲ့ စိန့်ကစ်အန်နီးဗစ် ကျွန်းနိုင်ငံဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၀၁ သာ ရှိတဲ့ ဒီနိုင်ငံလေးမှာ ၂၀၁၈ ခုနှစ်စာရင်းအရ လူဦးရေ ၅၂,၄၄၁ ဦးသာ နေထိုင်ပါတယ်။ ဓနသယာယအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ၈ ခုမြောက် အငယ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။
၃။ မြောက်အမေရိကရဲ့ လူဦးရေအများဆုံးမြို့တော်ကတော့ မက္ကဆီကိုရဲ့မြို့တော် မက္ကဆီကိုစီးတီးဖြစ်ပါတယ်။ မြို့ပေါ်နေလူဦးရေ ၉သန်းခန့်ရှိပြီး ဒေသတခုလုံးမှာဆိုရင်တော့ နေထိုင်သူဦးရေဟာ ၂၁ သန်းကျော်တောင် ရှိပါတယ်။ မက္ကဆီကိုစီးတီးဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက်လူဦးရေ အများဆုံးမြို့လည်းဖြစ်ပါတယ်။
၄။ မြောက်အမေရိကမှာ အရှည်ဆုံးမြစ်ကတော့ မစ်ဇိုရီမြစ်ဖြစ်ပြီး အလျားမိုင်ပေါင်း ၂၃၄၁မိုင် ရှည်လျားပါတယ်။ လူသိများတဲ့ မစ်စစ္စပီမြစ်ကတော့ ဒုတိယအရှည်လျားဆုံးဖြစ်ကာ အလျားမိုင်ပေါင်း ၂၂၀၂ မိုင် ခန့် ရှိပါတယ်။ ယူဂွန်မြစ် ၊ ရီယိုဂရန်ဒီမြစ် ၊ ကော်လိုရာဒို နဲ့ ကိုလမ်ဘီယာမြစ်တွေဟာလည်း ထင်ရှားပြီး အရေးပါတဲ့မြစ်တွေဖြစ်ပါတယ်။
၅။ မြောက်အမေရိကတိုက်ရဲ့ အမြင့်ဆုံးတောင်ကတော့ ဒီနာလီ Denali တောင်ဖြစ်ပါတယ်။ အလက်စကားက ဒီနာလီအမျိုးသားဥယျာဉ်နယ်မြေအတွင်းမှာ တည်ရှိတဲ့ ဒီတောင်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၂၀,၃၁၀ ပေ မြင့်မားပါတယ်။ ဒီတောင်ရဲ့ နောက်ထပ်အမည်တခုက မက်ကင်းလေး တောင်ဖြစ်ပြီး အမေရိကန်ရဲ့ ၂၅ဆက်မြောက် သမ္မတ ဝီလျံ မက်ကင်းလေးကို ဂုဏ်ပြုတဲ့ အနေနဲ့ ပေးထားတာဖြစ်ပါတယ်။
၆။ မြောက်အမေရိကတိုက်ရဲ့ အကြီးဆုံးရေကန်ကတော့ စူပရီးယားရေကန်ဖြစ်ပါတယ်။ အမေရိကန် ပြည်နယ်တွေ နဲ့ ကနေဒါရဲ့ အွန်တေရီယိုပြည်နယ်တွေထဲမှာ ပါဝင်နေတဲ့ ဒီကန်ကြီးဟာ အလျား ၃၅၀မိုင် အထိ ရှိပြီး အကျယ်ကတော့ ၁၆၀ မိုင်အထိ ရှိပြီး မျက်နှာပြင်ဧရိယာစုစုပေါင်းကတော့ စတုရန်းမိုင် ၃၁,၇၀၀ ဖြစ်ပါတယ်။
၇။ မြောက်အမေရိကရဲ့ အနိမ့်ဆုံးနေရာကတော့ ကယ်လီဖိုးနီးယားအရှေ့ပိုင်းမှာ တည်ရှိတဲ့ သေမင်းတောင်ကြား Death Valley ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် ၂၈၂ ပေ နိမ့်တဲ့ ဒီနေရာဟာ ကမ္ဘာပေါ်မှာ အပူဆုံးနေရာတခုလည်းဖြစ်ပါတယ်။ အမြင့်ဆုံး အပူချိန်အဖြစ် ၅၇ ဒီဂရီဆဲစီးယပ်အထိ အပူချိန်မြင့်မားလွန်းတဲ့ ဒေသလည်း ဖြစ်ပါတယ်။
၈။ ဥရောပသားတွေ ရောက်မလာခင်က နေထိုင်တဲ့ မူရင်းဒေသခံမျိုးနွယ်တွေဟာ ယနေ့တိုင် ရှိနေပါသေးတယ်။ အမေရိကန်မှာတင် လူမျိုးစုပေါင်း ၅၀၀ ကျော် ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် မူရင်းဒေသခံ မျိုးနွယ်စု လူဦးရေ စုစုပေါင်းဟာ အမေရိကန်နိုင်ငံလူဦးရေရဲ့ ၂% ခန့်သာ ကျန်ရှိတော့ပြီး အများဆုံး တိုင်းရင်းသားတွေကတော့ Cherokee, Navajo နဲ့ Iroquois တို့ ဖြစ်ပါတယ်။ Inuit နဲ့ Métis မျိုးနွယ်စုကတော့ ကနေဒါနိုင်ငံ မှာနေထိုင်ခဲ့ကြပြီး ကမ္ဘာမှာ အထင်ရှားဆုံးလူမျိုးစုဖြစ်တဲ့ မာယာလူမျိုးတွေရဲ့ မျိုးနွယ်တွေကတော့ မက္ကဆီကို ၊ ဂွာတီမာလာ ၊ ဘီလစ် ၊ အယ်ဆာဗေးဒိုး နဲ့ ဟွန်ဒူးရပ်စ် စတဲ့နိုင်ငံတွေမှာ နေထိုင်ကြပါတယ်။
၉။ မြောက်အမေရိကမှာ ဘာသာစကားပေါင်း ၁၆၅ မျိုးခန့်ကို သုံးစွဲကြပါတယ်။ အင်္ဂလိပ်ဘာသာကတော့ အသုံးအများဆုံး ဘာသာစကားဖြစ်ပြီး စပိန် နဲ့ ပြင်သစ်ဘာသာတွေကိုတော့ ဒုတိယဘာသာစကားအဖြစ် အမေရိကန်မှာ သုံးစွဲကြပါတယ်။ ကာရစ်ဘီယံဒေသကတော့ စပိန်စကားကိုသုံးစွဲကြပြီး ကနေဒါလူဦးရေ ၂၀% ခန့်ကတော့ ပြင်သစ် စကားကို ပြောဆိုသုံးစွဲကြပါတယ်။ တရုတ် ၊ Tagalog(ဖိလစ်ပိုင်) နဲ့ ဗီယက်နမ် စတဲ့ ဘာသာစကားတွေကို ပြောဆိုသုံးစွဲကြသူတွေလည်း အနည်းငယ် ရှိပါတယ်။
၁၀။ မြောက်အမေရိကလူဦးရေရဲ့ ၇၇% ခန့်က ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး ဘာသာမဲ့ရာခိုင်နှုန်းကလည်း ၁၆% ခန့် ရှိနေကာ ဗုဒ္ဓဘာသာ ၊ ဟိန္ဒူ ၊ ဂျူး ၊ အစ္စလာမ် စတဲ့ဘာသာတွေကို ကိုးကွယ်သူကလည်း ရာခိုင်နှုန်းအနည်းငယ် ရှိနေပါတယ်။
၁၁။ မြောက်အမေရိကရဲ့ ထင်ရှားတဲ့ တိရစ္ဆာန်တွေကတော့ ဝက်ဝံညို ၊ အကြီးဆုံးသမင်မျိုးစိတ်ဖြစ်တဲ့ Elk ၊ မိချောင်းခေါင်းတို ၊ အမေရိကန်လင်းယုန် ၊ ဘိုင်ဆန်နွားရိုင်း ၊ အမေရိကန်ခွေးအ ၊ ရက်ကွန်း ၊ ဂျာဂွာ နဲ့ အခြားတိရစ္ဆာန်တွေဖြစ်ပါတယ်။ မြောက်အမေရိကဟာ ငှက်ပျောသီးလင်းနို့ နဲ့ တောင်ခြင်္သေ့လို မျိုးတုံးဖို့ အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်တွေရဲ့ နယ်မြေလည်းဖြစ်ပါတယ်။
၁၂။ မြောက်အမေရိကဟာ သဘာ၀ သယံဇာတတွေအနေနဲ့ ကျောက်မီးသွေး ၊ ကြေးနီ ၊ သွပ် ၊ သံရိုင်း ၊ နီကယ် တို့အပြင် ရွှေ နဲ့ ငွေ လို တန်ဖိုးရှိတဲ့ သတ္တုတွေများစွာ ထွက်ရှိပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သလို ကျောက်မီးသွေးထုတ်လုပ်မှု တတိယအများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ စိုက်ပျိုးရေးအနေနဲ့ကတော့ မုယောစပါး ၊ ဂျုံ ၊ ပြောင်း ၊ ပဲပိစပ် ၊ ကြံ နဲ့ ဆေးရွက်ကြီးတွေကို စိုက်ပျိုးကြပါတယ်။
၁၃။ ကမ္ဘာပေါ်မှာ အရှည်လျားဆုံး နယ်စပ်မျဉ်းကတော့ အမေရိကန် နဲ့ ကနေဒါကြားမှာ တည်ရှိပြီး ၅၅၆၂ မိုင် ရှည်လျားပါတယ်။
၁၄။ ကမ္ဘာ့ပထမဆုံး မိုးမျှော်အဆောက်အအုံအဖြစ် သတ်မှတ်ခံထားရတာကတော့ အမေရိကန် ရှီကာဂိုမှာ တည်ရှိပါတယ်။ Home Insurance Building အမည်ရတဲ့ ဒီအဆောက်အအုံကို ၁၈၈၅ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး အမြင့်ပေ ၁၈၀ ပေ နဲ့ အထပ် ၁၀ထပ် ရှိပါတယ်။ ဒီအဆောက်အအုံကို တည်ဆောက်ပြီး ၄၆နှစ်အကြာမှာတော့ ဖြိုချခဲ့ပါတယ်။
၁၅။ ဂျမေကာ နိုင်ငံဟာ ၁စတုရန်းမိုင်အတွင်းမှာ အရက်ဘားဆိုင် အများဆုံး ရှိပါသတဲ့။ တဖက်က ပြန်ကြည့်ရင်တော့ ၁စတုရန်းမိုင်အတွင်း ခရစ်ယာန်ဘုရားကျောင်း အများဆုံးနိုင်ငံလည်း ဖြစ်ပါသတဲ့။
၁၆။ ဗြိတိသျှတို့ရဲ့ ပင်လယ်ရပ်ခြားပိုင်နက်ဖြစ်တဲ့ ဘာမြူဒါကျွန်းစုဟာ မြောက်အမေရိကတိုက်ထဲမှာ ပါဝင်နေပါတယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Cape Hatteras ရဲ့ အရှေ့- အရှေ့တောင်ဘက် ၆၄၃ မိုင်ခန့်အကွာမှာ တည်ရှိနေတာဖြစ်ပြီး ကျွန်းပေါင်း ၁၈၁ ခု နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီနယ်မြေဟာ ၂၀စတုရန်းမိုင်ခန့်ကျယ်ဝန်းပြီး လူဦးရေ ၇သောင်းကျော် နေထိုင်ကာ မြို့တော်ကတော့ ဟယ်မင်တန် ဖြစ်ပါတယ်။
၁၇။ ကမ္ဘာပေါ်မှာ အရှည်လျားဆုံးလိုဏ်ဂူဟာ မြောက်အမေရိကတိုက်က အမေရိကန်နိုင်ငံ Kentucky ပြည်နယ်အတွင်းမှာ တည်ရှိပါတယ်။ Mammoth Cave လို့အမည်ရတဲ့ ဒီလိုဏ်ဂူဟာ ထုံးကျောက်ဝင်္ကပါအမျိုးအစားလိုဏ်ဂူဖြစ်ပြီး လက်ရှိအချိန်ထိ မိုင် (၄၀၀)အကွာအဝေးလောက်ကိုသာ လူသားတွေ သွားရောက်နိုင်သေးပါတယ်။ ဘူမိ ဗေဒပညာရှင်တွေဘက်ကတော့ Mammoth Cave ဟာနောက်ထပ် မိုင်(၆၀၀) လောက်အရှေ့မှာ ဆက်လက်တည်ရှိနေနိုင်သေးတယ်လို့ ခန့်မှန်းထားကြပါတယ်။
၁၈။ မြောက်အမေရိကရဲ့ အထင်ရှားဆုံးရုပ်တုကတော့ လေဘာတီရုပ်တုဖြစ်ပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ်လည်း သတ်မှတ်ခံထားရတဲ့ ဒီရုပ်တုဟာ အောက်ခြေကနေ မီးတိုင်ထိပ်ဖျားထိ အမြင့် ၃၀၅ပေ ခန့် ရှိပါတယ်။ နယူးယောက်မြို့ လေဘာတီကျွန်းမှာ တည်ရှိနေပြီး နှစ်စဉ် လူပေါင်း ၃သန်းထက် မနည်း လာရောက်လည်ပတ်ကြတဲ့ နေရာလည်းဖြစ်ပါတယ်။
၁၉။ မာယာလူမျိုးတို့ရဲ့ အထင်ရှားဆုံးမြို့တော်တခုဖြစ်တဲ့ Calakmul မြို့ဟောင်းကတော့ မက္ကဆီကိုက တောနက်ကြီးတခုအတွင်းမှာ တည်ရှိနေပါတယ်။ ၇.၇ စတုရန်းမိုင်ခန့် ကျယ်ဝန်းတဲ့ ဒီနယ်မြေမှာ လူဦးရေ ၅သောင်းကျော် နေထိုင်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ အဆောက်အအုံပျက်ပေါင်း ၆၀၀၀ ကျော် ရှိနေဆဲဖြစ်ပြီး ဒီအထဲက အကြီးဆုံးအရာကတော အမြင့်ပေ ၁၄၈ပေ ရှိတဲ့ ပိရမစ်ကြီးဖြစ်ပါတယ်။
၂၀။ မြောက်အမေရိကရဲ့ သဘာ၀ အမွေအနှစ်တွေအဖြစ် ဂရင်းကန်ညွန် ၊ နိုင်အာဂရာရေတံခွန် ၊ ရက်ဝုဒ်အမျိုးသားဥယျာဉ်နယ်မြေ ၊ ရဲလိုစတုန်းအမျိုးသားဥယျာဉ်နယ်မြေ ၊ Fundy ပင်လယ်အော် ၊ ရိုးမိုက်အမျိုးသားဥယျာဉ်တို့ဟာ ထင်ရှားပါတယ်။
Discussion about this post