ယနေ့ခေတ်မှာ နိုင်ငံအသီးသီးရှိ မြို့ကြီးတွေရဲ့လမ်းတွေမှာ မီးပွိုင့်များကိုတွေ့ကြပါလိမ့်မယ်။ မီးပွိုင့်တွေဟာ ယာဉ်လမ်းသွားလာရေးမှာ အလွန်အသုံးဝင်တဲ့အပြင် မရှိမဖြစ်လို့တောင်ပြောလို့ရပါတယ်။ ဒီမီးပွိုင့်တွေကို ၁၈၆၈ ခု ဒီဇင်ဘာ ၁၀ ရက်မှာ အင်္ဂလန်နိုင်ငံ ၊ လန်ဒန်တရားလွှတ်တော်အနီးမှာ ပထမဆုံး စတင်အသုံးပြုပြီး မြင်းလှည်းများနဲ့ လူများသွားလာမှုအဆင်ပြေရန်ရည်ရွယ်ပြီးတပ်ဆင်ခဲ့ပါတယ်။ ၎င်းပထမဆုံး မီးပွိုင့်စနစ်ကို ဗြိတိန်ရထားလမ်း အင်ဂျင်နီယာ J.P Knight ကတီထွင်တာဖြစ်ပါတယ်။
အဆိုပါစနစ်မှာ ဓာတ်ငွေ့ကိုအသုံးပြုရပြီး အနီ နဲ့ အစိမ်း ၂ ရောင်ကိုသာ အသုံးပြုကာ လူတစ်ယောက်က ထိန်းချုပ်မှုလုပ်ပေးရပါတယ်။ ဒါပေမယ့် ကားတွေပေါ်လာတဲ့နောက်မှာတော့ လူထိန်းချုပ်နေတဲ့ မီးပွိုင့်က သိပ်ပြီးအဆင်မပြေတော့ပါဘူး။
အဲဒီနောက် ၁၉၁၄ ခုနှစ်၊ သြဂုတ် ၅ ရက်နေ့မှာ အိုဟိုင်းရိုးပြည်နယ် ကလီဗီးလန့်မြို့မှာ ပထမဆုံး လျှပ်စစ်မီးပွိုင့်ကို စတင်အသုံးပြုခဲ့ပါတယ်။အမေရိကန်ရဲတစ်ဦးဖြစ်တဲ့ လက်စတာဝိုင်ယာက တီထွင်ခဲ့တာဖြစ်ပါတယ်။ အနီ နဲ့ အစိမ်းကိုပဲ အသုံးပြုပြီး ယနေ့ခေတ်မှာတွေ့မြင်ရတဲ့ အဝါရောင် ဆစ်ဂနယ်အစား ဟွန်းကိုအသုံးပြုပါတယ်။ ဆိုလိုတာကတော့ အနီမှ အစိမ်းကိုမပြောင်းခင်ဟွန်းတီးပါတယ်။
သုံးရောင်ရှိပြီး လေးဘက်မြင်ရတဲ့မီးပွိုင့်ကိုတော့ ရဲတစ်ဦးဖြစ်တဲ့ ဝီလီယံပေါ့တ်က ၁၉၂၀ ခုနှစ်မှာတီထွင်ခဲ့ပါတယ်။ မီချင်ဂန်ပြည်နယ် ဒက်ထရွိုက်မြို့မှာ စတင်အသုံးပြုပြီးပါတယ်။ အဲဒီအချိန်ကစပြီး ကမ္ဘာအနံှ့အပြားက မြို့အတော်များများမှာ အသုံးပြုလာကြပါတယ်။ ၁၉၆၀ ကွန်ပျူတာများပေါ်လာတဲ့နောက်မှာတော့ မီးပြောင်းလဲခြင်းကို ကွန်ပျူတာများကိုသုံးပြုပြီး အလိုအလျောက်စနစ်များဖြင့် အသုံးပြုလာကြပါတယ်။
၁၉၉၀ ခုနှစ်ရောက်တဲ့အခါမှာတော့ အချိန်ပြ LED များကို စတင်အသုံးပြုလာကြပါတယ်။ ၎င်း Timer များက လမ်းလျှောက်သူများအတွက်တဖက်လမ်းကိုကူးရန်နှင့် ကားသမားများလည်း ဆက်သွားရန်အတွက် အချိန်ကိုကြည့်နိုင်သည့်အတွက် တော်တော်လေးအသုံးပြုလာကြပါတယ်။
မီးပွိုင့်ရဲ့ကိုယ်ထည်ကိုတော့ အများအားဖြင့် အလူမီနီယံနဲ့ ပြုလုပ်ပြီး တချိုကတော့ ပလပ်စတစ်ကိုအသုံးပြုကြပါတယ်။ အချက်ပြမီးသီးတွေရဲ့မှန်ကို ဖန် သို့မဟုတ် ပလပ်စတစ်နဲ့ပြုလုပ်ကြပါတယ်။ မီးသီးများကိုထောက်ခံပေးတဲ့ တန်းကိုတော့ စတီးဖြင့်ပြုလုပ်ထားပြီး ထိန်းချုပ်ကိရိယာကိုစတီး သို့မဟုတ် အလူမီနီယံ နဲ့ပြုလုပ်ထားတဲ့အိမ်ထဲမှာထည့်ပါတယ်။ ဝိုင်ယာကြိုးစနစ်ကိုတော့ လျှပ်စစ်မကူးနိုင်တဲ့ ရာဘာ သို့ ပလပ်စတစ်နဲ့ ပြုလုပ်ပါတယ်။
မီးအချက်ပြစနစ်ကို အများအားဖြင့် ထိန်းချုပ်ရေးပုံးများမှတဆင့် ထိန်းချုပ်ကြပါတယ်။ စက်မှုလျှပ်စစ်ထိန်းချုပ်ရေး စနစ်များကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ဒါပေမယ့်လည်း ယခုအသုံးများတဲ့ ယာဉ်ကြောထိန်းချုပ်ရေးစနစ်မှာ တည်တံ့နေပြီဖြစ်ပါတယ်။
ထိန်းချုပ်ရေးစနစ်မှာ အဓိကအားဖြင့် လျှပ်စစ်အားကိုဖြန့်ဝေဖို့အတွက် power panel ပါရှိပြီး ထိုလျှပ်စစ်ကို detector များသို့ဖြန့်ဝေပါတယ်။ မီးအပြောင်းအလဲကိုတော့ ရဲကင်းကဆောင်ရွက်ပါတယ်။ အချိန်ဖြင့်ထိန်းချုပ်ရေးစနစ်ကိုတော့ စက်မှုလျှပ်စစ်ထိန်းချုပ်ရေး စနစ်ဖြင့် ဆောင်ရွက်ကြပါတယ်။ အဲဒီစနစ်မှာ အချိန်ကိုက်ဂီယာများကို အချိန်ဒိုင်ခွက်အတွင်းထည့်ထားတာဖြစ်ပါတယ်။
အချိန်ကိုက် ဂီယာများကို ယာဉ်ကြောအခြေအနေပေါ်မူတည်ပြီး စက္ကန့် ၃၅ မှ ၁၂၀ အထိထားလေ့ရှိကြပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ထိန်းချုပ်ရေးစနစ်တွင်အသုံးပြုသည့်ပစ္စည်းများကို NEMA (National Electrical Manufacture Association) က စံသတ်မှတ်ပါတယ်။ ယနေ့ခေတ်အချိန်မှာတော့ အလွန်များပြားရှုပ်ထွေးလာတဲ့ ယာဉ်လမ်းကြောင်းတွေကို ကြီးမားတဲ့ ယာဉ်ကြောထိန်းချုပ်ရေးခန်းများတည်ဆောက်ကာ ဝန်ထမ်းပေါင်းများစွာက ထိန်းချုပ်နေရပြီဖြစ်ပါတယ်။
Discussion about this post