သူမ နာမည်က Maggie Doyne ၊ အမေရိကန်သူ ။ အသက် ၁၈နှစ်လောက်အထိ သူမရဲ့ဘဝက သာမန်အမေရိကန်လူငယ်တွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် အထက်တန်းကျောင်းအပြီး ကောလိပ်တက်ဖို့စောင့်ဆိုင်းနေစဉ် leapnow ဆိုတဲ့ပညာရေးအဖွဲ့ တစ်ဖွဲ့နဲ့ ခရီးထွက်ပြီးတဲ့နောက်မှာတော့ သူမရဲ့ဘဝဟာ ပြောင်းလဲသွားပါတော့တယ်။
ဘုန်းကြီးကျောင်းတွေမှာ အိပ်ပြီး နယ်မြေခံတွေရဲ့ လူနေမှုဘဝတွေအကြောင်းလေ့လာခဲ့တယ်။ ဖီဂျီက လှိုင်းကာနံရံတစ်ခုတည်ဆောက်ရာမှာ ကူညီပေးခဲ့ဖူးတယ်။ အဲဒီနောက်တော့ အချိန်တော်တော်များများကို အိန္ဒိယမြောက်ပိုင်းနယ်မြေမှာ အသုံးပြုခဲ့ပါတယ်။
အဲဒီနေရာက နီပေါက ဒုက္ခသည်တွေကို ပြုစုစောင့်ရှောက်ပေးတဲ့ စခန်းမှာ အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီစခန်းမှာ အလုပ်လုပ်နေရင်း နီပေါက မိဘတွေကို သွားရှာချင်နေတဲ့ မိဘမဲ့ ကလေးမလေး တစ်ယောက်နဲ့ ဆုံခဲ့တယ်။ ကလေးမလေးကို ကူညီဖို့အတွက် Maggie နီပေါကိုလိုက်သွားခဲ့တယ်။
အဲဒီအချိန်က နီပေါမှာ ပြည်တွင်းစစ်ပြီးစအချိန်ဖြစ်ပြီး အားလုံးပင်ပန်းဆင်းရဲစွာ ရုန်းကန်နေကြရတဲ့အချိန်ဖြစ်တယ်။ အဲဒီမှာ ၆နှစ် ၇နှစ် သာရှိသေးတဲ့ ကလေးငယ်လေးတွေဟာ ၁ဒေါ်လာ ၂ဒေါ်လာ ရဖို့အတွက် မိုးလင်းမိုးချုပ်ပင်ပင်ပန်းပန်း အလုပ်လုပ်နေတာ မြင်လိုက်ရတယ်။
သူမ ၄-၅ရက်လောက်စောင့်ကြည့်ပေမယ့် ကလေးငယ်တွေဟာ တစ်နေ့လုံး ၊ နေ့တိုင်းနေ့တိုင်း အဲဒီအလုပ်ကို ပဲလုပ်နေတာ တွေ့လိုက်ရတယ်။ မိဘနဲ့နေရမယ့်အရွယ် ၊ ကျောင်းနေရမယ့် အရွယ်လေးတွေဖြစ်ပေမယ့် ဝမ်းရေးအတွက် အခုလို အရွယ်နဲ့ မမျှအောင်နေနေရတဲ့အတွက် Maggie စိတ်အရမ်းထိခိုက်သွားတယ်။
သူမစာထဲလိုက်ရှာဖတ်ကြည့်တော့ ကမ္ဘာမှာ ကလေးငယ်ပေါင်း သန်း ၈၀ခန့်ဟာ ဒုက္ခရောက်နေကြတယ် ဆိုတာကိုသွားတွေ့တယ်။ လောလောဆယ်အနေအထားမှာတော့ သူမဟာ သန်း ၈၀ ကိုခဏမေ့ထားလိုက်ပြီး ကလေးငယ်တွေထဲက Hima ဆိုတဲ့ ၆နှစ်အရွယ်ကောင်လေးတစ်ယောက်ကျောင်းတက်နိုင်ဖို့ အစအဆုံး ကူညီပေးခဲ့တယ်။ ဒါပေမယ့် တစ်ယောက်တည်းကို ကူညီနိုင်လို့ သူမ အားမရဘူး၊ တခြားကလေးတွေကိုလည်း ကူညီချင်တဲ့။ ဒါကြောင့် သူမဆုံးဖြတ်ချက် တစ်ခုချလိုက်တယ် ၊ သူမဘဝလည်း လုံးဝပြောင်းလဲ သွားတော့တယ်။
သူမရဲ့ဆုံးဖြတ်ချက်က ဒီကလေးငယ်တွေကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင်စောင့်ရှောက်နိုင်မယ် ၊ ပညာတွေသင်ပေးနိုင်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် သူမ US ကိုမပြန်တော့သလို တက္ကသိုလ်လည်း ဆက်မတက်ဖြစ်တော့ပါဘူး။ အသက် ၁၈နှစ်အရွယ်မိန်းကလေးတစ်ယောက်က အိပ်မက်အကြီးကြီးကို အကောင်အထည်ဖော်ဖို့ စတင်ခဲ့တာပါ။
မိဘမဲ့ကလေးငယ်တွေကို ကယ်ဆယ်ဖို့အတွက် သူမ ပထမဆုံး လိုအပ်တာက မြေ နဲ့ အိမ်ပါ။ လိုက်ရှာတဲ့အခါမှာတော့ Surkhet ပြည်နယ်မှာ မြေကွက်တစ်ကွက်ကို သွားတွေ့တယ်။ ဝယ်ဖို့ပိုက်ဆံမရှိတဲ့ အတွက် သူမ မိဘတွေဆီကနေ ဒေါ်လာ ၅၀၀၀ လှမ်းတောင်းခဲ့တယ်။
ဒီဒေါ်လာ ၅၀၀၀ က သူမဟိုမှာနေတုန်းက အချိန်ပိုင်း ကလေးထိန်းအလုပ်လုပ်ရင်း စုထားတဲ့ငွေဖြစ်ပါတယ်။ မြေကွက်ကိုဝယ်ရင်းနဲ့ အိမ်ဆောက်နိုင်ဖို့ သူမ အဲဒီက အဖွဲ့အစည်းတစ်ခုမှာ ၂နှစ်လောက် အလုပ်လုပ်ခဲ့တယ်။ နယ်မြေခံ နဲ့ ကမ္ဘာက အလှူရှင်တွေ ဝိုင်းလှူကြလို့ ကလေးတွေအတွက် နေစရာတစ်ခုကိုဆောက်ပေးနိုင်ခဲ့တယ်။
သူမရဲ့ ဂေဟာကို Kopila လို့နာမည်ပေးလိုက်တယ်။ နီပေါလို ပန်းပွင့်ဖူးလေး ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၂၀၀၅ခုနှစ်မှာ ကလေးငယ်ပေါင်း ၄၅ယောက်ခန့်ကို စောင့်ရှောက်နိုင်ခဲ့တယ်။ ဒီအထဲမှာ ၈လကနေ ၁၆နှစ် ဝန်းကျင်အထိ မိဘမဲ့ကလေးတွေ ပါဝင်ပါတယ်။ သူမ အသက် ၂၃နှစ်မှာတော့ ကလေးငယ်ပေါင်း ၂၀၀ကျော်ကို စောင့်ရှောက်ပေးနိုင်ခဲ့တယ်။
နေစရာအိမ်ဆောက်ပေးပြီးတဲ့နောက် ကျောင်းဆောက်ဖို့ သူမထပ်ကြိုးစားပါတယ်။ အခြားစေတနာ့ဝန်ထမ်းတွေနဲ့ ကူညီတဲ့အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်လာကြတာကြောင့် ၂၀၀၇ ခုနှစ်မှာတော့ Kopila Valley ကျောင်းကို ဖွင့်လှစ်ပေးနိုင်ခဲ့တယ်။
ကျောင်းကို လိုအပ်တဲ့ဝန်ထမ်းတွေနဲ့ စနစ်တကျဖွင့်ပြီး နီပေါလူမျိုး ၅၀ခန့်ကိုလည်း အလုပ်ပေးနိုင်ခဲ့တယ်။ ဒီအထဲမှာ ဆရာဆရာမတွေ ၊ ကျောင်းအုပ်တွေ ၊ ကျန်းမာရေးဝန်ထမ်းတွေပါဝင်တယ်။ သူမရဲ့ကျောင်းက ကလေးငယ်တွေကို စာပေ တင်မက ၊ အနုပညာ ၊ ဂီတ နဲ့ အားကစားတွေကိုပါ သင်နိုင်အောင်ဖန်တီးပေးထားတယ်။
နီပေါ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးနဲ့ သင်ကြားပေးပြီး ကိုယ်တိုင်ဖန်တီးမှု နဲ့ စဉ်းစားတွေးခေါ်ခြင်းကို အဓိကဦးစားပေး သင်ကြားပေးခဲ့တယ်။ ၂၀၁၃ခုနှစ်မှာ သူမကျောင်းက ကလေးတွေကို နိုင်ငံရဲ့ ၈တန်းအဆင့် စာမေးပွဲမှာ စတင်ဝင်ရောက်ဖြေဆိုစေခဲ့တယ်။
ပထမဆုံးဖြေဆိုစေခဲ့ပေမယ့် သူမရဲ့ပညာရေးစနစ်ကြောင့် ရလဒ်တွေဟာ အံ့မခန်းထွက်ပေါ်လာခဲ့တယ်။ သူမကျောင်းက ဖြေဆိုသူတွေ အကုန်လုံးအောင်ရုံမက ..အားလုံးရဲ့ရမှတ်တွေဟာ တစ်နိုင်ငံက အတော်ဆုံးကျောင်းသား ၁၀% ထဲမှာ ပါဝင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တယ်။ သူမရဲ့ကျောင်းဟာလည်း အဲဒီပြည်နယ်မှာ ပထမချိတ်ခဲ့တယ်။
မိဘမဲ့ကလေးငယ်တွေကို ဦးစားပေးသင်တဲ့ကျောင်းဖြစ်ပေမယ့် တခြားတတ်နိုင်တဲ့သူတွေကပါ အဲဒီကျောင်းကိုလာအပ်ကြတယ်။ လျှောက်လွှာတွေထဲက အဆင်မပြေဆုံး သူတွေကိုပဲ လက်ခံခဲ့တယ်။ ကျောင်းသားတွေများလာတာနဲ့ အတူ ဆေးခန်းတစ်ခုကိုလည်း တွဲဖွင့်ပေးခဲ့တယ်။
ကလေးငယ်တွေအတွက် အထိုက်အလျှောက်အဆင်ပြေသွားတဲ့အခါ မိန်းကလေးငယ်တွေအတွက် သူမစဉ်းစားခဲ့ပြန်တယ်။ အခက်အခဲအမျိုးမျိုးကြောင့် ဒုက္ခရောက်လာတဲ့ မိန်းမငယ်လေးတွေအတွက် အစ်မကြီးရဲ့အိမ်(Big Sisters’ Home) ကို ဖွင့်လှစ်ပေးခဲ့သလို ၊ ဒေသခံမိန်းကလေးငယ်တိုင်း အလုပ်ရစေဖို့အတွက် စာပေ နဲ့ သက်မွေးဝမ်းကြောင်းအလုပ်တွေကိုပါ တွဲသင်ပေးတဲ့ Kopila Valley Women’s Center ကို ၂၀၁၃ခုနှစ်မှာ ဖန်တီးပေးနိုင်ခဲ့တယ်။
စတိုးဆိုင်တစ်ခုကိုပါဖွင့်လှစ်ပေးထားပြီး မိန်းကလေးငယ်တွေကို တစ်ဖက်တစ်လမ်းက ဝင်ငွေရစေခဲ့တယ်။ သူမရဲ့ကျောင်းနဲ့ ကမ္ဘာကိုချိတ်ဆက်ပေးနိုင်ဖို့အတွက် Blinknow ဖောင်ဒေးရှင်းကိုတည်း တည်ထောင်ထားခဲ့ပါတယ်။
အခုဆိုရင် သူမရဲ့ကျောင်းမှာ ကလေးငယ်ပေါင်း ၄၀၀နီးပါးကို လက်ခံပြီးပြုစုပျိုးထောင်ပေးထားနိုင်သလို သူမအသက်ကလည်း ၃၁နှစ်ဖြစ်သွားပါပြီ။ ဒါပေမယ့် သူမရဲ့အစီအစဉ်တွေက မရပ်သေးပါဘူး။ နိုင်ငံတဝှမ်းက လိုအပ်နေသေးတဲ့ ကလေးငယ်တွေကို ကူညီနိုင်ဖို့ ကျောင်းအသစ်တစ်ခု ထပ်တည်ထောင်နိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။
ဒီကျောင်းမှာတော့ အတန်း ၁၂တန်းအထိသင်ပေးနိုင်မှာဖြစ်ပြီး ကျောင်းသားပေါင်း ၅၀၀ခန့်ကို လက်ခံနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအားလုံး ကိုယ့်အလုပ်ကိုယ်ဖန်တီးကာ ဝင်ငွေရှာဖို့အတွက် ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံစိုက်ခင်းတစ်ခုပါ ပါရှိမှာဖြစ်ပါတယ်။
တနယ်ခြားက မိဘမဲ့ကလေးငယ်တွေအတွက် မိမိရဲ့ဘဝတစ်ခုလုံးကို စွန့်ပြီးကူညီပေးနိုင်တဲ့ သူမလို လူမျိုးကတော့ ရှာမှရှားလှပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့လှူမှုအဖွဲ့အစည်းအသီးသီးက သူမရဲ့စွမ်းဆောင်မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဂုဏ်ပြုစုပေါင်းများစွာကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ သူမဘာကြောင့် အခုလိုလုပ်နိုင်ခဲ့သလဲ ဆိုတဲ့မေးခွန်းအတွက် သူမက အောက်ပါအတိုင်းဖြေခဲ့ပါတယ်။
” ကျွန်မမြင်ချင်တဲ့ ကမ္ဘာကို ကျွန်မကိုယ်တိုင်ဖန်တီးလိုက်တာပါ။ ဒါကိုလုပ်ဖို့အတွက် ကျွန်မတို့မှာ မဖြစ်ဖြစ်အောင်လုပ်ချင်စိတ်တစ်ခုရှိဖို့လိုပါတယ်။ ကျွန်မဇာတိနဲ့ မိုင် ၈၀၀၀ အကွာအဝေးကိုလာပြီး အခုလိုလုပ်ဖို့ ကျွန်မလည်း အရင်က တစ်ခါမှ မတွေးမိပါဘူး။
ဒါပေမယ့် ကျွန်မ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ချမ်းသာချင်လား ၊ အောင်မြင်ချင်လား ၊ ကျော်ကြားချင်လား ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာချင်လား..အရာရာတိုင်းနီးပါးကို တကယ်လုပ်ချင်စိတ်သာရှိရင် မဖြစ်ဖြစ်အောင် ကျွန်မတို့လုပ်နိုင်ကြပါတယ်”
YOU CAN DO ANYTHING
သုတဇုန်
Discussion about this post