တချို့က မဲဇာမြစ်ဟု ခေါ်ကြပြီး ကသာခရိုင် ၊ ဗန်းမောက်မြို့နယ်၊အင်းတော်မြို့နယ်နှင့်ထီးချိုင့် မြို့ကို ဖြတ်သန်း စီးဆင်းကာ ဧရာဝတီမြစ် အတွင်း သို့ စီးဝင်ပါသည်။ မဲဇာဟူသောအမည်ကို(မဲ+ဇာ)ဟု ခွဲခြမ်း စိတ်ဖြာသည်။ မဲ = မည်းနက်သည် ၊ ဇာ = ရေအဟောဖြစ်၏….ထို့ကြောင့် ရေမည်းမြစ်ဟု အဓိပ္ပါယ်ရသည်။ မဲဇာမြစ်သည် ဟုမ္မလင်းမြို့နယ်၊ ကချင်ပြည်နယ် နှင့်ဗန်းမောက်မြို့နယ်တို့ နယ်စပ်ဆုံ(သုံးမြေဆိုင်) တောင်သုံးလုံးမှ အစပြု၍ စီးဆင်းလာပြီး ကချင်ပြည်နယ်ကိုဖြတ်လျှက် ဗန်းမောက်မြို့နယ်၊ ဗူး တောင်းရွာ အထက်မှ ဗန်းမောက်မြို့နယ်အတွင်း စီးဝင်သည်။
ဗန်းမောက်မြို့နယ်၊အင်းပေါက်အုပ်စု၊မံထုံအုပ်စု၊ကျွန်းကုန်းအုပ်စု၊တုံးလှော်အုပ်စု၊ကိုင်းကြီးအုပ်စု နှင့် ကျွဲကောအုပ်စုများကိုဖြတ်၍ အင်းတော်မြို့ နယ်သို့စီးဆင်းသွားသည်။ အင်းတော်မြို့နယ်ကို ဖြတ်သန်းကာ တောင်ဘက်စူးစူးသို့ စီးဆင်းသွားခြင်းဖြစ်သည်။ မဲဇာချောင်းသည် အလျား (၅၂) မိုင် ရှည်လျားကာ မိုးဥတုတွင် ရေအနက်(၁၂)ပေ ခန့်ရှိပြီး ရေစီးနှုန်း (၄)မိုင်ခန့်ရှိသည်။
မဲဇာချောင်းသည် အင်းတော်မြို့နယ်မှ ထီးချိုင့် မြို့နယ်အတွင်းသို့ ဖြတ်သန်းစီးဝင်သည်။ မဲဇာ လေးရွာ၊သာယာကုန်း၊ဇီးတောင်၊ပေါက်ပင်ကွေ့၊ ရေပေါက်ကြီး၊ဆင်ဖြူဆိပ်၊လင်းပိုင်တင်၊မုက်ဝ၊ တောမ၊ဝဲကြီး၊ မိကျောင်းအိုက်၊ဒိုးပင်၊မယ်ဇလီ၊ ညောင်ပင်သာ စသော ကျေးရွာအုပ်စုများကို ဖြတ်သန်းစီးဆင်းပြီး ထီးချိုင့်မြို့အောက်ဘက် (၈)မိုင်ခန့်ကွာ ညောင်ပင်သာ(ဂိုတောင်)အရပ် တွင် ဧရာဝတီသို့ စီးဝင်သည်။ မဲဇာလေးရွာ အထက်နားတွင် ကွမ်းဘောင်ချောင်းနှင့်ပေါင်းဆုံ သည်။
မဲဇာဆိုလျှင် ရှေးမြန်မာမင်းများ လက်ထက်က မင်းမျက်သင့်၍ နယ်ခြားသို့ အပို့ခံရသော ဒေသ ဖြစ်သောကြောင့် လူတိုင်းကြောက်ရွံ့ကြသည်။ လွန်ခဲ့သည့် နှစ်(၂၀၀)ကျော်က `မဲဇာသစ်တောကြီး၊ မြိုင်တောကြီးများ´ ရှိခဲ့သည်။ ယခုတိုင် အချို့သည် မိမိတို့ မလိုလားသောအရပ် တွင် တာဝန်ထမ်းဆောင်ရပါက “ငါတော့မဲဇာ အပို့ခံရတာပဲ”ဟု ခိုင်းနှိုင်းပြောဆို တတ်ကြပါသည်။ မဲဇာချောင်းကမ်းတွင် မဲဇာဟူသော အမည်ဖြင့် ရွာ(၂)ရွာ တည်ရှိပါသည်။
မန္တလေး-မြစ်ကြီးနား လမ်း မီးရထားခရီးစဉ်တွင် မီးရထားဘူတာဖြစ် သော မဲဇာရွာ(အင်းတော်မြို့နယ်)နှင့် ထီးချိုင့် မြို့နယ် အတွင်းရှိ မဲဇာရွာတို့ဖြစ်သည်။ယင်းနှစ်ရွာစလုံးမှာ မဲဇာချောင်း၏ အရှေ့ဘက် ကမ်းတွင် တည်ရှိနေကြပြီး တစ်ရွာ နှင့် တစ်ရွာ (၁၂)မိုင်မျှ ကွာဝေးပါသည်။ “ကင်းစမ်းတောင်က လေဦးကျရှင့်” အလယ်တွင် ကင်းစမ်းတောင်ခြား လျှက် ရှိသည်။ မဲဇာရွာများကိုရောထွေး၍ ခေါ် နိုင်သဖြင့် ရထား လမ်းပေါ်ရှိ မဲဇာရွာအား သံလမ်း မဲဇာ (သို့) မဲဇာကြီး (သို့) အထက်မဲဇာ ဟုခေါ်ကြသည်။ ထီးချိုင့်မြို့နယ်အတွင်းရှိ မဲဇာရွာအား မဲဇာလေး (သို့) အောက်မဲဇာ ဟု ခွဲခြားခေါ်လေ့ ရှိကြပါ သည်။
လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံ မင်းမျက်သင့်၍ မဲဇာ ပို့သည် ဆိုသည်မှာ ထီးချိုင့်မြို့နယ် အတွင်းရှိ မဲဇာလေးရွာပင် ဖြစ်သည်။ ဒေသခံများက မဲဇာမြစ်ရိုးမြစ်စဉ်ကို အပိုင်းကန့် ထားရာ မဲဇာမြစ် အထက်ပိုင်းသည် ကချင်ပြည် နယ်နှင့် ဗန်းမောက်မြို့နယ်တို့တွင် ပါဝင်လျှက် မဲဇာမြစ်အလယ်ပိုင်းသည် အင်းတော်မြို့နယ် ပါဝင်ပြီး မဲဇာမြစ်အောက်ပိုင်းသည် ထီးချိုင့်မြို့နယ်တွင် ပါဝင်ဖြတ်သန်း စီးဆင်းပါသည်။ အရှေ့ဘက်တွင် `ကံ့ကော်တောင်တန်း´၊ မြောက်ဘက်တွင် `ကင်းစမ်းတောင်တန်း´နှင့် အနောက်ဘက်တွင် `မင်းဝံတောင်တန်း´ကြီးများ ရှိသည်။
မဲဇာချောင်းကမ်းဝဲယာတွင် မဲဇာလေးရွာ လက်ဝဲ သုန္ဒရ အမတ်ကြီး တည်ထားကိုးကွယ်ခဲ့သော စေတီတော်များမှာ- ဏဘရံဘုရား ၊ ညီအမခုနှစ်ဖော်ဘုရား(မယ်ဇလီရွာ)၊ လောကမာရဇိန်ဘုရား(တောမရွာ) ဖြစ်ကြပြီး ၊ ပုခန်းမင်းသားတည်ထားကိုးကွယ်ခဲ့သော- ဆုတောင်းပြည့်ကျောက်စေတီ (ပေါက်ပင်ကွေ့ရွာ) စသည့် ဘုရားများမှာ သမိုင်းဝင်ဘုရားများ ဖြစ်ကြပါသည်။
ဧရာဝတီ ရွှေလီ မဲဇာရုပ်ပုံလွှာ (မောင်ချစ်ထွေး) စာအုပ်မှ ကောက်နုတ် ဖော်ပြပါသည်။
Discussion about this post