မြင့်မားတဲ့နည်းပညာတွေအသုံးပြုထားတဲ့ လေဆာရိုင်ဖယ်လက်နက်ဆန်းတစ်ခုကို တရုတ်သိပ္ပံရှင်တွေကတီထွင်လိုက်ပြီဖြစ်တဲ့ သတင်းတစ်ခုကို မကြာသေးခင်ကပဲ တရုတ်မီဒီယာတွေက ထုတ်ပြန်ကြေငြာခဲ့ကြပါတယ်။ သတင်းတွေအရတော့ ဒီရိုင်ဖယ်လက်နက်ပစ်ခတ်လိုက်တဲ့အခါ ထွက်ပေါ်လာသော မျက်စိနဲ့မမြင်နိုင်တဲ့ ရောင်စဉ်တန်းဟာ လူတွေရဲ့ ကိုယ်ခန္ဓာထဲက တစ်သျှူးတွေကတစ်ဆင့် လူအသားကိုမီးလောင်ကျွမ်းစေနိုင်ပြီး အလွန်ဝေးကွာတဲ့ မိုင်ဝက်လောက်က ပစ်ခတ်ရင်တောင် ပစ်မှတ်အပေါ်အကျိုးသက်ရောက်မှုရှိစေနိုင်တယ်ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။
ဒီလေဆာရိုင်ဖယ်ကိုတော့ ZKZM-500 လို့ အမည်ပေးထားပြီး Shaanxi ပြည်နယ်က အမြင်အာရုံနဲ့ အတိုင်းအတာဆိုင်ရာ လက်နက်ထုတ်လုပ်ရေး နည်းပညာကုမ္ပဏီ Xian က တရုတ်သိပ္ပံပညာရှင်တွေ ထုတ်လုပ်ခဲ့တာပါ။ တရုတ်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်တွေအတွက် ပုဂ္ဂိုလ်လိကကုမ္ပဏီတစ်ခုက ပထမဆုံးအနေနဲ့ စုပေါင်းတည်ထွင်ပေးခဲ့တာပါ။ ဒီလက်နက်ဟာ အကြမ်းဖက်စစ်ဆင်ရေးတွေမှာ ထိထိရောက်ရောက်အသုံးပြုနိုင်ပြီး လူအသက်ကိုသေစေတဲ့လက်နက်တော့မဟုတ်ဘူးလို့ ဆိုပါတယ်။
ဥပမာ ဓါးစာခံများကို အကြမ်းဖက်သမားတွေလက်ကနေ ကယ်ထုတ်ရတဲ့အခြေအနေမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အခင်းဖြစ်ပွားရာနေရာရဲ့ အလွန်ဝေးကွာတဲ့အနေအထားကနေ အကြမ်းဖက်သမားတွေကို ဒီလေဆာရိုင်ဖယ်နဲ့ စိတ်ကြိုက်အနေအထားကနေ ပစ်ခတ်နိုင်ပါတယ်။ဒီလက်နက်ထိမှန်တဲ့အကြမ်းဖက်သမားဟာ ယာယီအနေအထားမှာ မီးလောင်ကျွမ်းသွားမှာဖြစ်လို့ ဒီအခြေအနေမှာ ကျန်ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီအကြမ်းဖက်ဖြစ်စဉ်ကိုအလွယ်တကူ ဟန့်တားနိုင်မှာပဲဖြစ်ပါတယ်။
ဒီလေဆာလက်နက်ဟာ သိပ္ပံနည်းစနစ်တကျထုတ်လုပ်ထားတာဖြစ်လို့ အကြမ်းဖက်စစ်ဆင်ရေးတွေမှာ ပိုမိုထိရောက်မှာမှန်ပေမယ့် အများစုကတော့ ဒီလေဆာရိုင်ဖယ်ဟာ ထွင်လုံးသာဖြစ်ပြီး အပြင်မှာတစ်ကယ်ဖြစ်လာနိုင်ချေတော့မရှိဘူးလို့ ယုံကြည်နေကြပါတယ်။ South China Morning Post(SCMP)သတင်းစာမှာတင်ပြထားတဲ့သတင်းအရဆိုရင် ဒီလေဆာရိုင်ဖယ်ဟာAK47 နဲ့ အရွယ်အစားတူညီပြီး စမတ်ဖုန်းတွေအတိုင်းအားသွင်းနိုင်တဲ့လီသီယမ်ဘက်ထရီပါရှိပါတယ်။ ဒီလက်နက်မှာ လေဆာ၁၀၀၀ capacity အထိ ရှိပြီး တစ်ချက်ပစ်ပြီး နောက်တစ်ချက်ပစ်ရန် အချိန် (၂)စက္ကန့် သာလိုပါတယ်။
ဒီရိုင်ဖယ်ဟာ တစ်ချက်ပစ်ရုံနဲ့တော့ လူတစ်ယောက်ကိုမသေစေနိုင်ပါဘူး။ လူခန္ဓာကိုယ်တစ်ခုလုံး ကိုယ်တော့ ခေတ္တလောင်ကျွမ်းသွားနိုင်ပါတယ်။ Xian နည်းပညာကုမ္ပဏီကထုတ်လုပ်တဲ့ ZKZM-500 ရိုင်ဖယ်သေနတ်တွေရဲ့ ပြင်းအားနဲ့ အကျိုးသက်ရောက်မှုတွေကို အကြိမ်ကြိမ် စမ်းသပ်ခဲ့ဲပြီးမှ ထုတ်လုပ်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလက်နက်နဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအချက်အလက်များစွာရှိနေလို့ ဒါဟာအစိုးရရဲ့ဝါဒဖြန့်ချိရေးသက်သက်မဟုတ်ဘူးလို့ တွေးထင်နေသူတွေလည်းရှိပါတယ်။
ဒီလေဆာရိုင်ဖယ်ဟာ ဘက်ထ ရီနဲ့အားသွင်းပြီး လေဆာစွမ်းအင်ကို ရယူရတာကြောင့် သူကိုသုံးစွဲရချိန်ဟာ အကန့်အသတ်ရှိနေပါတယ်။ဆက်တိုက်အသုံးပြုမယ်ဆိုရင် လေဆာကိုထုတ်လွှတ်လိုက်တဲ့အတွက် Heat တက်လာမှာဖြစ်ပြီး ရိုင်ဖယ်ရဲ့ မူလစွမ်းအင်ထုတ်ပေးတဲ့စနစ်ကို လာရောက် ရိုက်ခတ်မှုရှိနေတာပါ။ ဒါကြောင့်ပုံမှန်အနေအထားဖြစ်တဲ့(၈၀၀)မီတာလောက်မှာပဲ ဒီလက်နက်ကို ကိုင်ဆောင်အသုံးပြုရမယ့် သဘောဖြစ်နေပါတယ်။
ဒါအပြင် ZKZM-500 ရိုင်ဖယ် ဟာ Electronic transmission (လျှပ်စစ်ဆင့်ကူးခြင်းနည်းပညာနဲ့) တည်ဆောက်ထားတာဖြစ်လို့ သတ်မှတ်ထားတဲ့အကွာအဝေးကျော်လွန်သွားပါက လေကဲ့သို့သောကြားခံပစ္စည်းတွေကြောင့် Signal(သေနတ်မှပစ်လွတ်လိုက်သောစွမ်းအင်)တွေသွားရာလမ်းတစ်လျောက် အားပျော့သွားနိုင်တယ်လို့ ဆိုပါတယ်။ဒါကို Attenuation ဖြစ်စဉ်လို့ခေါ်ပါတယ်။ လေဆာဟာ ကျည်ဆန်လိုမဟုတ်တာကြောင့် အကွာအဝေးပိုများလာလေလေ အားနည်းလာလေလေလေဖြစ်ပါတယ်။
South China Morning Post (SCMP)သတင်းစာရဲ့အဓိကဖော်ပြချင်တာကတော့ ၂၀၀၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုက အလားတူရိုင်ဖယ်လက်နက်မျိုးတည်ဆောက်ဖို့ကြိုးစားခဲ့ပေမဲ့ ရလဒ်အနေနဲ့ကတော့ သူတို့သေနက်ကထွက်ပေါ်လာတဲ့ လေဆာရောင်ခြည်ဟာ လူအင်္ကျီကိုတောင် မထိုးဖောက်နိုင်ပါဘူး။ ဒါပေမဲ့တရုတ် နိုင်ငံကတော့ ဒီနည်းပညာကို ကြီးကြီးမားမားရင်းနှီုးမြုပ်နှံကာ သိပ္ပံပညာရပ်ဆိုင်ရာစမ်းသပ်မှုတွေပြုလုပ်ပြီး အဆင့်မြှင့်တင်ခဲ့နိုင်ခဲ့တယ်လို့ ဆိုချင်တာပါ။
ဒါပေမဲ့ ဒီလေဆာလက်နက်ဟာ ပါတီပွဲက လေဘောလုံးတွေကို ဖောက်ခနဲမြည်အောင် ပစ်ဖောက်ခဲ့ရင်တောင် သူတို့အနေနဲ့ အံ့သြရပါလိမ့်မယ်ဆိုတဲ့အကြောင်း ဝေဖန်သူအချို့ကခနဲ့ကြပါတယ်။ ZKZM -500 ရိုင်ဖယ်ဟာ တကယ်ပဲ လူအဝတ်အစားတွေသာမက အသားတစ်သျူးတွေကိုလောင် ကျွမ်းနိုင်ပါ့မလား ဆိုတာကတော့ သိပ်မကြာခင်အချိန်မှာ သိရတော့မှာဖြစ်ပါတယ်။
VIDEO
Discussion about this post