မီလန်မြို့ဟာ အီတလီနိုင်ငံမြောက်ပိုင်းက Lombardy လွင်ပြင်ဒေသမှာပါဝင်နေတဲ့ Milano နယ်မြေရဲ့မြို့တော်ဖြစ်ပြီး အီတလီနိုင်ငံမှာဆိုရင်တော့ ရောမမြို့ပြီးရင် ဒုတိယမြောက်အကြီးဆုံးမြို့တော် အဖြစ်ရပ်တည်နေပါတယ်။ မီလန်ဟာ Po Valley ရဲ့အနောက်မြောက်ဘက်စွန်း အပိုင်း မှာပါဝင်နေပြီး မြို့ရဲ့တောင်ဘက်မှာဆိုရင် Poမြစ် နဲ့ မြောက်ဘက်မှာတော့ Como ၊ Maggiore၊ Lugano စတဲ့ရေကန်တွေတည်ရှိရာ Alps တောင်တန်းတွေတည်ရှိနေပါတယ်။ မြို့ရဲ့အနောက်ဘက်မှာဆိုရင် Ticino မြစ် နဲ့အရှေဘက်မှာတော့ Adda မြစ်တွေဟာစီးဆင်းလျက်ရှိနေတာကိုတွေ့ရပါတယ်။
(၂၀၁၈)ခုနှစ်၊အောက်တိုဘာလစာရင်းအရတော့ မီလန်မြို့ရဲ့လူဦးရေဟာ (၁.၄) သန်းလောက်တည်ရှိနေပြီး မြို့ဧရိယာနယ်မြေအတွင်းနေထိုင်သူကတော့ (၃.၃)သန်း လောက်ကိုရှိနေပါတယ်။ မြို့ရဲ့အကျယ်အဝန်းကတော့ (၇၀)စတုရန်းမိုင်လောက်ကျယ် ပြန့်ပါတယ်။ မီလန်ဟာ မြေပြန့်လွင်ပြင်ဒေသတစ်ခုသာဖြစ်ပြီး အမြင့်ဆုံးအပိုင်းကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၄၀၀)ခန့်သာ မြင့်မားပါတယ်။
မီလန်မြို့ရဲ့သက်တမ်းဟာ နှစ်ပေါင်း (၂၅၀၀)လောက် ကြာမြင့်ခဲ့ပြီလို့သိရပြီး လွန်ခဲ့တဲ့ ဘီစီ(၆၀၀)ကာလက ယခုအီတလီနိုင်ငံမြောက်ပိုင်းဒေသက Insubria နယ်က Celtic မျိုးနွယ်စုတွေက စတင်တည်ထောင်ခဲ့တယ်လို့သိရပါတယ်။ (၂၂၂)ဘီစီရောက်ချိန်မှာ တော့ မီလန်ဟာရောမတွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။
ရောမအင်ပါယာလက် အောက်မှာတော့ မီလန်ဟာ အလွန်ခမ်းနားတဲ့မြို့တော်ကြီးတစ်ခုအဖြစ် ရောက်ရှိခဲ့ပါတယ်။ အေဒီ (၂၈၆)ခုနှစ်ကနေ (၄၀၂)ခုနှစ်အထိ မီလန်ဟာ အနောက်ရောမအင်ပါယာရဲ့ မြို့တော်အဖြစ်သတ်မှတ်ခံခဲ့ရသလို အလယ်ခေတ်ကာလတစ်လျှောက်နဲ့ မျက်မှောက်ခေတ်ကာလအစောပိုင်းတွေအထိ Dutchy of Milan (မြို့စားပိုင်နက်နယ် မြေ)အဖြစ် ရှိနေခဲ့ပါတယ်။ (၁၅၀၀)ခုနှစ်ကတော့ စပိန်တွေဟာ မီလန်မြို့ကိုသိမ်းပိုက်အုပ်ချုပ်ခဲ့ပြီး (၁၇၀၀)ပြည့်နှစ်ရောက်ချိန်မှာတော့ သြစတြီးယားအင်ပါယာရဲ့ ပိုင်နက် နယ်မြေဖြစ်သွားခဲ့ဖူးပါတယ်။
Renaissance နဲ့ Romantic ခေတ်ကာလတွေမှာတော့ မီလန်ဟာ ဥရောပတိုက်တစ်ခု လုံးရဲ့ အဓိယဉ်ကျေးမှုအနုပညာ၊ စာပေနဲ့ပြဇာတ်တွေ ထွန်းကားရာနေရာအဖြစ် သတ်မှတ် ထားခြင်းခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာတော့ မီလန်မြို့ဟာ မဟာမိတ်စစ်တပ် တွေရဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန်ခံခဲ့ရပါသေးတယ်။ (၁၉၅၀) ကနေ (၁၉၆၀) ကြားကာလတွေရောက်ချိန်မှသာဥရောပ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ကြောင့် မြို့ရဲ့စက်မှုလုပ်ငန်းတွေကနေတစ်ဆင့် ကဏ္ဍအသီးသီးဟာအတစ်ရိပ်ရိပ်တိုး ပွားလာခဲ့တာဆိုရင် ယနေ့အထိလို့ဆိုရပါမယ်။
ယနေ့ချိန်မှာဆိုရင် မီလန်လို့ပြောလိုက်တာနဲ့ ကမ္ဘာဖက်ရှင်မြို့တော်ထိပ်တန်း ဗိသုကာလက်ရာဒီ ဇိုင်းထုတ်လုပ်တဲ့ နေရာအဖြစ်လူသိများပြီး အားကစားပရိတ်သတ် တွေအဖို့တော့ ကမ္ဘာ့ထိပ်တန်းကလပ်တွေတဖြစ်လဲ ယင်းမြို့ခံနှစ်သင်းဖြစ်တဲ့ အင်တာမီလန်နဲ့ အေစီမီလန်တို့ကြောင့်လူသိများပါတယ်။ မီလန်ဟာ အီတလီနိုင်ငံအတွက်သာမက ဥရောပရဲ့နာမည်ကျော်အနုပညာ ရပ်တွေအပြင် ကမ္ဘာကျော်အော်ပရာပြဇာတ်တွေ ထွက်ပေါ်ရာနေရာလည်းဖြစ်ပါတယ်။
မီလန်ရဲ့ကျော်ကြားတဲ့ပြဇာတ်ရုံကြီးဖြစ်တဲ့ La Scala ဟာဆိုရင်ကမ္ဘာအကျော်ကြားဆုံး သောပြဇာတ်ရုံအဖြစ်နာမည်ကျော်ပြီး (၁၇၇၈)ခုနှစ်၊သြဂုတ်လ (၃)ရက်နေ့မှာပဲ အခမ်း အနားနဲ့ဖွင့်လှစ်ကာ မူလအမည်ကတော့ Nuovo Regio Ducale Teatro alla Scala ဖြစ်ပါတယ်။ ကမ္ဘာကျော်ပြဇာတ်များစွာတင်ဆက်ပြသရာ ယင်းပြဇာတ်ရုံကြီးကိုတော့ Giuseppe Piermarini ဗိသုကာစတိုင်တည်ဆောက်ထားပြီး ပရိတ်သတ် (၂၀၃၀)ဦး ဝင်ဆံ့တယ်လို့သိရပါတယ်။
Milan Cathedral ခရစ်ယာန်ဘုရားကျောင်းကိုတော့ Duomo di Milano လို့လည်းသိ ကြပြီး St Mary of the Nativity (Birth of the Virgin Mary) ကို ရည်စူးတည် ဆောက်ထားတာဖြစ်ပါတယ်။ မီလန်သာသနာနယ်ရဲ့ Archbishop (ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး) သီတင်းသုံးရာကျောင်းတော်လည်းဖြစ်ပြီးရောမမှာရှိတဲ့ St. Peter’s Basilica ခရစ်ယာန်ဘုရားကျောင်းပြီးရင်တော့ အီတလီမှာ ဒုတိယမြောက်အကြီးဆုံး ဖြစ် ပြီး ကမ္ဘာပေါ်မှာဆိုရင်တော့ တတိယမြောက်အကြီးဆုံး ကတ်သလစ်ဘာသာ ဘုရားကျောင်းကြီးလည်းဖြစ်ပါတယ်။
(၁၄၀၀)ပြည့်နှစ်က Renaissance ခေတ်ကာလရဲ့ ဗိသုကာကျော် Donato Bramate တည်ဆောက်ခဲ့တဲ့ Santa Maria della Grazie ခရစ်ယာန်ဘုရားရှိခိုးကျောင်းဟာလည်း မီလန်မြို့မှာပဲတည်ရှိနေပြီး ယင်းမှာတည်ရှိနေတဲ့ ရှေးခေတ်ဗိသုကာအမွေအနှစ်တွေ ကြောင့်ကျော်ကြားပါတယ်။ စွယ်စုံရပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီရေးဆွဲခဲ့တယ်ဆိုတဲ့ The last Supper (ခရစ်တော်ရဲ့နောက်ဆုံးညစာစားပွဲ) နံရံကပ်ပန်းချီကားချပ်ကို လည်းယင်းဘုရားကျောင်းရဲ့ စားသောက်ဆောင်မှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်လို့သိရပါ တယ်။
ယင်းပန်းချီကားကိုပဲ မူလပုံစံအတိုင်းဖြစ်အောင် (၂၁)နှစ်ကြာလောက်မွမ်းမံခဲ့ရ တယ်လို့သိရပြီး (၁၉၉၉)ခုနှစ်ရောက်ချိန်မှ ပြီးစီးခဲ့ပါတယ်။ ယခုတိုင်လျို့ဝှက်ချက်များစွာ ပါဝင်နေတယ်ဆိုတဲ့ ယင်းပန်းချီကားချပ်အတွက်လည်း တိကျတဲ့ ရှင်းလင်းချက် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပဲ သမိုင်းသုတေသီတွေကို အလုပ်ပေးထားတဲ ကမ္ဘာကျော် ပန်းချီကားတစ်ချပ်အဖြစ်ရှိနေကာ တစ်ကြိမ်ကြည့်မယ်ဆိုရင် လူ(၂၅)ယောက်သာ ကြည့်ရှုခွင့်ပြုထားပါတယ်။ ယင်းဘုရားကျောင်းဟာ ယူနက်စကိုရဲ့ ကမ္ဘာအမွေအနှစ်စာရင်းဝင်နေရာတစ်ခုအဖြစ်လည်းရှိနေပါတယ်။
အီတလီနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးလို့ဆိုရမဲ့ shopping mall ကြီး Galleria Vittorio Emanuele II ဟာလည်း မီလန်မြို့ မှာပဲတည်ရှိနေကာ မြို့တော်ကြီးရဲ့ပြယုဂ်တစ်ခု အနေနဲ့ တည်ရှိနေပါတယ်။ အတွင်းပိုင်းအဆင့်လေးဆင့်ပါဝင်ပြီး အမိုးခုံးစင်္ကြန် (၂)ခုပါ ဝင်တဲ့ အဆောက်အအုံကြီးဖြစ်ပြီး မီလန်မြို့လယ်ကောင်မှာတည်ရှိပါတယ်။ အီတလီ ဘုရင်မင်းဆက်ရဲ့ ပထမဆုံးသောဘုရင် Victor Emmanuel (2) ကိုဂုဏ်ပြုပြီး ယင်း Shopping Center ရဲ့အမည်ကိုပေးခဲ့တာဖြစ်ပြီး (၁၈၆၁)ခုနှစ်ကဒီဇိုင်းရေးဆွဲကာ (၁၈၆၅) ကနေ (၁၈၆၇)ခုနှစ်အတွင်းအပြီးသတ် တည်ဆောက်ခဲ့ပါတယ်။
မီလန်မြို့မှာတည်ရှိနေတဲ့ Sforza ရဲတိုက်ကိုတော့ (၁၅)ရာစုတွင်းက မီလန်မြို့စားကြီး Francesco Sforza က (၁၄)ရာစုတွင်းကရှိနေခဲ့တဲ့ ခံတပ်ဟောင်းနေရာမှာပြန်လည် တည်ဆောက်ခဲ့ပါတယ်။ ပြုပြင်မှုတွေပြုလုပ်ပြီးတဲ့နောက် (၁၆)ရာစုကနေ (၁၇) ရာစု တွင်းမှာတော့ Sforza ရဲတိုက်ဟာ ဥရောပတိုက်ရဲ့အကြီးဆုံးရဲတိုက်စာရင်းဝင်ဖြစ်လာ ခဲ့ပါတယ်။ Luca Beltrami က (၁၈၉၁)ခုနှစ်ကနေ (၁၉၀၅)ခုနှစ်အတွင်း ပြန်လည်တည် ဆောက်မှုတွေပြုလုပ်ခဲ့ပြီး ယနေ့အချိန်မှာတော့ ယင်းနေရာဟာ မီလန်ရဲ့ပြတိုက်၊ပြခန်း များစွာတည်ရှိရာနေရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
မီလန်ရဲ့အကြီးဆုံးသောပန်းခြံကတော့ Parco Sempione လို့ခေါ်ပြီး (၁၈၈၈)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်းအကျယ် (၉၅)ဧကလောက်ကျယ်ဝန်းပြီး မြို့တော်ရဲ့သမိုင်းဝင်နယ်မြေအဖြစ်သတ်မှတ်ထားရှိတဲ့ အုပ်ချုပ်မှုနယ်မြေ Zone (1) အတွင်းပါဝင်နေပါတယ်။
မီလန်မြို့ဟာ ဖက်ရှင်မြို့တော်အဖြစ် (၁၆)ရာစုကတည်းက ကမ္ဘာမှာစတင်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ကမ္ဘာဖက်ရှင်လောကကို ဦးဆောင်ထားဆဲဖြစ်ပြီး ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်းများစွာကို အခြားဖက်ရှင်မြို့တော်တွေဖြစ်တဲ့ ပဲရစ်၊ လန်ဒန်၊ နယူးယောက်တို့နဲ့အတူ ကမ္ဘာအရပ်ရပ်ကိုမျှဝေတဲ့ ကမ္ဘာအဆင့်ဖက်ရှင်ပွဲများစွာကို လက်ခံကျင်းပလေ့ရှိပါတယ်။
ကမ္ဘာကျော် Milan fashion week ကိုတော့ မီလန်မြို့မှာ တစ်နှစ်ကို (၂)ကြိမ်လောက်ကျင်းပလေ့ရှိပြီး နိုင်ငံတကာဖက်ရှင်လောကရဲ့ အရေးပါတဲ့ အခမ်းအနားတွေအဖြစ်လည်း ကျော်ကြားပါတယ်။ ဒါအပြင်နာမည်ကျော် Italian fashion brands တွေဖြစ်တဲ့ Valentino၊ Gucci ၊ Versace ၊ Prada ၊ Armani နဲ့ Dolce & Gabbana တွေရဲ့ မူလရုံးချုပ်ဟာ မီလန်မြို့မှာပဲတည်ရှိနေတာဖြစ်ပါတယ်။
မီလန်ဟာ ကမ္ဘာထိပ်တန်းမြို့တော်ကြီး (၂၀)စာရင်းမှာလည်း နယူးယောက်၊လန်ဒန်၊ မော်စကို၊ ဘရူနိုအဲရစ်နဲ့ ကွာလာလမ်ပူမြို့တော်တွေနဲ့အတူ ပူးတွဲပါဝင်နေပါတယ်။ မီလန်မြို့ဟာ ဇိမ်ခံဟိုတယ်ကြီးပေါင်းများစွာရှိနေတဲ့ မြို့တော်ကြီးတစ်ခုဖြစ် ပြီး Michekin Guide စာရင်းတွေအရ ကမ္ဘာပေါ်မှာ (၅)ခုမြောက်ဟိုတယ်အရည်အသွေး အကောင်းဆုံးနေရာအဖြစ်သတ်မှတ်ထားခြင်းကိုခံထားရပါတယ်။
အီတလီရဲ့အခြားမြို့ တော်ကြီးတွေလိုပဲ မီလန်ဟာ ရိုးရာအစားအသောက်နဲ့ကမ္ဘာအရပ်ရက်ကဧည့်သည် တွေကိုဆွဲဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့်တော့ အီတင်္လီမြောက် ပိုင်းရဲ့ဒေသရဲ့ ရိုးရာဟင်းလျာတွေဖြစ်ကြပြီး ဆန်ထက် အီတလီခေါက်ဆွဲခြောက်၊ ထောပတ်ထက် ဟင်းသီးဟင်းရွတ် ၊ ဆီတွေကိုအသုံးပြုချက်လုပ်ပြီး ခရမ်းချဉ်သီးနဲ့ ငါး ကိုတော့ဟင်းပွဲတွေမှာ တွေ့ရမှုအလွန်နည်းပါတယ်။
ဥရောပနိုင်ငံတွေအတွင်းမှာတော့ မီလန်ဟာ ကမ္ဘာလှည့်ခရီးသည်လာရောက်လည်ပတ်မှု အများဆုံးမြို့ကြီးတစ်မြို့ဖြစ်ပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် (၆)သန်းလောက် လာရောက်လည်ပတ်လေ့ရှိတယ်လို့သိရပါတယ်။
ဥရောပဘောလုံးလောကရဲ့အထင်ကရ ဘောလုံးအသင်းကြီးတွေဖြစ်တဲ့ အင်တာနဲ့ အေစီအသင်းတွေဟာလည်း မီလန်မြို့ခံအသင်းတွေဖြစ်ကြပြီး အိမ်ကွင်းအဖြစ် ဆန်ဆီရိုကိုမျှဝေသုံးစွဲကြပါတယ်။ ဒီအသင်းနှစ်သင်းတွေ့ဆုံတဲ့ပွဲတွေကိုတော့ Derby della Madonnina လို့ခေါ်ပါတယ်။
ဒါအပြင် အီတလီရဲ့နာမည်ကျော် ဘတ်စကတ်ဘောလုံးအ သင်းဖြစ်တဲ့ Olimpia Milano အသင်းဟာလည်း ယင်းမြို့မှာပဲအခြေစိုက်ပါတယ်။ မီလန်မြို့ဟာ (၁၉၀၆)ခုနှစ်နဲ့ (၂၀၁၅)ခုနှစ်အတွက် ကမ္ဘာကုန်စည်ပြပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပနိုင်ခဲ့ပါတယ်။
Discussion about this post