ဤနေ့သည်ကား ဆရာတော်၏ နောက်ဆုံးနေ့ဖြစ်၏။ ၁၃၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်လေးရက်၊ ဗုဒ္ဓဟူးနေ့။ ရှင်ပြုကထိန်ပွဲရှိ၍ မင်္ဂလာတိုက်၌ရဟန်းရှင်လူ အစည်ကားဆုံးနေ့ဖြစ်သည်။
ဆရာတော်ကား ယမန်နေ့၊ သီတင်းကျွတ်လပြည့်ကျော် သုံးရက်နေ့ကပင်ဤရှင်ပြုပွဲအတွက်ကြိုတင်ရေစက်ချပေးကာ တစ်နာရီခန့် တရားဟောခဲ့ပြီးဖြစ်သည်။ နံနက် ငါးနာရီတွင် ကျောင်းအမကလေး ဒေါ်တင်လှနှင့် ဒေါ်ကုမ္မာရီတို့ ကွေကာအုပ်ဖျော်၍ ဆရာတော်ကျောင်း သို့ဝင်လာကြသည်။ ” ဟဲ့ တင်လှ ၊ ငါ့ အိပ်ရာပြင်ခင်းထားချေစမ်း”ဟု အချိန်မဟုတ် မခိုင်းစဖူး ခိုင်း၍ ကျောင်းအမကလေးမှာ အံ့အားသင့်နေ၏ ။လူရှုပ် ပင်ပန်းလှသဖြင့် အနားယူချင်၍ဟုသာထင်သည် ။
” တင်လှ -နင်တို့ငယ်သေးတယ်။ ကမ်းမမြင်တဲ့ရေပြင်မှာလက်ပစ်ကူးနေကြရတယ်။ လောကဓံကို ခံနိုင်အောင်လုပ်။ ရေမျောရင်း ကမ်းစပ်ကသစ်ပင်ကို ကံအားလျော်စွာ တွေ့ရလို့ အားကိုးတစ်ကြီးဆွဲကိုင်မိပေမယ့် သစ်ပင်ကလည်း လှိုင်းဒဏ်ကြောင့် အမြစ်အုံပါကြွပြီးနေတဲ့ သစ်ပင်အိုကြီးဆိုတော့ နင်တို့အပေါ် ပိလာအုံးမှာပဲ “ဟု မိန့်တော်မူကာ ဒေါ်တင်လှ၏ ခင်ပွန်းအပါးတော်မြဲကျောင်းဒကာလေး ဦးကျော်သိန်းအားလွှတ်လိုက်ရန် မိန့်တော်မူ၏။
ကျောင်းဒကာလေးရောက်လာလျှင် -” အင်း -သုံးဖို့စားဖို့တော့လူတိုင်း ထိုက်တန်လောက် ရှိနေကြတာပဲ။ တော်လောက်ပြီ…မင်းတို့ စီးပွားရှာနေတာက ဖြုန်းဖို့ရှာနေကြတာ။ မင်းတို့ ပစ္စည်းဥစ္စာကို တွယ်တာမနေနဲ့ ဉာဏ်နဲ့စွန့်…လောကဓံလှိုင်းပိမယ်။ ငါမရှိလည်း ငါ့တရားခွေရှိတယ်။ ကြိုးစားနာရစ် ” ဟု မိန့်တော်မူရာ နားမရှင်းသော်လည်း ဘာမျှပြန်မလျှောက်ဝံ့။ ရုပ်လက္ခဏာနှင့် အသံသည် အရင်ကအတိုင်းပင်ရှိ၍ “မည်သို့” ဟုမထင်တတ်ရှိနေ၏။
သို့နှင့်ပြန်လာပြီး ( အမြဲဝတ်ပြုရသူ ရှေ့မီနောက်မီ ) ဦးသာဆိုင်အားအကျိုးအကြောင်းပြောပြရာ -” ဆရာတော် ရန်ကုန်ကြွမလို့ ဖြစ်မှာပေါ့ ” ဟု သာ မှတ်ချက်ပေးလေသည်။ ဆရာတော်ကား ရန်ကုန်ဌာနသို့ ကြွပေတော့မည်။ ဆရာတော်သည် ကွေကာအုပ်ဘုဉ်းပေးပြီး နောက် သင်္ကန်းလဲကာ ကထိန်ဆွမ်းကျွေး အတွက်ကြွသွားလေသည်။ မိုးကုတ်ဦးချစ်လှ၊ ဒေါ်သောင်းတို့က သားရှင်ပြုကထိန်ပွဲအတွက် နံနက် ၆ နာရီမှစ၍ မင်္ဂလာတိုက်တွင် သံဃာ အပါး နှစ်ရာအား ဆွမ်းကပ်ကြ၏။ ဆရာတော်ကား မဘုဉ်းပေး။ ဆရာတော်ကြီးများအပါးတွင် တရားအာရုံပြု၍ ထိုင်နေတော်မူသည်။
ဆရာတော်ကြီးများ လက်ဖက်ရည်အချိုပွဲမှ ထခါနီးတွင် မိုးကုတ်ဆရာတော်ဘုရားကြီးက ငယ်စဉ်မှအစ အစ်ကိုကြီးပမာ တစ်ဘဝလုံး ဆုံးမသွန်သင်ပေးခဲ့သော အောင်ခြင်းရှစ်ပါးဆရာတော်ကြီး ဦးနာဂဝံသ၏ ခြေဖမိုးကို နဖူးပြင်နှင့်တိုက်ပြီး ပျပျဝပ်ဝပ်ကန်တော့သည်။
နှုတ်မှလည်း -” အရှင်ဘုရားကို အခုလို ကန်တော့ခြင်းဟာ တပည့်တော်အတွက် နောက်ဆုံးဖြစ်ပါလိမ့်မည် ဘုရား ” ဟူ၍ လျှောက်ထားသေးသည်။ သံဃာများ ဆွမ်းဘောဇဉ် ဘုဉ်းပေးပြီးလျှင် ဆရာတော်ကိုယ်တိုင် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများကို လိုက်၍ ဆက်ကပ်၏။ ပြီးလျှင် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများ ပြန်ကြွမည်ဖြစ်ရာ ဆရာတော်သည် တိုက်ပေါ်မှ ဆင်းလျှက် တစ်ပါးပြီးတစ်ပါး လိုက်လံ၍ တွဲပို့ဝတ်ပြုကာ ကားများပေါ်သို့ အရောက် ရွှင်လန်းဝမ်းမြောက်စွာ အခေါက်ခေါက်သွားချေပြန်လှည့် နုတ်ဆက်တော်မူသည်။
အလှုပွဲပြီးလျှင် တပည့်ကြီး ဦးလှဘူးအား ခေါ်၍ ( ရှင်ပြုကထိန်ပွဲ ကျင်းပရာ မင်္ဂလာကျောင်းတိုက်ဘက်မှ ) ရိပ်သာဘက်သို့ ကူးလာ၏။ ” အင်း -ငါ့ခန္ဓာကိုယ်ကြီးကတော့ လေးလှပြီ ” ဟု မိန့်တော်မူရာ ဦးလှဘူူးမှ နားမလည်၍ အကျိုး အကြောင်းပြန်လျှောက်ရာ -” မင်းတယ်အ, တဲ့ကောင်ပဲ ” ဟုသာ ပြုံး၍မိန့်တော်မူ၏။
နောက် ဒေါ်တင်လှအား ကော်ဖီလာ၍ကပ် ရန် အမိန့်ရှိသဖြင့် ဒေါ်တင်လှရောက်လာ၏။ကော်ဖီဘုဉ်းပေးလျက် -” တင်လှ ခုရက်ပိုင်း နင်အိပ်မက်များ ထူးထူး ထွေထွေ မမက်ဘူးလား ” ဟု မေးတော်မူ၍ ” ရိပ်သာထဲမှ စေတီကြီးတစ်ဆူအနီး၌ ဆရာတော်တရားရှုမှတ်နေရာစေတီကြီးမှာ မီးခိုးအူ၍ ဖောင်းရစ်မှ တအိအိပြိုကျလာရာ ဆရာတော်အပေါ် ပိကျသော်လည်း ဆရာတော် မှာမည်သို့မျှ မဖြစ်ကြောင်း”လျှောက်ထားသည်။
” ဟ -နင့် အိပ်မက်က တယ်စင်းပါလား။ ပုဗ္ဗနိမိတ်ဆိုတာ ဒီလိုပဲ ဖြစ်ပေါ်စမြဲပဲ။ ငါ့လို ခံနိုင်ရည်ရှိအောင် တရားကို နာနာဖိ အားထုတ်ရစ်ကြ ” ဟု အမိန့်ရှိကာ – ” ခဏစောင့်အုံး ” ဟု မိန့်တော်မူ၍ အခန်းတွင်းသို့ ကြွ သွား၏။ ပြီးလျှင် သင်္ကန်းလဲကာစောစောကဝတ်ထားသော ဧကသီသင်းပိုင်နှင့်အံသကိဋ် နှစ်ထည်ကို ကိုင်၍ ထွက်လာသည်။ ” ရော့ – ဒီသင်္ကန်းတွေ နင့်ဇရပ်ယူသွား၊ သိမ်းထား၊ရေမလျှော်နဲ့ ” ဟု ပေးလိုက်တော်မူသည်။ ဒေါ်တင်လှခဗျာ စိတ်ဇဝေဇဝါဖြင့် ဘာမျှပြန်မလျှောက်ရဲပဲ သင်္ကန်းများကိုယူ၍မိမိဇရပ်သို့ ပြန်လာခဲ့ရရှာ၏။
ထိုနေ့ ၁၁ နာရီခွဲတွင် ကော်ဖီနှင့်စွပ်ပြုတ်ဘုဉ်းပေးတော်မူ၏။ ဆရာတော်ဘုရားကြီး သုံးပါးနှင့်အတူ ဘုဉ်းပေးပုံကို ဓါတ်ပုံအရိုက်ခံတော်မူသေးသည်။ ဆရာတော်သည် ဆုံးမစကားပြောဟောလျက်ပင် ရှိနေ၏။ ပြောဟောသောစကားများမှာ အံ့အားသင့်စရာချည့်ဖြစ်၍ ဆရာဝန်ပင့်ရန် ဒကာများက လျှောက်ရာ -” ကိစ္စမရှိပါဘူး။ မနေ့က ပန်ကာလေ မိသွားလို့ အခိုးနဲနဲငုတ်သွားတာပါ။ ဆရာဝန်ပင့်ချင်လျှင် တစ်ချက်ခွဲမှပင့် ” ဟု မိန့်တော်မူ၏။ ဆုံးမစကားကိုသာ တွင်တွင်ဟောတော်မူသည်။ ရုပ်လက္ခဏာတော်နှင့် အသံတော်ကား ပကတိအတိုင်းပင်။
” ခန္ဓာဝန်ကြီးကလည်း တယ်လေးတာပဲ။ ကဲ – ဦးသန်းမောင်၊ ဝမ်းချူပေးစမ်းပါအုံး ” ဟုဆိုကာ ကုဋီတိုက်တော်သို့ ကိုယ်တော်တိုင်ကြွတော်မူသည်။ ရဟန်းရှင်လူပရိသတ်ကား ဆရာတော်ကျောင်းပေါ်၌ အားလုံးစု၍ လာကြ၏။ ဒေါက်တာဆိုနီနှင့် ဆရာဝန်ကြီး ဦးစောမြအောင်တို့ရောက်လာကြသည်။ ” ကဲ – နောက်ထပ်ဆေးထိုးစရာရှိသေးရင်မြန်မြန်ထိုးကြ။ အချိန်မရှိဘူး။ မင်းတို့ဆေးလည်းဘာမှမတတ်နိုင်ဘူး ” ဟုပင် မိန့်တော်မူ၏။ နေ့တစ်နာရီ ထိုးပေပြီ။
မိုးကုတ်ဆရာတော်မြတ်ဘုရားကြီးက ဆရာဝန်ပင့်ချင်လျှင် တစ်ချက်ခွဲမှပင့် အမိန့်ရှိထားပါသည်။ တပည့် ဒကာ၊ ဒကာမများသည် တစ်နာရီမထိုးမီကပင် ဆရာဝန်များကို ရိပ်သာအရောက်ပင့်ကြပါသည်။ ထိုအခါ ဆေးအကုသခံပေးတော်မူရပါသည်။ အစစပြုစုပေးမှုလည်းခံပေးတော်မူရပါသည်။ တပည့် ဒကာ၊ ဒကာမတို့၏ ကုသိုလ်စေတနာကို ခွင့်ပြုတော်မူရပါသည်။
တစ်ချက်ခွဲမှ ဆရာဝန်ပင့်ချင်လျှင် ပင့် အမိန့်တော်ရှိသည်ကို တစ်ချက်မတိုင်မီကပင် ဤသို့ပြုစုကုသပေးကြသည်ကို ဗွေမယူသာပဲဝေနေယျ၏ အကျိုးအတွက် အလှူလက်ခံကုသိုလ်ပေးတော်မူရပါသည်။ မြတ်ဗုဒ္ဓသာသနာ တွင် ရဟန်းသံဃာမြတ်ဘုရားတို့ကို လူဒကာ၊ဒကာမများတို့က လယ်ယာမြေကောင်းသဖွယ် ထာဝစဉ်, စဉ်ဆက်, ဆက်လက်ခံယူသွားကြရ ရေးကို ဒိဋ္ဌာနူဂတိစံတော်ထားရသော ဘုရားသားတော်မြတ်ဘုရားကြီး မှန်တော်မူလှပါသည်။
အားငယ်သောမျက်နှာများဖြင့် ရဟန်းနှင့် ရှင်လူများ စိုးရိမ်တကြီး ဖူးမြော်နေကြစဉ် -” မောင်ချစ်ဆွေ -ဒီတစ်ခါတော့ မရတော့ဘူး။ ဟေ့ -တင်ငွေကြီး၊ ငါ့မျက်စိတွေ ပြာလာပြီ။ ကဲ -အားလုံး ဦးပဉ္စင်းများရော၊ ဒကာ ဒကာမတွေရော ခန္ဓာရှိသူတိုင်း ခံစားရမည့် ဝေဒနာကိုကျော်လွန်အောင် ရှုကြ။ မင်းတို့ ခန္ဓာဝန်ကြီးရဲ့ဒုက္ခကို လက်တွေ့ ဒီမှာ ကြည့်ထားကြ မမေ့မလျော့ နေရစ်ကြပေတော့ “ဟု ဆုံးမသြဝါဒပေးပြီး ၁၅ မိနစ်ခန့် ငြိမ်သက်အေးဆေးစွာ တရားနှလုံးသွင်း၍ နေတော်မူသည်။ တစ်နာရီနှင့် မိနစ် ၂၀ တွင် ခန္ဓာဇာတ်သိမ်း၍ ချုပ်ပြတ်ငြိမ်းတော်မူလေ၏။
ဓမ္မာစရိယဦးဌေးလှိုင်ရေး ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ် စာမျက်နှာ (၆၄၅) မှ ကူးယူသည်။ (အချို့စာသားများဖြည့်ရေးထားသည်)
စာပန်းအိမ် မိသားစု၊ မန္တလေးမြို့။
Discussion about this post