Via : မိုရှေဒါယန်အစ္စရေးသူရဲကောင်း
မိုရှေဒါယန်သည် အစ္စရေး လူငယ်ထုကြားတွင် “ဒဏ္ဍာရီထဲက သူရဲကောင်းကြီး”လို အားကျ လေးစားကြည်ညိုစရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ပြည်သူတို့ကလည်း သူ့ကို လေးစားကြည်ညိုကြသည်။ အစ္စရေး တပ်မတော်ထဲမှ တပ်သားတွေ တပ်ဖွဲ့တွေဆိုသည်ကတော့ အထူးပြောစရာ မလိုတော့ပါ။ ရှေ့တန်းမှာ မိုရှေဒါယန်၏ မျက်နှာကို ခဏမျှ မြင်လိုက်ရခြင်းသည် စစ်သည်အင်အား တပ်ကူ တစ်သန်း ပို့လိုက်သည်ထက် ရဲဘော်တို့၏ စိတ်ဓာတ်ကို မြင့်တက်စေနိုင်စွမ်း ရှိသည်။
မိုရှေဒါယန်သည် စစ်စည်းကမ်းနှင့် ပတ်သက်လျှင် နည်းနည်းလေးမျှ ဟာကွက်မရှိအောင် ကြပ်မတ်ပေးသည်။
ပြည်သူနှင့် တပ်မတော် ဆက်ဆံကြရာဝယ် စစ်သားတစ်ဦးအနေဖြင့် ပြည်သူအပေါ် ဘယ်သောခါမှ စော်ကားရိုင်းပျမှု မပြုမိစေရန် မိုရှေဒါယန်ကိုယ်တိုင် အထူးအလေးထား ဂရုတစိုက် ထိန်းကျောင်း ကြပ်မတ်တတ်သည်။ အဖြစ်အပျက် တစ်ခုမှာ……
မိုရှေဒါယန် စစ်ဦးစီးချုပ် လုပ်ခဲ့စဉ်က ဖြစ်သည်။ တစ်နေ့တွင် တိုင်တန်းစာတစ်စောင် သူ့စာပွဲပေါ် ရောက်လာသည်။ တိုင်စာရေးသူက…..
“တစ်နေတွင် သူသည် အဝေးပြေးကားလမ်းမကြီးအတိုင်း ကားမောင်းလာခဲ့ကြောင်း၊ ထိုသို့မောင်းလာခဲ့ရာမှ လမ်းတစ်နေရာ အရောက်တွင် တပ်ကြပ်တစ်ယောက်က သူ့ကားကို လှမ်း၍ တားကြောင်း၊
သို့ပေမယ့် သူ၏ကားမှာ လမ်းမကြီးအတိုင်း ရှေ့ဆက်သွားစရာ မရှိတော့သဖြင့် လမ်းမကြီးပေါ်မှ ချိုးကွေ့ပြီး အခြားတစ်ဘက်သို့ သွားရန် အချိန်နှင့် တိုက်ဆိုက်သွားကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ တပ်ကြပ်ကို ကားရပ်ပေးရန် မဖြစ်နိုင်ကြောင်း၊
မိမိသည် ရှေ့ဆက်သွားစရာရှိလျှင် ထိုတပ်ကြပ်ကို ကားရပ်ပေး၍ တင်ခေါ်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါတပ်ကြပ်က သူ့ကို ကားရပ်မပေးဘဲ ဆက်မောင်းသွားရကောင်းလားဟု ဆိုကာ ကျောက်ခဲဖြင့် ပစ်ပေါက်သဖြင့် ကားမှန်ကွဲအက်သွားကြောင်း”ဟု ရေးသား ဖော်ပြထားလေသည်။
မိုရှေဒါယန်သည် ထိုတိုင်ကြားစာကို ဖတ်ကြည့်ပြီးနောက် ချက်ချင်းပင် တပ်မတော်၏ အပတ်စဉ်ထုတ် “ဘာမာနာနေ”ဂျာနယ်မှ အောက်ပါအတိုင်း ရေးသားလိုက်လေသည်။
အရပ်သားတစ်ဦး၏ မော်တော်ကားကို
ကျောက်ခဲဖြင့် ပစ်ပေါက်ခဲ့သော
အမည်မသိ စစ်သည်တစ်ဦးသို့….
ရဲဘော်…..
“မင်းရဲ့ အမည်ကို ငါ မသိဘူး။ မင်းရဲ့ ကိုယ်ပိုင်အမှတ်ကိုလည်း ငါ မသိဘူး။ မင်းက ဘယ်တပ်ဖွဲ့က ဆိုတာလည်း ငါ မသိဘူး။ ဒါပေမဲ့… မင်းဟာ တပ်ကြပ်တစ်ယောက် ဖြစ်တယ်ဆိုတာတော့ ငါ သိထားတယ်။ ပြည်သူတစ်ယောက်ရဲ့ မော်တော်ကားကို ကျောက်ခဲနဲ့ ပေါက်ကာ ရိုင်းပျစွာ ဆဲရေးစော်ကားမိတဲ့ မင်းရဲ့ အပြုအမူအတွက် မင်းရဲ့ အနီးကပ်ဆုံး တပ်မှူးထံ အမြန်သွားပြီး မင်းရဲ့ ရာထူးအဆင့်၊ အမှတ်တံဆိပ်များနှင့် ကိုယ်ပိုင်အမှတ်ကို ဖော်ပြပြီး သွားရောက်အပ်နှင်းလိုက်ပါ။ မင်းဟာ မင်းရဲ့ မိုက်မဲခဲ့တဲ့ အပြုအမူအတွက် ပြည်သူချစ်တဲ့ အစ္စရေးတပ်မတော်သားအဖြစ် ဆက်လက်အမှုထမ်းရန် ထိုက်တန်၏/မထိုက်တန်၏ ဆိုသည်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်တို့၏ အဆုံးအဖြတ်ကို ခံယူပါလေ”
ဗိုလ်ချုပ်ကြီး မိုရှေဒါယန်
စစ်ဦးစီးချုပ်
အထက်ဖော်ပြပါ မိုရှေဒါယန်၏ စာကို အဆိုပါ တပ်ကြသည် တွေ့လျှင်တွေ့ချင်း သူ၏ အရာရှိထံ အမြန်သွား၍ အကျိုးအကြောင်း ပြောပြဝန်ခံကာ မိုရှေဒါယန် မှာလိုက်သည့်အတိုင်း အဖမ်းခံလိုက်သည်။ မိုရှေဒါယန်၏ သြဇာတိက္ကမသည် ဤမျှ ကြီးမားလှ၏။ မိုရှေဒါယန်၏ အမိန့်ကို ဤမျှထိ နာခံ၏။ လေးစား၏။
Discussion about this post