မဖြစ်နိုင်ဘူးလို့ ကျိန်းသေယူဆထားတဲ့အကြောင်းအရာတစ်ခုကို မျက်မြင်အနေအထား အရ လက်ခံရတဲ့တိုင်အောင် ကာယကံရှင်အဖို့အနည်းငယ်တော့ အောင့်သည်းအောင့်သက်ဖြစ်နေဦးမှာပါ။ အမှန်လည်း လူသားတွေရဲ့နေ့စဉ်ဘဝမှတ်တမ်းမှာ ကြုံတွေ့လာတဲ့ အကြောင်းအရာတွေအနက်က တစ်ချို့ဖြစ်ရပ်တွေကတော့ အန်မတန်နားလည်ရ ခက်သလို ထူးလည်းထူးဆန်းပါတယ်။
ရေဘုရင်ရယ်လို့တင်စားခေါ်ဝေါ်ကြတဲ့ မိကျောင်းတွေဟာ ကြမ်းတမ်း ခက်ထန်တဲ့သားရဲတိရိစ္ဆာန်အုပ်စုဝင်တွေဖြစ်ပြီး ဘယ်သတ္တဝါကိုမဆို အချိန်မရွေး အသက်နဲ့ကိုယ် အိုးစားကွဲသွားစေနိုင်တဲ့ သူတွေဖြစ်ပါတယ်။
ဒါပေမဲ့ ပုံမှာမြင်တွေ့ရတဲ့ အတိုင်း alligator လို့သိကြတဲ့ မိကျောင်းခေါင်းတိုတစ်ကောင်ကတော့ ဝမ်းဘဲတွေရဲ့ လိုက်လံထိုးဆိတ်ခြင်းခံရလို့ ဂေါက်ကွင်းရဲ့ အကွာအဝေးတော်တော်များများထိ သေပြေးရှင်ပြေး ပြေး ခဲ့ရတာကို ဆန်းဆန်းပြားပြားတွေ့ခဲ့ရပါတယ်။ ဘယ်ကွန်ပျူတာအထူးပြုလုပ်ချက်တွေနဲ့မှ ပြင်ဆင်ထားခြင်းမရှိတဲ့ ဒီဇာတ်လမ်းဟာ အမှန်တကယ်ဖြစ်ခဲ့ပြီး Video မှတ်တမ်းနဲ့ပါ မှတ်တမ်းတင်ထားကို တွေ့နိုင်ပါတယ်။
ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာကတော့ ပြီးခဲ့တဲ့နှစ် အမေရိကန်ပြည်ထောင်စု၊ဖလော်ရီဒါပြည်နယ်က PGA National မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် Christie’s Critters Invitational on the Champion Course ဂေါက်ရိုက်ပြိုင်ပွဲမှာဖြစ်ပါတယ်။ အဲဒီမိကျောင်းခေါင်းတိုကို ဂေါက်ရိုက်ပြိုင်ပွဲဝင်တွေက စတင်တွေ့ရှိခဲ့ပြီး ပြိုင်ပွဲရဲ့ ဝေးရာ နေရာကို ရွေပြောင်းနေရာချထားခဲ့ပါတယ်။
ဖြစ်ချင်တော့မိကျောင်းကိုပြောင်းရွေနေရာချထားတဲ့နေရာမှာပဲ တောရိုင်းဝမ်းဘဲအုပ်စု ဟာရှိနေခဲ့ပါတယ်။ ဝမ်းဘဲတွေဟာမိကျောင်းကိုတွေ့တွေ့ချင်းပဲ အုပ်စုလိုက်တစ်ရှိန်ထိုး လိုက်လာပြီး ရန်ပြုဖို့ကြိုးစားခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ ဝမ်းဘဲတွေဟာ မိကျောင်းတွေ ကြိုက်နှစ်သက်တဲ့ သားကောင်တွေဖြစ်ပေမဲ့ အံ့သြသင့်စရာကောင်းလောက်အောင်ပဲ ဝမ်းဘဲ တွေရဲ့ အသံပေးရန်စမှုကို မိကျောင်းကပြန်လည်ခုခံဖို့မကြိုးစားပဲ အတင်းပြေးသွားခဲ့ပါတယ်။
မိကျောင်းက ရှေ့ကပြေး ဝမ်းဘဲတွေကနောက်ကလိုက်ရင်း နောက်ဆုံးမှာ မိကျောင်းဟာ နီးစပ်ရာရေကန်ကို ပြေးဆင်းသွားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဝမ်းဘဲအုပ်စုဟာ နောက်ကြောင်းပြန်လှည့်လာခဲ့ပြီး သူတို့ရဲ့အစာရှာပိုင်နက်နယ်ထဲကနေ မိကျောင်းကိုအောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ဂေါက်ရုံသုံးလေးဘီး ယာဉ်ငယ်တွေနဲ့သွားလာနေတဲ့ ဂေါက်ကွင်းဝန်ထမ်းတွေကိုယ်တိုင်မြင်တွေခဲ့ပြီး မှတ်တမ်းတင်Video တောင်ရိုက်ကူးနိုင်ခဲ့ပြီး လူမှုကွန်ယက်ကိုဖြန့်ဝေခဲ့ရာမှာတော့ လူသိန်းနဲ့ချီပြီး အကြိုက်တွေ့ခဲ့ရတဲ့ဖြစ်ရပ်ဆန်းအဖြစ် အမေရိကန်တလွှား နာမည်ကြီးသွားခဲ့ပါတယ်။
VIDEO
Discussion about this post