မြန်မာနိုင်ငံမှာ သဘာဝသယံဇာတတွေများစွာရှိတဲ့ အထဲမှာ ဒီကျွန်းပင်ကြီးတွေဟာလည်း တထောင့်တနေရာကနေ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ကျွန်းပင်ကြီး ၄ ပင် ရှိရာနိုင်ငံလည်းဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အကြီးဆုံးဖြစ်လာတဲ့ ကျွန်းပင်ကြီးကိုတော့ ၂၀၁၇-၂၀၁၈ ခုနှစ်ကတည်းက တွေ့ခဲ့တာဖြစ်ပြီး တိုင်းတာပြီး မှတ်တမ်းတင်မှုကိုတော့ ယခုနှစ် သြဂုတ်လကမှ ပြုလုပ်ခဲ့တာပါ။
ဒီကျွန်းပင်ကြီးရှိတဲ့နေရာကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နံ့သာ အုပ်စု၊ တုံစကားရွာအနီး ဥရုကြိုးဝိုင်းရှိ အကွက်အမှတ်(၇၉)မှာ ဖြစ်ပါတယ်။ ပထမဆုံး ကျွန်းပင်ကြီးရှိနေကြောင်းကို တွေ့ရှိသတင်းပေးခဲ့သူမှာ ဒေသခံ ဦးတင်ရွှေ ဖြစ်ပြီး ထိုအပင်ကြီးကို တိုင်းတာမှတ်တမ်းတင်ရန်အတွက် ဝန်ကြီးချုပ်က ၄ဦးပါ အဖွဲ့ကိုဖွဲ့စည်းစေလွှတ်ခဲ့ပါတယ်။
ထို ၄ ဦးပါအဖွဲ့ဟာ ကျွန်းပင်ကြီးရှိရာနေရာကို ဒေသခံမုဆိုးများ ၊ သစ်တောတာဝန်ရှိသူများနဲ့အတူ သွားရောက်ခဲ့ကြပါတယ်။ ကျွန်းပင်ကြီးဟာ တောနက်ပြီး သွားလာရခက်ခဲတဲ့နေရာမှာတည်ရှိနေတာဖြစ်တဲ့အပြင် ထိုနယ်မြေကလည်း လုံခြုံမှုမရှိဘူးလို့ သိရပါတယ်။ တိုင်းတာရေးအဖွဲ့ဟာ ကျွန်းပင်ကြီးကိုတွေ့ရှိခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်ဩဂုတ်လ ၂၈ ရက် မ နက်ပိုင်းမှာ တိုင်းတာမှတ်တမ်းတင်မှု ပြီးစီးခဲ့ပါတယ်။
တိုင်းတာမှုတွေအရတော့ ဒီကျွန်းပင်ကြီးဟာ လုံးပတ်အားဖြင့် ၂၇ပေ ၅လက်မ ရှိကာ အမြင့်အားဖြင့်တော့ ၁၁၀ပေ ရှိပါတယ်။ ဒါကြောင့် ဒီမတိုင်ခင်တွေ့ရှိခဲ့တဲ့ ကျွန်းပင်ကြီးရဲ့ စံချိန်ကို ကျော်ဖြတ်ကာ ကမ္ဘာ့အကြီးဆုံး ကျွန်းသစ်ပင်ကြီးဖြစ်လာခဲ့ပါတယ်။ ဒီကျွန်းသစ်ပင်ကြီးရဲ့ နာမည်ကိုတော့ ဟုမ္မလင်း(၁) လို့ ပေးထားပါတယ်။
တချိန်ကတော့ ကမ္ဘာမှာ အကြီးဆုံးကျွန်းပင်ဟာ အိန္ဒိယနိုင်ငံ Palakkad ပြည်နယ်မှာ တည်ရှိခဲ့တာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက ကျွန်းပင်ကြီး ၄ ပင်က အဲဒီအပင်ကြီးထက် အရွယ်အစားပိုကြီးတာကို တွေ့ရှိပြီးတဲ့နောက် အိန္ဒိယက ကျွန်းပင်ဟာ နံပါတ် ၅ နေရာကို ရောက်သွားခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး ကျွန်းသစ်ပင်တွေကို အစဉ်လိုက်ဖော်ပြရမယ်ဆိုရင်တော့ (၁) ဟုမ္မလင်းမြို့နယ်မှာတည်ရှိတဲ့ ဟုမ္မလင်း-၁ – လုံးပတ် ၂၇ပေ ၅လက်မ ၊ (၂) ဟုမ္မလင်း-၂ – လုံးပတ် ၂၇ပေ ၊ (၃) ဗန်းမောက်မြို့နယ်ကအပင် လုံးပတ် ၂၆ပေ ၈လက်မ ၊ (၄) ပြင်ဦးလွင်မှအပင် လုံးပတ် ၂၅ပေ ၂လက်မ နဲ့ (၅) အိန္ဒိယမှအပင် ၂၅ပေ ၁လက်မ တို့ပဲ ဖြစ်ပါတယ်။
ဒါတွေဟာ မှတ်တမ်းတင်နိုင်ခဲ့တဲ့အပင်တွေသာဖြစ်ပြီး မှတ်တမ်းမတင်လိုက်ရတဲ့ ၊ မတင်ရသေးတဲ့အပင်တွေ မြန်မာ့သစ်တောတွေထဲမှာ ရှိကောင်းရှိနိုင်ပါသေးတယ်။ ပြည်သူတွေကတော့ ဒီလိုအပင်ကြီးတွေ နှစ်ပေါင်းများစွာတိုင်အောင် ရေရှည်တည်တံ့နိုင်ပါစေလို့ ရင်တမမ နဲ့ ဆုတောင်းနေရုံမှတပါး….
Discussion about this post