မော်တော်ကားတွေဟာ ယနေ့အချိန်မှာတော့ မြို့ကြီးမြို့ငယ်တွေသာမက လူသူနေထိုင်မှုနည်းပါးတဲ့ ကျေးလက်တွေအထိတောင် ရောက်ရှိနေခဲ့ပါပြီ။ ဒါပေမယ့် ဥရောပက လူပေါင်း ၁သိန်းနီးပါး နေထိုင်တဲ့ မြို့တမြို့ကို ရောက်ခဲ့ရင်တော့ ဒီလောက်စည်ကားတဲ့မြို့မှာ ကားတွေဘာလို့ တစီးတလေလောက်ပဲ ရှိနေသလဲဆိုတာတွေးမိပြီး အံသြမိပါလိမ့်မယ်။ ဒီတခါတော့ စပိန်နိုင်ငံမှာ တည်ရှိတဲ့ ဒီမြို့အကြောင်းကို ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ပါတယ်။
စပိန်နိုင်ငံဟာ သမိုင်းကြောင်း ယဉ်ကျေးမှုအမွေအနှစ်များသလို၊ ကွဲပြားတဲ့ ဓလေ့ထုံးစံနဲ့ လူနေမှုစနစ်များစွာကိုပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံအတွင်း သမိုင်းဝင်နယ်မြေတွေ မြို့တော်ဟောင်းတွေကြောင့် ကမ္ဘာလှည့်ခရီးသည်လာရောက်လည်ပတ်နှုန်းမြင့်မားတဲ့ နိုင်ငံတစ်ခုဖြစ်သလို အခြားသောနိုင်ငံတွေနဲ့ကွဲထွက်နေတဲ့လူနေမှုပုံစံတွေကြောင့်လည်း နာမည်ကျော်လူသိများနေတဲ့အရပ်ဖြစ်ပါတယ်။ ယင်းနေရာတွေအနက်မှာ Pontevedra မြို့လည်းအပါအဝင်ဖြစ်ပြီး ခေတ်မီတိုးတက်တဲ့မြို့ဖြစ်ပေမယ့် မြို့တွင်းကားမောင်းနှင်ခွင့်ကို ကန့်သတ်ထားတာကြောင့် လူစိတ်ဝင်စားမှုအတော်လေးခံရတဲ့မြိုဖြစ်ပါတယ်။
ကမ္ဘာမြို့တော်ကြီးတွေမှာအဓိကကြုံတွေ့နေရတဲ့ယာဉ်ကြောပိတ်ဆို့မှုနဲ့ မော်တော်ကား တွေကထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လိုမျိုးအဆိပ်ဓာတ်ငွေ့တွေကြောင့် မြို့တော်ကြီး တွေရဲ့ သဘာဝပတ်ဝန်းကျင်ဟာအတော်ကိုပျက်စီးနေခဲ့ရပြီဖြစ်ပါတယ်။ ဒါအပြင်တိုးပွားလာတဲ့ လူဦးရေနဲ့အတူ ပါလာတဲ့ စွန့်ပစ်ပစ္စည်းတွေ(အထူးသဖြင့်ပလတ်စတစ်)တွေကြောင့် လည်း ဂေဟစနစ်တစ်ခုလုံးဟာလုံးပါးပါးနေခဲ့ရပြီးလည်းဖြစ်ပါတယ်။ မြို့တော်တွေမှာဆိုရင် လမ်းလျှောက်သူဦးရေဟာအလွန်နည်းပါးပြီး မော်တော်ကားစီးနင်းသူတွေသာများပြားလာတဲ့အချက်က မြို့တော်ရဲ့ပုံရိပ်ကိုတောင်ထိခိုက်လာခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေကို ကျော်လွှားနိုင်ဖို့နည်းစဉ်ကတော့ လောင်စာဆီသုံးစက်တပ်ယာဉ်တွေအစား လျှပ်စစ်ကားတွေအစားထိုးဖို့သာဖြစ်ပါတယ်။ လက်တွေ့မှာတော့ နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက် အရရော၊ လိုအပ်တဲ့လျှပ်စစ်ဓာတ်အားရုံအရေအတွက်အရပါ ကမ္ဘာနဲ့ချီပြီး ယင်းအပြောင်းအလဲကို လုပ်နိုင်ဖို့ဆိုတာကတော့ အချိန်ကြာဦးမှာပါ။ ဒါမှမဟတု်ရင်တော့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုအဓိကထုတ်လုပ်တဲ့ လောင်စာဆီသုံးမော်တော်ကားတွေကို တတ်နိုင်သလောက် လျှော့ချဖို့ (သို့) အသုံးမပြုဖို့သာဖြစ်ပါတယ်။
စပိန်နိုင်ငံ အနောက်မြောက်အရပ်မှာတည်ရှိတဲ့ Pontevedra ရှေးဟောင်းမြို့ကလေးမှာ တော့ကားမောင်းနှင်ခြင်းကိုခွင့်မပြုထားပါဘူး။ Pontevedra ဟာ Comarca ကောင်တီနဲ့ Pontevedra ပြည်နယ်ရဲ့မြို့တော်လည်းဖြစ်ပြီးပင်လယ်ရေမျက်နှာပြင်အထက် ပေ(၇၀)လောက်မြင့်ကာ စတုရန်းမိုင် (၄၅.၆၈)မိုင်လောက်ကျယ်ဝန်းပါတယ်။ ယင်းမြို့တွင်းကိုရောက်ခဲ့ရင်တော့ မော်တေ်ာကားဟွန်းဆွဲသံတွေ၊ မော်တော်ယာဉ်ကြောပိတ်ဆို့မှုစတဲ့ မြို့ကြီးတွေမှာခံစားရတဲ့ ဒုက္ခတွေကနေ ကင်းလွတ်မှာဖြစ်သလို လတ်ဆတ်တဲ့လေကောင်း၊လေသန့်ကိုလည်း အပြည့်အဝရရှိနိုင်မှာဖြစ်ပါတယ်။
ဒေသခံတွေကတော့ Pontevedra မြို့ကိုတည်ထောင်ခဲ့သူဟာ နာမည်ကျော်ထရိုဂျန်စစ်ပွဲ အတွင်းက သူရဲကောင်း Teucro ဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါပေမဲ့ တိကျတဲ့မှတ်တမ်းမရှိ တာကြောင့် ဒီစကားဟာ ဒဏ္ဍာရီလိုလို၊ပုံပြင်လိုလိုသာဖြစ်ပါတယ်။ သမိုင်းပညာရှင်တွေက တော့ Pontevedra ဟာ ရောမအင်ပါယာကိုသွားရောက်ရာလမ်းရဲ့အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါကလည်း Pontevedra ဆိုတာဟာ ရောမလို Ad Duos Pontes အဓိပ္ပါယ်ကတော့ ရှေးဟောင်းတံတား လို့အဓိပ္ပါယ်ရလို့ဖြစ်ပါတယ်။
Pontevedra မြို့ဟာ ပဒေသရာဇ်ကာလတုန်းကမြို့တွေရဲ့ထုံးစံအတိုင်း အင်အားကြီးသူလက်ကိုရောက်ရင် တောက်ပတဲ့ပုံရိပ်ကိုပိုင်ဆိုင်သလို နောက်တဖန်လည်း ဖျက်ဆီးခံခဲ့ရတဲ့ ပုံစံမျိုးနဲ့ သမိုင်းစာမျက်နှာပေါ်မှာတည်ရှိနေခဲ့တာဖြစ်ပါတယ်။ ယင်းနောက်မှာတော့ စပိန်နိုင်ငံရဲ့ ပြည်နယ်မြို့တော်ဖြစ်လာခဲ့ပြီး မူလက ကားမောင်းနှင်ခွင့်ကို ခွင့်ပြုထားပါသေးတယ်။ ၁၉၉၀ ခုနှစ်မှာတော့ ဒီမြို့မှာ နေ့စဉ်သွားလာနေတဲ့ ကားပေါင်း ၂၇၀၀၀ လောက်အထိရှိလာပြီး ကားကြပ်တာ ၊ လမ်းပိတ်တာ ၊ ဆူညံတာတွေ နဲ့ လေထုညစ်ညမ်းမှုတွေ လွန်စွာများပြားလာပါတော့တယ်။
ဒါတင်မကသေးပဲ မြို့ထဲက နေရာအနှံ့မှာ ကိုယ်ပိုင်ကားတွေရှိနေတဲ့အပြင် ယာဉ်မတော်တဆမှုဆိုတာကလည်း မကြာခဏ ဆိုသလို ဖြစ်နေခဲ့ပါတယ်။ ဒီဒုက္ခတွေကို မခံချင်တော့ တဲ့ မြို့လူကြီးတွေ နဲ့ မြို့သူမြို့သားတွေ ပူးပေါင်းပြီး ကြိုးပမ်းမှုကြောင့် ၁၉၉၉ခုနှစ်မှာတော့ စပိန်အစိုးရက ဒီမြို့ရဲ့ မြို့လယ် စတုရန်းမီတာ ၃သိန်း ကျယ်ဝန်းတဲ့ဧရိယာကို ကားကင်းမဲ့ဇုံ အဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။
ကားကင်းမဲ့ဇုံဆိုပေမယ့် ကားလုံး၀ မရှိတာမျိုးတော့ မဟုတ်ပါဘူး။ သယ်ယူပို့ဆောင်ရေး နဲ့ ခရီးသွားဝေးသွားလာမှု အဆင်ပြေစေဖို့အတွက် မိန်းလမ်းမကြီးအချို့ပေါ်မှာတော့ ဘတ်စ်ကား ၊ စီးပွားရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေး နဲ့ အခြားကားတွေကို ခွင့်ပြုပေးထားပါတယ်။ ဒါကလွဲရင် တမြို့လုံးနီးပါးမှာ ကားတွေကို တွေ့ရမှာမဟုတ်ပဲ စက်ဘီးစီးတာ နဲ့ လမ်းလျှောက်နေတဲ့သူတွေကိုသာ တွေ့ရမှာဖြစ်ပါတယ်။
Pontevedra ဟာအလယ်ခေတ်ကာလက ထင်ရှားခဲ့တဲ့မြို့ဖြစ်တာနဲ့အညီ လှပတဲ့ဗိသုကာ လက်ရာပါအဆောက်အအုံတွေ၊ ကျောက်ခင်းထားတဲ့ရှေးဟောင်းလမ်းတွေနဲ့ လှပသေသပ်စွာတည်ရှိနေတာဖြစ်ပါတယ်။ ကားကင်းစင်နယ်မြေဖြစ်လာခဲ့တဲ့နောက်မှာတော့ ဒီမြို့ဟာဝင်ရထွက်ရလွယ်ကူပြီး လမ်းဆုံ၊လမ်းခွတွေ ဟာလည်း မြို့နေပြည်သူတွေအတွက် အပန်းဖြေစရာနေရာအဖြစ်ပြောင်းလဲကုန်ပါတယ်။
Pontevedra မြို့ရဲ့သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ Capela de Peregrina ခရစ်ယာန်ဘုရား ကျောင်းဟာဆိုရင်လည်း (၁၇၉၂)ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။ ဥရောပရဲ့ နာမည်ကျော် baroque နဲ့ Neoclassical ဗိသုကာလက်ရာတွေအတိုင်းတည် ဆောက်ခဲ့တာဖြစ်ပြီး ကြာယပ်ပုံအနားကွပ်တွေနဲ့ ပတ်ပတ်လည်ပုံဖော်ထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ယင်းကတ်သလစ်ခရစ်ယာန်ဘုရားကျောင်းဟာ ဘုန်းတော်ကြီး Santiago de Compostela ရဲ့သာသနာနယ်မြေသင်္ကေတတစ်ခုလည်းဖြစ်ပြီး လာရောက်လေ့လာသူ ဘုရားဖူးတွေအနေနဲ့ လှေကားထစ်တွေကနေ ဘုရားကျောင်းအပေါ်ဆုံးအထပ်ထိတက် ရောက်ကာ Pontevedra မြို့ရဲ့ရှုခင်းတွေကိုလေ့လာနိုင်ပါတယ်။
ချီးကျူးဖွယ်ရာ စပိန်သမိုင်းအမွေအနှစ်တွေကိုတော့ Pontevedra မြို့မှာရှိတဲ့ Sexto Edificio ပြတိုက်မှာလေ့လာမှတ်သားနိုင်ပါတယ်။ ရောမခေတ်ကာလ၊အလယ်ခေတ်ကာလ နဲ့ (၂၀)ရာစုတွင်းက စပိန်နဲ့ Galician တွေရဲ့အနုပညာလက်ရာတွေဖြစ်တဲ့ ပန်းချီကားတွေ၊ ကျောက်ဆစ်ရုပ်တုတွေ၊ ဒဂါၤး၊ကျောက်မျက်ရတနာနဲ့ ရှေးဟောင်းအမွေအနှစ်တော်တော် များများကိုယင်းပြတိုက်မှာပြသထားပါတယ်။
ဖော်ပြခဲ့သလို Pontevedra မြို့ဟာ ရှေးဟောင်းသမိုင်းယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အဆောက်အအုံဖြစ်ရပ်များစွာတည်ရှိတဲ့မြို့ဖြစ်သလို ကြီးမားတဲ့ခေတ်မီ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ကော်ဖီဆိုင်တွေတည်ရှိရာနေရာလည်းဖြစ်ပါတယ်။ ဥရောပမှာတော့ Pontevedra ဟာသူရဲ့သမိုင်းအမွေအနှစ်တွေ အပြင် ကားကင်းမဲ့ဇုံ အဖြစ် သတ်မှတ်ပြီး ထူးခြားတဲ့မြို့ပြဧရိယာ တစ်ခုအဖြစ်ဖန်တီးထားနိုင်ခဲ့ခြင်းကပဲ သူကို ဥရောပရဲ့ လည်ပတ်စရာအကောင်းဆုံးသောခရီးသွားမြို့အဖြစ်ရောက်ရှိစေခဲ့ပါတယ်။
Discussion about this post