ဘိုဘို
ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံမှာ တက္ကသိုလ် ပညာရေး စတင်တာ အနှစ်တရာ ရှိပါတော့မယ်။ ဒီထဲမှာ အမျိုးသမီး ပညာတတ်တွေကလည်း တက္ကသိုလ် တည်ထောင်စကတည်းက ရှိခဲ့သလို ၂ဝ ရာစု မတိုင်ခင်ကတည်းကလည်း ကောလိပ်ဘွဲ့ရ အမျိုးသမီးတွေ ရှိခဲ့ပါတယ်။
မြန်မာထဲက ပထမဆုံး မဟာဘွဲ့ရသူက ဒေါ်မြစိန် ဖြစ်ပါတယ်။ ၁၉၂ဝ ကျော်ကတည်းက ရန်ကုန်တက္ကသိုလ်က သမိုင်းမဟာဝိဇ္ဇာဘွဲ့ရတဲ့ ဒေါ်မြစိန်ဟာ အောက်စဖို့ဒ် တက္ကသိုလ်ကလည်း စာပေဘွဲ့ရခဲ့ပါတယ်။ သူပြုစုတဲ့ မြန်မာမင်း လက်ထက် သူကြီးအုပ်ချုပ်ရေး စာတမ်းကိုလည်း အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်ဝေခဲ့ပါတယ်။
မဟာသိပ္ပံဘွဲ့ကို အမေရိကန်မှာ သွားယူခဲ့သူကတော့ ဒေါ်မမခင် ဖြစ်ပြီး ချီကာဂို တက္ကသိုလ်မှာ အာဟာရဗေဒပညာကို ၁၉၃ဝ ကျော်က သင်ယူခဲ့တာပါ။
ဒီအမျိုးသမီးကြီးနှစ်ယောက်လုံး ဗြိတိသျှခေတ်မှာ သတင်းစာနဲ့ စာစောင်တွေကို စစ်မဖြစ်ခင်ကတည်းက ထုတ်ခဲ့တဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒေါ်မမခင်က လွှတ်တော်အမတ် နှစ်ကြိမ်ဖြစ်ခဲ့ပြီး ဒေါ်မြစိန်ကတော့ စစ်ဖြစ်ခါနီးမှာ အမျိုးသမီး မြို့ပြကာကွယ်ရေး ညွှန်ကြားရေးဝန်နဲ့ စစ်အတွင်း ဗြိတိသျှ ပြန်ကြားရေး ဌာနမှာ အကြံပေး ဖြစ်ခဲ့ပါတယ်။
နောက် ပညာရေး မဟာဘွဲ့ကို ရန်ကုန်တက္ကသိုလ်က အစောဆုံးရတဲ့ အမျိုးသမီးကြီး ကတော့ ဒေါ်ခင်ခင်ကြီးပါ။ ရန်ကုန် မြူနီစပါယ်အဖွဲ့ လူကြီး ဖြစ်ခဲ့တဲ့အပြင် လွတ်လပ်ရေး ရခါနီးမှာ ဖွဲ့တဲ့ အမျိုးသမီးလွတ်လပ်ရေး အဖွဲ့ချုပ်မှာလည်း ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် စတဲ့ နိုင်ငံရေး အမျိုးသမီးတွေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။
ထူးခြားချက်က ဒေါ်မြစိန်ရဲ့ ခင်ပွန်းဟောင်း လန်ဒန်က ဥပဒေပါရဂူဘွဲ့ရ ဒေါက်တာ ရွှေဘော်နဲ့ ဒေါ်ခင်ခင်ကြီးတို့ လက်ထပ်ခဲ့တာပါပဲ။ ခင်ပွန်းနဲ့ ကွဲပြီး တကိုယ်တည်း မိသားစုကို ဦးဆောင်ခဲ့တဲ့ ဒေါ်မြစိန်ကတော့ ဒုတိယ ကမ္ဘာစစ် ဖြစ်ချိန်မှာ ရန်ကုန်မှာ အိမ်ထောင်ဦးစီးအနေနဲ့ နေတဲ့ အမျိုးသမီးက သူပဲ ရှိတယ်လို့တောင် ပြန်ပြောင်းရေးခဲ့ပါတယ်။
ပထမဆုံး ပါရဂူ
စစ်ပြီးခေတ်မှာတော့ အမေရိကန်ကို အစိုးရပညာသင် အဖြစ်သွားတဲ့ အမျိုးသမီးတွေ ရှိလာပြီး ဒီထဲက ဒေါ်သင်းကြည်က ပါရဂူဘွဲ့ကို ပထမဆုံး ဆွတ်ခူးခဲ့ပါတယ်။ ၁၉၅ဝ က ကလပ်တက္ကသိုလ်မှာ ပထဝီဝင်ဘာသာနဲ့ ဖြစ်ပါတယ်။
စစ်မဖြစ်ခင်ကတည်းက ရန်ကုန်တက္ကသိုလ်မှာ သမိုင်းပါရဂူဘွဲ့ကို ဗြိတိန်မှာ သွားယူခဲ့တဲ့ ဘာဘရာစတီးဝပ်လို အင်္ဂလိပ်အမျိုးသမီးတွေ ရှိခဲ့ပါတယ်။ လန်ဒန်တက္ကသိုလ်မှာ ဗြိတိသျှအုပ်ချုပ်ရေး အစ မြန်မာပြည် (၁၈၂၆- ၁၈၄၃)အကြောင်း ၁၉၃ဝ က ကျမ်းပြုခဲ့တာပါ။ မြန်မာ လူမျိုးထဲကတော့ ဒေါ်သင်းကြည်က ပထမဆုံးပါ။
လွတ်လပ်ရေး ယူပြီးရင် ထွက်သွားကြမယ့် နိုင်ငံခြား ပညာရှင်တွေ နေရာမှာ အစားထိုးဖို့ နယ်ပယ်စုံက ပညာသင် ကျောင်းသားတွေ စေလွှတ်ရာမှာ အမေရိကန်ကို လွှတ်တဲ့ ကျောင်းသူတွေထဲက ဒေါ်သင်းကြည်က ပထဝီဝင်ဘာသာနဲ့ ပါရဂူ ဘွဲ့ရပြီး နှစ်ပေါင်း ၂ဝ ကျော် ရန်ကုန် တက္ကသိုလ်မှာ ပါမောက္ခ ဖြစ်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးထဲက သားဖွားမီးယပ်ပါမောက္ခ ဒေါက်တာ ဒေါ်ရင်မေနောက်မှာ ပထမဆုံးဖြစ်တဲ့ ပါမောက္ခပါ။
မြန်မာနိုင်ငံ သုတေသနအသင်းမှာလည်း ပထမဆုံးနဲ့ တဦးတည်းသော အမျိုးသမီး ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဒေါ်သင်းကြည်ဟာ တက္ကသိုလ်မှာ စစ်ပညာ ပါမောက္ခ ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ် မောင်မောင်ရဲ့ အစ်မလည်း ဖြစ်ပါတယ်။ ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံးမှာလည်း တက်တက်ကြွကြွ ဆောင်ရွက်ခဲ့လို့ ကင်ပေတိုင်ရန်က သီသီလေးလွတ်ခဲ့တယ်လို့ ဆိုပါတယ်။
သမိုင်းပါရဂူများ
လန်ဒန် တက္ကသိုလ်မှာ သမိုင်းပါရဂူဘွဲ့ယူသူတွေထဲက ပထမဆုံး ပါရဂူရတဲ့ အမျိုးသမီးကတော့ ဒေါက်တာ မသောင်းပါ။ ဒေါက်တာ ဘလက်မိုးနဲ့ လက်ထပ်ပြီး ဟောင်ကောင်ကို ပြောင်းရွှေ့သွားတဲ့ ဒေါက်တာ သောင်းဘလက်မိုးကို ပြည်တွင်းမှာ လူသိနည်းပေမယ့် မြန်မာပြည်ဖြတ်တဲ့ တရုတ် ကုန်သွယ်ရေးလမ်းတွေ အပေါ် ဗြိတိသျှရဲ့ စိတ်ဝင်စားမှု( ၁၈၂၆- ၁၈၇၆)အကြောင်း ၁၉၅၅ က ကျမ်းပြုခဲ့သူ အဖြစ် ပညာရပ်နယ်ပယ်မှာ လူသိများပါတယ်။ ဟောင်ကောင် တက္ကသိုလ်မှာ ပို့ချခဲ့ပြီး လန်ဒန် အိန္ဒိယရုံး စာကြည့်တိုက်က မေဂျာ ဘားနေး စုဆောင်းခဲ့တဲ့ ပုရပိုက်တွေကိုလည်း စာစုစာရင်း ပြုစုခဲ့ပါတယ်။
သူ့နောက်မှာ ဒေါက်တာရီရီက ၁၉၅၈ မှာ ရရှိပါတယ်။ မြန်မာနိုင်ငံအခြေအနေ (၁၇၁၄- ၁၇၅၂) လို ကျမ်းတွေ ပြုစုခဲ့တဲ့ ဒေါက်တာရီရီဟာ လန်ဒန် ဝိတိုရိယနဲ့ အဲလဘတ်ပြတိုက်က မြန်မာမင်းခမ်းတော်တွေကို ရန်ကုန်ပြန်ပို့နိုင်အောင် ကြိုးပမ်းခဲ့သူ တယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ကျမ်းပြုစာတမ်းကတော့ တောင်တရုတ်ပင်လယ်က အင်္ဂလိပ်ကုန်သွယ်ရေး (၁၆၇ဝ – ၁၇၁၅) ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ် မြန်မာမင်း စစ်တမ်းတွေအကြောင်းကိုလည်း အနောက်နိုင်ငံ ပညာရှင်တွေနဲ့ ပူးတွဲ ပြုစုထုတ်ဝေခဲ့ပါတယ်။
ကဗျာဆရာကြီး ဇော်ဂျီရဲ့ သမီး ဒေါ်ခင်လှဟန်ကတော့ ပြင်သစ်နိုင်ငံ ဆော်ဘွန်းကောလိပ်မှာ မြန်မာဘုရင့်နိုင်ငံရဲ့ နိဂုံး(၁၈၅၃ – ၁၈၈၅) နဲ့ ၁၉၇၅ မှာ သမိုင်းပါရဂူဘွဲ့ယူခဲ့ပါတယ်။
ပညာရေး ပါရဂူများ
ပညာရေး မဟာဌာနက ဆရာမကြီး သုံးယောက်လည်း အမေရိကန်က ပါရဂူဘွဲ့ ရခဲ့ကြပါတယ်။ ဒီထဲမှာ အထင်ရှားဆုံးက ဒေါက်တာ ဒေါ်ခင်မြ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ လူထုဒေါ်အမာ စသူတွေနဲ့ တက္ကသိုလ်သပိတ်မှာ အတူ ဦးဆောင်ခဲ့တဲ့ အမျိုးသမီး ဖြစ်ပါတယ်။ သူ့ရဲ့ ရဲရင့်တက်ကြွမှုကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ချီးကျူးခဲ့ရတာပါ။
ဒေါ်ခင်မြဟာ အသက် ၄ဝ ကျော်မှ ၁၉၆၁ မှာ အမေရိကန် မေရီလန်း တက္ကသိုလ်မှာ လူ့ဖွံ့ဖြိုးမှု ပါရဂူ ဘွဲ့ ယူခဲ့ပြီး ကချင် တိုးတက်မှုမှာ ရိုးရာယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု စာတမ်းရေးသားခဲ့ပါတယ်။ ပညာရေး တက္ကသိုလ်မှာလည်း ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
ဒေါက်တာ ဒေါ်စောခင်ကတော့ ရခိုင်ရိုးမက ချင်းအမျိုးသမီး ဖြစ်ပြီး ပါမောက္ခ ဖြစ်ခဲ့ပါတယ်။ ဒေါက်တာ ကေမြရီ ကတော့ ပညာရေး မဟာဌာနမှူး အဖြစ် တာဝန်ယူခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ပြီး လက်ရှိခေတ် ပညာရေး တက္ကသိုလ် ပါမောက္ခချုပ် တာဝန်ပါ။ ၁၉၅၁ ခုနှစ်က ချီကာဂို တက္ကသိုလ်က ပညာရေးပါရဂူဘွဲ့ ရခဲ့ပါတယ်။
စီးပွားရေး ပါရဂူများ
လူမှုသိပ္ပံပညာတွေ အဖြစ် သိခဲ့ကြတဲ့ စီးပွားရေး ပညာရပ်တွေမှာ အမျိုးသားဆရာတွေ ကြီးစိုးခဲ့ကြပေမယ့် အမျိုးသမီး ပညာရှင်တွေလည်း တစတစ ထွန်းကားလာခဲ့ပါတယ်။
မြန်မာ၊ သီဟိုဠ်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက ဗဟိုဘဏ်စနစ် (၁၉၅ဝ – ၁၉၆ဝ) ကျမ်းနဲ့ ဒေါက်တာ ခင်ညိုညိုက ကနေဒါ တိုရန်တို တက္ကသိုလ်က ၁၉၆၄ မှာ ပါရဂူ ဘွဲ့ ရခဲ့ပါတယ်။
ဒေါက်တာ ခင်အုန်းသန့်က အမေရိကန် ဝစ္စကွန်ဆင်းတက္ကသိုလ်ကနေ ၁၉၆၆ မှာ ပါရဂူဘွဲ့ဆွတ်ခူးခဲ့ပါတယ်။ မြန်မာ အစိုးရ ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန ရသုံးမှန်ခြေ ငွေစာရင်းဦးစီးဌာနမှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ ကမ္ဘာ့ဘဏ် အရှေ့တောင်အာရှရုံးမှာ လက်ထောက် အလှည့်ကျ ဦးဆောင် အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒေါက်တာရီရီချစ်မောင်ကတော့ ကနေဒါ မက်ဂီးလ် တက္ကသိုလ်မှာ ၁၉၇၂ က ပါရဂူဘွဲ့ ရခဲ့ပါတယ်။ ရီရီချစ်မောင် အီဗန်းစ်လို့လည်း သိကြပါတယ်။ ၁၉၄၈ က ၁၉၆၇ ကြား မြန်မာနဲ့ ထိုင်းနိုင်ငံတွေရဲ့ ပြည်ပ ဆန်တင်ပို့မှု နှိုင်းယှဉ် လေ့လာချက် နဲ့ ကျမ်းပြုပါတယ်။
ဒေါက်တာ ကြည်မေကောင်းက အမေရိကန် ပင်ဆယ်ဗေးနီးယား တက္ကသိုလ်က နိုင်ငံရေး ဘောဂဗေဒ ပါရဂူဘွဲ့ကို ၁၉၉၄ က ယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မဆလခေတ် ဆုတ်ယုတ်မှုအကြောင်း ကျမ်းပြုတာပါ။
ဦးသိန်းစိန် လက်ထက် ပညာရေး၊ သိပ္ပံနဲ့နည်းပညာဌာန ဝန်ကြီးတွေ ဖြစ်ခဲ့ဖူးတဲ့ ဒေါက်တာ ခင်စန်းရီကတော့ ဂျာမနီ ဂေါ်တင်ဂန် တက္ကသိုလ်မှာ ၁၉၉၆ က စီးပွားရေး ပါရဂူဘွဲ့ယူခဲ့တာပါ။
နိုင်ငံရေး ပါရဂူ
ဂျပန်နဲ့ မြန်မာက အမျိုးသမီးတွေရဲ့ လူမှုနိုင်ငံရေး ကဏ္ဍ နဲ့ ဒေါက်တာ အင်မာဘရုပ် ညွန့်ဟန် က ထူးထူးခြားခြား နိုင်ငံရေး သိပ္ပံ ပါရဂူဘွဲ့ရခဲ့ပါတယ်။ ကော်လိုရာဒို တက္ကသိုလ်က ၁၉၇၂ က ယူခဲ့တာပါ။ သူ့ခင်ပွန်း ဝတ်လုံတော်ရ နော်မန် ဦးညွန့်ဟန်လည်း ဒီတက္ကသိုလ်ကပဲ နိုင်ငံရေး ပါရဂူဘွဲ့ရခဲ့ပါတယ်။ ရှေ့နေချုပ်ဟောင်း ပါမောက္ခ ဒေါက်တာဘဟန်ရဲ့ ချွေးမနဲ့ သား ဖြစ်ကြပါတယ်။ အင်မာညွန့်ဟန်ဟာ မြန်မာပြည်မှာ ရှိစဉ်က ခရစ်ယာန်ကလျာဏ ယုဝတီ အသင်းမှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။
ဒေါက်တာ ခင်မြကြူ ကတော့ မြန်မာ စာရေးဆရာမတွေအကြောင်း ကျမ်းပြုပြီး ဆော်ဘွန်းကနေ ၁၉၇ဝ က စာပေပါရဂူဘွဲ့ရခဲ့တာပါ။
ဆော်ဘွန်းမှာပဲ ပြင်သစ်စာပေနဲ့ ပါရဂူဘွဲ့ယူသူက ဒေါက်တာခင်လေးမြင့်ပါ။ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ သမီး ဖြစ်ပြီး မင်းသားလေး ဝတ္ထုကို ဘာသာပြန်သူ အဖြစ် ထင်ရှားပါတယ်။
မြန်မာထဲက စာကြည့်တိုက်ပညာကို ပါရဂူ ပထမဆုံး ယူတဲ့ ဒေါက်တာ ခင်သက်ထားဟာလည်း ဇီဝကမ္မဗေဒ ပါမောက္ခ ဒေါက်တာမြတူရဲ့ ဇနီး ဖြစ်ပါတယ်။ ပစိဖိတ် အနောက်ပိုင်း တက္ကသိုလ်ကနေ ၁၉၉၄ က ရရှိခဲ့ပြီး နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီမှာ စာကြည့်တိုက်မှူး ဖြစ်ခဲ့ပါတယ်။
နေးရှင်းဦးလောရုံရဲ့ သမီး မာဂျော်လိန်း တင်ညိုလည်း ဝါရှင်တန်ပို့စ် သတင်းစာရဲ့ သတင်းစာပညာ ကျမ်းနဲ့ မေရီလန်း တက္ကသိုလ်က ၁၉၉၅ မှာ ပါရဂူဘွဲ့ရခဲ့ပါတယ်။
သိပ္ပံ ပါရဂူများ
ရန်ကုန်တက္ကသိုလ်မှာ လွတ်လပ်ပြီးနောက်ပိုင်း သတ္တဗေဒပါမောက္ခ ဖြစ်ခဲ့တဲ့ မစ္စစ် လင်းစဒေးဟာ ပါရဂူဘွဲ့ရ ဖြစ်ပါတယ်။ ၁၉၆၂ အာဏာသိမ်းပြီးနောက် အရှေ့ အာဖရိကကို ရွှေ့သွားတယ်လို့ သိရပါတယ်။
၁၉၇၃ က ဗြိတိန်က ပို့စမောက် တက္ကသိုလ်မှာ ရုက္ခဗေဒ ပါရဂူ ဘွဲ့ ရခဲ့တဲ့ ဒေါက်တာ ရီရီကို ရီရီဂျင်နင် ဒြပ်ပေါင်းကို တွေ့ရှိခဲ့လို့ လူသိများခဲ့ပါတယ်။ နာနတ်ကြီး အရွက်မှာ ပါပြီး ဆေးဘက်ဝင်တဲ့ ဒြပ်ပေါင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သြစတြေးလျမှာ ငှက်တွေအကြောင်း သကုဏဗေဒ ပါရဂူဘွဲ့ယူခဲ့သူတော့ ရန်ကုန်တက္ကသိုလ် ဇီဝဗေဒ ဌာနက ဒေါက်တာမြမြနု ဖြစ်ပါတယ်။ ကြက်တူရွေးရဲ့ အသံအိုးနဲ့ ဆက်သွယ်မှု အကြောင်း ကျမ်းပြုပြီး ၁၉၇၄ က နယူးအင်္ဂလန် တက္ကသိုလ်က ယူခဲ့တာပါ။ ဒါဟာ မြန်မာပြည်ရဲ့ ပထမဆုံး ငှက်ပါရဂူ ဖြစ်ပါတယ်။
ဒေါက်တာ ရင်ရင်နွယ်လည်း မြေကမ္ဘာ သိပ္ပံပညာနဲ့ ကိန်းဘရစ်တက္ကသိုလ်က ဒေါက်တာဘွဲ့ရခဲ့ပြီး တရုတ်ပြည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့မှာ ဌာနေကိုယ်စားလှယ် ဖြစ်ခဲ့သလို သမ္မတဟောင်း ဦးသိန်းစိန်ခေတ်မှာ ပညာရေး အကြံပေး ဖြစ်ခဲ့ပါတယ်။
ဆေးပညာပါရဂူများ
လွတ်လပ်ရေးမရခင်က မြန်မာအမျိုးသမီးတွေ လေ့လာမှုနည်းတဲ့ ဆေးပညာမှာလည်း ပညာရှင် အမျိုးသမီးတွေ ပေါ်ထွက်ခဲ့ပါတယ်။ ဒီထဲက ဆေးဝါးဗေဒ က ဒေါက်တာ ခင်ကြည်ကြည်က ကနေဒါနိုင်ငံ အယ်လ်ဘာတာ တက္ကသိုလ်ကနေ ပါရဂူဘွဲ့ကို ၁၉၆၇ က ရရှိခဲ့ပါတယ်။ ရန်ကုန်ဆေးတက္ကသိုလ် ၁ မှာ ပါမောက္ခ ဖြစ်ပါတယ်။
သူနဲ့ နာမည်တူ နောက်ထပ် ဒေါက်တာခင်ကြည်ကြည် တယောက်ကလည်း အဏုဇီဝ ပါရဂူဘွဲ့ကို လန်ဒန် တက္ကသိုလ်ကနေ ၁၉၇ဝ မှာ ရရှိပြီး ဆေးတက္ကသိုလ် ၁ ပါမောက္ခ ဖြစ်ခဲ့ပါတယ်။
နောက် ဒေါ်ခင်ကြည်ကြည်နေရာကို ဆက်ခံတဲ့ ဒေါက်တာညွန့်ညွန့် လည်း မန်ချက်စတာ တက္ကသိုလ်က အဏုဇီဝ ပါရဂူဘွဲ့ကို ၁၉၇၁ မှာ ရခဲ့ပါတယ်။
တခါ ဒေါက်တာ ခင်မကြီးက ဆေးဝါးပါရဂူဘွဲ့ကို လန်ဒန်တက္ကသိုလ်ကနေ ၁၉၆၉ မှာ ရရှိပြီး ဆေးတက္ကသိုလ် ၂ နဲ့ ၁ မှာ ပါမောက္ခ ဖြစ်ခဲ့ပါတယ်။
ဒေါက်တာ စန်းရီကတော့ အိုင်ယာလန် ဒဗ္ဗလင် တက္ကသိုလ်ကနေ ဇီဝကမ္မ ပါရဂူဘွဲ့ကို ၁၉၇ဝ မှာ ရခဲ့ပြီး မန္တလေးဆေးတက္ကသိုလ်မှာ ပါမောက္ခ ဖြစ်ခဲ့ပါတယ်။
၉၇ဝ ကျော်က စပြီး ဆိုဗီယက်မှာ ပါရဂူဘွဲ့ယူသူ အများအပြား ရှိလာခဲ့ပြီး ဒီထဲမှာ ထင်ရှားတာက ဒေါက်တာ မတင်ဝင်း ဖြစ်ပါတယ်။
၁၉၈ဝ နဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာလည်း ပြည်ပကို သွားပြီး ပါရဂူဘွဲ့ယူခဲ့တဲ့ မြန်မာအမျိုးသမီးတွေ ပေါ်ထွန်းခဲ့ပါတယ်။
၂ဝဝဝ ပြည့်လွန်နှစ်တွေက စပြီး ပြည်တွင်းမှာ ပါရဂူဘွဲ့တွေ ပေးလာလို့ အမျိုးသမီး ဒေါက်တာတွေ ပိုတိုးပွားလာတာ တွေ့ရပါတယ်။
ဒီဆောင်းပါးမှာ မပါဘဲ ကျန်ရစ်နေတဲ့ ပါရဂူ အမျိုးသမီးတွေလည်း ရှိနိုင်ပါတယ်။
ဘိုဘို
ဘီဘီစီမြန်မာပိုင်း
Discussion about this post