ဒီဘုရားကျောင်းရဲ့ အမည်ကတော့ Salt Cathedral of Zipaquirá ဖြစ်ပြီး ကိုလံဘီယာနိုင်ငံ Zipaquirá မြို့အနီးမှာတည်ရှိတဲ့ ရိုမန်ကတ်သလစ်ဘုရားရှိခိုးကျောင်းတစ်ခု ဖြစ်ပါတယ်။ ထူးခြားတာကတော့ မြေအောက် အနက် ပေ ၆၀၀ကျော်မှာ ရှိနေတဲ့ တွင်းထွက်ဆား ထုတ်လုပ်ရေး ဥမင်ဟောင်းထဲမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ခရစ်တော်မပေါ်မီကာလကတည်းက ဒီနေရာမှာ တွင်းထွက်ဆားတွေကို ထုတ်လုပ်နေခဲ့တာဖြစ်ပြီး ဒါဟာ ဒီလုပ်ငန်းဟာ ဒီဒေသရဲ့ အစဉ်အဆက် အဓိက စီးပွားရေးလုပ်ငန်းလည်းဖြစ်ခဲ့ပါတယ်။ ပရပ်ရှား ပထဝီပညာရှင် Alexander von Humboldt ဟာ ၁၈၀၁ ခုနှစ်ကတည်းက ဒီနေရာကို ရောက်ခဲ့ဖူးပြီး အဲဒီအချိန်ကတည်းက ဒီနေရာမှာ ဆားမိုင်းတွင်းကြီး ရှိနှင့်နေပြီလို့ ဆိုပါတယ်။
၁၈၇၆ ခုနှစ်မှာ နံရံက ဆားကျောက်တုံးတွေကို ဖယ်ရှားဖို့ မိုင်းတွင်းလုပ်သားတွေဟာ ဥမင် ၄ခု ထပ်မံတူးဖော်ခဲ့ကြပါတယ်။ ၁၉၃၂ ခုနှစ်မှာတော့ သူတို့တူးဖော်ရေးလုပ်ငန်းများမစတင်မီ မနက်ခင်းတွေမှာ ဝတ်ပြုဆုတောင်းဖို့ နေရာတစ်ခုကို ထပ်မံဖန်တီးခဲ့ကြပါတယ်။ ၁၉၅၀ ခုနှစ်မှာတော့ စီမံကိန်းတစ်ခုအနေနဲ့ ပိုမိုကြီးတဲ့ ဘုရားကျောင်းတစ်ခုဖြစ်လာဖို့ စတင်ဆောက်လုပ်ခဲ့ကြပြီး ၁၉၅၄ခုနှစ် သြဂုတ် ၁၅ ရက်နေ့မှာတော့ ဘုရားကျောင်းကို အခမ်းအနားနဲ့ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ တည်ဆောက်မှုစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၂၈၅သန်း ခန့် ကုန်ကျခဲ့ပါတယ်။
၁၉၉၀ ခုနှစ်ဝန်းကျင်မှာတော့ မိုင်းတွင်းကိုရော ဘုရားကျောင်းကိုပါ စိတ်ချ လုံခြုံမှုမရှိတော့တဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့် ပိတ်ပစ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်အကြာမှာတော့ အဲဒီအနားက စိတ်ချရတဲ့နေရာတစ်ခုရွေးချယ်ပြီး ကျောက်တောင်ကို တူးဖော်ကာ လက်ရှိဘုရားကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီတည်ဆောက်မှုအတွက် ကျောက်တုံးတန်ချိန်ပေါင်း ၂၅၀၀၀၀ခန့်ကို ဖယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဘုရားကျောင်းကို ဥမင်ငယ်ပေါင်း ၁၄ခုနဲ့ ချိတ်ဆက်တည်ဆောက်ထားတာဖြစ်ပြီး ခန်းမ ၃ခု ပါဝင်ပါတယ်။ ဒီနေရာမှာ ခရစ်တော်ရဲ့ မွေးဖွားခြင်း ၊ ဘဝဖြတ်သန်းခြင်း နဲ့ သေဆုံးခြင်း ၊ ရှင်သန်ထမြောက်ခြင်း စတဲ့ အခန်ကဏ္ဍတွေကို ဖော်ပြထားပါတယ်။ ဥမင်နံရံတွေမှာတော့ အသေးစိတ် ဗိသုကာတွေနဲ့ ချယ်မှုန်းထားကာ စကျင်ကျောက်ရုပ်တုတွေကိုလည်း ထုလုပ်ထားခဲ့ကြပါတယ်။
ဘုရားကျောင်း ပင်မနေရာကတော့ အရှည် ၄၀၀ပေခန့်ရှိကာ အမြင့် ပေ ၇၀ ခန့် ရှိပြီး လူပေါင်း ၈၀၀၀ ခန့်အထိ ဆန့်ပါတယ်။ ခန်းမတစ်ခုစီမှာတော့ လက်ဝါးကပ်တိုင်ကြီး တစ်ခုစီရှိနေပါတယ်။ အဝင်အဝမှာရှိနေတဲ့ Guardian Angel ရုပ်တုကိုတော့ အီတလီပန်းပုဆရာ Ludovico Consorte က ထုလုပ်ပေးခဲ့ပါတယ်။
ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီးမရှိတဲ့အတွက် ဒီနေရာကို တရားဝင် ခရစ်ယာန်ဘုရားကျောင်းအဖြစ် အသိအမှတ်ပြုခြင်းမခံရပေမယ့် တနင်္ဂနွေနေ့တိုင်းမှာ လူပေါင်း ၃၀၀၀ ထက်မနည်း လာရောက်နေကြပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ဒီနေရာကို ကိုလံဘီယာရဲ့ ဂုဏ်ယူဖွယ်ရာ အံဖွယ်နေရာတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။
အလည်အပတ်လာရောက်လေ့ရှိတဲ့သူတွေဟာ တစ်ခါကို မိနစ် ၆၀ခန့်သာ ဒီအထဲမှာနေခွင့် ရှိမှာပါ။ ဒါအပြင် ဦးဆောင်တဲ့ ဧည့်လမ်းညွှန်ဟာလည်း မိုးလုပ်သားတစ်ယောက်ရဲ့အတွေ့အကြုံရှိဖို့ လိုအပ်ပါတယ်။ ဒါမှဟာ အရေးပေါ်အခြေအနေရောက်ပါက ဝန်ထမ်းတွေ ၊ လုံခြုံရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ကာ ခရီးသွားတွေကို အန္တရာယ်ကင်းစေနိုင်မှာဖြစ်ပါတယ်။
ဆားထုတ်လုပ်ပုံကို 3D ဗီဒီယိုနဲ့ ပြသထားသလို ဆားတူးဖော်ရေးလုပ်ငန်းလုပ်ခဲ့တာကို ပြတိုက်နဲ့ ပြသထားပါတယ်။ လူ ၃၀၀ခန့် ဆန့်တဲ့ စားသောက်ခန်းမ နဲ့ ကော်ဖီခန်းမတွေလည်း ဒီနေရာမှာ ရှိနေပါတယ်။ အစည်းအဝေးတွေ အခမ်းအနားတွေပြုလုပ်နိုင်တဲ့ လူ ၈၀၀ ခန့်ဆန့်တဲ့ ခန်းမတစ်ခုလည်းရှိနေပြီး ဒီခန်းမမှာ မင်္ဂလာပွဲလုပ်ကြတာမျိုးလည်း ရှိပါတယ်။ ဝင်ခွင့်အတွက် ၁၀ဒေါ်လာ ဝန်းကျင်ခန့်ကျသင့်မှာ ဖြစ်ပြီး အိမ်မွေးတိရစ္ဆာန် နဲ့ ပြင်ပအစားအစာတွေယူလာတာ ၊ ဆေးလိပ် နဲ့ အရက်သောက်သုံးခြင်းတွေကို အထူးတားမြစ်ထားပါတယ်။
VIDEO
Discussion about this post