ရေးသားသူ – ကောင်းစည်သူ (သုတအလင်းမဂ္ဂဇင်း)
ဘူမိဗေဒပညာရှင်များက ကမ္ဘာမြေ၏ သက်တမ်းသည် နှစ်သန်းပေါင်း ၄၅၀၀ ခန့်ရှိကြောင်းတွက်ဆခဲ့ကြပြီး မြန်မာနိုင်ငံ၏ အနောက်ရိုးမ၊အလယ်ရိုးမနှင့် တနင်္သာရီရိုးမတို့သည် ပလိုင်စတိုဆင်းယုဂ်ဖြစ်သည့် လွန်ခဲ့သော နှစ် တစ်သန်းခန့် တွင် တည်ရှိနေ ခဲ့ပြီဟု ခန့်မှန်းခဲ့ကြသည်။ထိုအချိန်တွင် ဧရာဝတီ၊ချင်းတွင်း၊စစ်တောင်းနှင့် သံလွင်မြစ်တို့ စီးဆင်းနေပြီဖြစ်ကြောင်းအခြေပြ မြန်မာ့ နိုင်ငံရေးသမိုင်းစာအုပ်တွင် ဖတ်ရှုရပေသည်။
မြန်မာနိုင်ငံမိုးကောင်း၊ ညောင်ရွှေ၊ဟဲဟိုး၊ လားရှိုး၊မိုးကုတ်၊ ကျိုင်းတုံစသော နေရာဒေသများတွင် လွန်ခဲ့သော နှစ် ၁၀၀၀၀ ကျော်က အလွန်ကြီးမားသော အင်းအိုင်ကြီးများရှိခဲ့ကြောင်း၊ရှမ်းကုန်းပြင်မြင့်ရှိ ညောင်ရွှေ ချိုင့်ဝှမ်း တစ်ခုလုံးသည် အိုင်မကြီးဖြစ်ခဲ့ ကြောင်း ဘူမိဗေဒ ပညာရှင်များက ယူဆကြသည်။ ပထဝီဝင်အနေအထားကြောင့် အင်းတော်ကြီး၊အင်းလေးသည့် ရေအိုင်ကြီးများပေါ်ထွန်းလာခဲ့သကဲ့သို့ မြန်မာနိုင်ငံအတွင်း နေရာဒေသ အသီးသီး၌ ပြည်သူများတူးဖော်ခဲ့သည့် (သို့မဟုတ်) မြစ်ချောင်းများကို ဆည်ဖို့ခဲ့သည့်ရေကန်ကြီးများသည် ယနေ့ တိုင် တည်ရှိ နေသည်။
လူလုပ်ကန်များအနက် မိတ္ထီလာကန်သည် မြန်မာနိုင်ငံအလယ်ပိုင်းအတွက် အရေးပါသော ရေအရင်းအမြစ်နေရာတစ်ခု အဖြစ် ထင်ရှားခဲ့ပြီး မိတ္ထီလာအနီးဝန်းကျင်မှ နယ်သူနယ်သားများသည် မိတ္ထီလာကန်ရေကို စိုက်ပျိုးရေးလုပ်ငန်းတွင် ခေတ်အဆက် ဆက် အသုံးပြုခဲ့ကြသည်။ မိတ္ထီလာကန်သည် မြန်မာဘုရင်များလက်ထက်တွင်ပြည်သူများအားအထားရဆုံးရေကန်ကြီးဖြစ်ခဲ့သဖြင့် ကဝိလက္ခဏဒီပနီ ကျမ်းတွင် မင်းကြီးသီရိမဟာဇေယျသူ က “ရေမှာ စစ်ကိုင်း၊ လှိုင်းမှာ ပခန်းငယ် ၊လယ်မှာ တောင်တွင်း၊ စပါးမှာ ရမည်းသင်း၊ အင်းမှာ တောင်သမန် ၊ ကန်မှာ မိတ္ထီလာ” ဟု ဖွဲ့ဆိုခဲ့သည်။
မိတ္ထီလာကန်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့၏ အနောက်ဘက်တွင် တည်ရှိပြီး အလျား ခုနစ်မိုင် နှင့်အနံ လေး ဖာလုံ ရှိသည်။ မိတ္ထီလာ မြင်းခြံ မီးရထားလမ်းသည် မိတ္ထီလာကန်ကို အရှေ့မှအနောက်သို့ ဖြတ်သန်းနေသဖြင့် မိတ္ထီလာကန်သည် တောင်ကန် နှင့် မြောက်ကန်ဟု နှစ်ပိုင်းဖြစ်နေသည်။ သို့သော် ရေက တစ်ဆက်တည်း ဖြစ်ကာ မြောက်ကန်မှရေသည် တောင်ကန် အတွင်းသို့စီးဝင်လျက်ရှိသည်။ မိတ္ထီလာကန်ကို ဖြတ်ထားသည့် အလျားပေ ၂ဝဝ၊ အကျယ် ၂၅ ပေ နှစ်လမ်းသွား သံကူကွန်ကရစ် တံတားကို ယခုအခါတွင် အလျားပေ ၈၀၀ နှင့် ယာဉ်သွားလမ်း အကျယ် ၄၈ ပေ တိုးချဲ့ထားသည်။
သမိုင်းထဲမှ မိတ္ထီလာကန်
မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)တွင် “ မိတ္ထီလာကန်သည် ရှေးအခါက သျှိသျှားကန်ဟု တွင်ခဲ့သည်။ကန် တစ်ဝိုက်တွင်ပေါက် ရောက်သော သျှိသျှားပင်များကိုစွဲ၍ ခေါ်ခြင်းပင်ဖြစ်၏။ကာဠာဝကကန်၊ မင်္ဂလာကန်၊ မေတ္တာကန်ဟုလည်း တွင်ခဲ့သည်။ မိတ္ထီလာ ကန် ဟူ၍ ယခုအခါတွင်လျက်ရှိသော အမည်မှာ အနော်ရထာမင်း မှည့်ခေါ်ခဲ့သော အမည်ဖြစ်၏” ဟု ဖော်ပြထားသည်။ မိတ္ထီလာကန်ရေသည် ပုပ္ပားရေကျနှင့် ထိစပ်ခြင်းရှိ မရှိ အနော်ရထာမင်း အကြည့်ခိုင်းခဲ့သည့် မြင်းသည်တော်က ပုပ္ပား ရေကျနှင့် မထိလာကြောင်း “မထိလာပါ” ဟု လျှောက်တင်သည့် စကား မှ မိတ္ထီလာဖြစ်လာသည်ဟု အစဉ် အဆက်ပြောဆိုခဲ့ကြ သော်လည်း ယင်းအဆိုသည် မိတ္ထီလာဒေသ၏ မြေမျက်နှာသွင်ပြင်ကြောင့် မဖြစ်နိုင်ကြောင်း မိတ္ထီလာမြို့နယ် ဖြစ်စဉ်သမိုင်း မှတ်တမ်း စာအုပ်တွင် ရေးသားထားသည်။
ပုပ္ပားတောင်အနီးဝန်းကျင်တွင် ရှိသည့် ရေထွက် ၉၉ ခု မှ ရေများကို ဒေသခံများက စိုက်ပျိုးရေးလုပ်ငန်းများတွင် သုံးစွဲကြ သည်။ ပုပ္ပားတောင်စဉ် တောင်တန်းတစ်လျောက်မှ စီးဆင်းလာနေသည့် ရေလမ်းကြောင်းများကို ရေထွက်ဟု ခေါ်ဆို ကြရာယင်း ရေထွက်များမှ စီးဆင်းလာသည့် ရေများသည် မိတ္ထီလာကန်သို့စီးဝင်ခြင်းရှိမရှိ စုံစမ်းဟန်တူကြောင်း ယူဆနိုင်ပေသည်။
သျှိသျှားကန်ခေါ် မိတ္ထီလာကန်ကို ပုဂံဘုရင် နရပတိစည်သူလက်ထက်(ခရစ်နှစ် ၁၁၆၅-၁၂၁၁) တွင် ပထမဆုံးဆည်ဖို့ခဲ့ သည်ဟု ယူဆကြသည်။အထက်ဗမာပြည်နှင့် ရှမ်းပြည်နယ် ဂဇက်တီးယား (၁၉၀၁)တွင် မိတ္ထီလာကန်သည် သဘာ၀ ကန်မဟုတ်ဘဲ လူ လုပ်ကန်ဖြစ်ကြောင်းဟု ဖော်ပြထားသည်။မိတ္ထီလာကန်သို့ စီးဝင်သည့် ရှင်မငယ်ချောင်း၊ မုန်တိုင်ချောင်း၊ ရွှေစစ်သီချောင်းနှင့် ကန္နီ ချောင်းမှ ရေများကို ပိတ်ဆို့ထားခြင်းဖြစ်သည်ဟုဆိုလိုသည်။
မိတ္ထီလာကန်သည် ၁၈၃၉ ခုနှစ် မတ်လတွင် ငလျင်ဒဏ်ကြောင့် ကျိုးပေါက်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၁၈ ခုနှစ်၊ တန် ဆောင်မုန်း လဆန်း ၁ ရက် (ခရစ်နှစ် ၁၈၅၆ ခုနှစ်၊အောက်တိုဘာလ ၂၈ ရက်) တွင် မင်းတုန်းမင်း(ခရစ်နှစ် ၁၈၅၃-၁၈၇၈) က `မိတ္ထီလာကန် ကျိုးပေါက်သည်ကို ဆည်ဖို့ လုပ်ဆောင်ခိုင်း ကြောင်း`ကုန်းဘောင်ဆက် မြန်မာ့ရက်စွဲသမိုင်းတွင် မှတ်တမ်းပြု ထားသည်။
၁၈၅၇ ခုနှစ်၊ဖေဖော်ဝါရီလတွင် မိတ္ထီလာဆည်ဖို့ခြင်းကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သဖြင့် မင်းတုန်းမင်းက ဦးစီးဆောင် ရွက်ခဲ့သူ ငါးမြို့ဝန် ဝက်မစွပ်မင်းကို ရာထူးတိုးမြှင့်လျက် သတိုးမင်းကြီး မဟာအဘယဘွဲ့ချီးမြှင့်ခဲ့ပြီး မိတ္ထီလာကန် နှင့် ကန်အနီး ဝန်းကျင်ရှိ ရေနေကုန်းနေ သတ္တဝါများအား သတ်ဖြတ်ခြင်းမပြုရန် အမိန့်ချမှတ်ခဲ့သည်။ မင်းတုန်းမင်းနောက်ပိုင်း ကိုလိုနီခေတ်တိုင်အောင် မိတ္ထီလာကန်သည်ကျိုးပေါက်ခြင်းမရှိခဲ့ချေ။ ၁၉၃၅ ခုနှစ်တွင် မိတ္ထီလာ ကန်သို့ရေဝင်များခဲ့သဖြင့်ကန်ပေါက်ကျိုးကာ ကန်အောက်ကျေးရွာများ ရေမြုပ်ခဲ့သဖြင့် ရေကျော် ခုနစ်ပေါက် ရေလွှတ်ပြွန် တံခါး တပ်ဆင်ခဲ့သည်။ရွှေမြင်တင်စေတီတော်အောက်တွင် လေးပေ အကျယ်ရှိသည့် ရေပြွန်ကြီးကို မြှုပ်၍ရေလွှတ်တံခါးတစ်ခုတည် ဆောက်ခဲ့သည်။
စာဆိုငညိုနှင့် ထီလာကန်
အင်းဝဘုရင်မင်းကြီးစွာစော်ကဲလက်ထက်(ခရစ်နှစ်၁၃၆၁-၁၄၀၁) တွင် မိတ္ထီလာအနီး ဝန်ဇင်းရွာ၌ ငညိုဆိုသူတစ်ဦး ရှိခဲ့ သည်။ငညိုသည် မည်သည့် အလုပ်မှ တစ်စိုက်မတ်မတ် မလုပ်ဘဲ စာတိုပေစများကိုသာ ဖတ်နေသဖြင့် ရွာသားများကစာတိုငညိုဟု အမည်ပေးခဲ့သည်။ အရွယ်ရောက်ချိန်တွင် ဝန်ဇင်းရွာသူကြီး၏ သမီးနှင့် အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်ကျသည့်တိုင် အလုပ်ကို ဂရု တစိုက် မလုပ်သော ငညို့ကို ယောက္ခမ ဖြစ်သူက နွားတစ်ရှဉ်းနှင့် လယ်တစ်ကွက်ပေးကာ လုပ်ကိုင်စားသောက်စေခဲ့သည်။ ငညို သည် ယာထွန်ရင်း စာဖတ်ရင်း အချိန်ကုန်လွန်ခဲ့သည်။
မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ် (ခရစ်နှစ် ၁၃၆၈ ခုနှစ်) မင်းကြီးစွာစော်ကဲသည် မိတ္ထီလာကန်ကျိုးပေါက်သဖြင့် ဆည်ဖို့ရန် မိတ္ထီလာသို့ ရောက်ရှိလာခဲ့သည်။ မင်းကြီးသည် ကန်ပေါင်ရိုးပေါ်တွင်ရှိနေသည့် နတ်ရုပ်အကြောင်း ကို မေးမြန်းခဲ့ရာမင်းကြီးကျေနပ် အောင် မည်သူမျှ မဖြေဆိုနိုင်ကြသဖြင့် စာနှံ့စပ်သည့် စာတိုငညို ကို မေးလျှင် သိနိုင်ကြောင်း လျှောက်တင်ခဲ့ကြသည်။ မင်းကြီးက စာတိုငညို့ကို ရှေ့တော်သို့ ခေါ်ယူမေးမြန်းရန် ဆင့်ခေါ်ခဲ့ချိန်တွင် ယောက္ခမ နှင့် ဇနီးဖြစ်သူတို့က မင်းပြစ်မင်းဒဏ်သင့် သင့်မည်ကို စိုးရိမ်ခဲ့ကြသော်လည်း စာတိုငညိုက ဇနီးဖြစ်သူအား “ ငါတို့ကောင်းစားချိန်ရောက်ပြီ” ဟုပြောကာ သူ၏ နွားနှစ် ကောင်ကို ဦးချို တွင် သပြေ ပန်းများချည်နှောင်ပေးပြီး ဘေးမဲ့ လွှတ်ကာ မင်းကြီးထံ အခစားဝင်ခဲ့သည်။
စာတိုငညိုက မင်းကြီးစွာစော်ကဲအား မိတ္ထီလာ ကန်ပေါင်ပေါ်မှ အရုပ်သည် နတ်ရုပ် မဟုတ်ကြောင်း၊ ကွယ်လွန်ခဲ့သော မိဖုရားတစ်ပါး၏ ရွေရုပ်ထုကို ရုပ်အလောင်းနှင့် အတူ မြှုပ်နှံခဲ့ကြောင်း၊ အပေါ်တွင် နတ်ကွန်းပြုလုပ်၍ သစ်သားပန်းပုရုပ်ကို တင် ထားခြင်းဖြစ်ကြောင်း လျှောက်တင်ခဲ့သည်။မင်းကြီးက နတ်ကွန်းအောက်သို့ တူးဖော် စေခဲ့ရာ စာတိုငညို ပြောခဲ့သည့် အတိုင်း မိဖုရားရွှေရုပ်တု ကို တွေ့ရှိခဲ့သဖြင့် စာတိုငညို့ကို နန်းတော်သို့ခေါ်ယူကာ စည်းတပစ် ဟူသည့် ဘွဲ့အမည်ဖြင့် မင်းတိုင်ပင် ပညာရှိ အဖြစ်သူကောင်းပြုခဲ့သည်။စာတိုငညိုသည် ဇာတိမြေ ဝန်ဇင်းကို အစွဲပြု၍ ဝန်ဇင်း မင်းရာဇာဟု ထင်ပေါ်ခဲ့ပြီး မိမိဇာတိမြေတွင် ရွှေ စည်းခုံ ဘုရားကို တည်ထား ခဲ့သည်။
ယနေ့မိတ္ထီလာကန်
မိတ္ထီလာနယ်၏ မြေမျက်နှာပြင်သည် ကုန်းစောင်းတစ်ခုသဖွယ်တည်ရှိနေကာ မြို့၏ အရှေ့ဘက်ဒေသများသည် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၆၀၀ မြင့်၍ အနောက်ဘက်နယ်မြေများသည် ပေ ၁၂၀၀ အထက်တွင်ရှိနေသည်။ထို့ကြောင့်မြို့နယ်၏ မြေမျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှ ပေ ၇၅၀ မြင့်သည်။မြို့နယ်၏ မြေမျက်နှာပြင် အနေအထားကြောင့် မိုး များသော ကာလများတွင် မိုးရေများက မိတ္ထီလာကန်အတွင်းသို့ စီးဝင်လေ့ရှိသည်။မိတ္ထီလာ မြောက်ကန်သို့ အဓိကရေဝင်ချောင်း ဖြစ်သည့် မုန်တိုင်ချောင်းမှ ရေများစီးဝင်လျက်ရှိသည်။
မင်းကြီးစွာစော်ကဲ လက်ထက် ၁၃၆၈ ခုနှစ်တွင် မိတ္ထီလာကန် ကျိုးပေါက် ခဲ့သည်။မင်းကြီးစွာစော်ကဲ နောက်တွင် နန်း တက်ခဲ့ကြသော ဒုတိယမင်းခေါင် ခေါ်သီဟသူမင်း၊ ရွှေနန်းကြော့ရှင်၊ငါးဆူဒါယကာမင်း၊ သာလွန်မင်း၊ အလောင်းမင်းတရားကြီး စသည့် မင်းအဆက်ဆက်လက်ထက်တွင် မိတ္ထီလာကန်ကိုပြုပြင်မှုများမရှိခဲ့ဘဲ ဗဒုံမင်း(၁၇၈၂-၁၈၁၉) လက်ထက်တွင် မိတ္ထီလာကန် ကို စနစ်တကျ ပြုပြင်ခဲ့သည်။ဗဒုံမင်းသည် မိတ္ထီလာကန်ကို မပြုပြင်မီ မောင်းထောင်ဆရာတော် အရှင် ဉာဏဘိဝံသ ထံမှ အကြံ ဉာဏ် တောင်းခံခဲ့ရာ ဆရာတော်က ပြုပြင်သင့်ကြောင်းမေတ္တာစာ ပေးပို့ခဲ့သည်ဟု ဦးမောင်မောင်တင်၏ ကုန်းဘောင်ဆက် မဟာ ရာဇဝင် ကြီးတွင်ရေးသားထားသည်။
ဗဒုံမင်းသည် မိတ္ထီလာကန်ကိုပြုပြင်ပြီးနောက် ရွှေမြင်တင်ဘုရားနှင့်စည်းခုံတော်ကြီးဘုရားများအားပြုပြင်ခဲ့ပြီး ရွှေယင် မျှော် ဘုရားနှင့်ရွှေမြင်တင်ဘုရားများကို ရွှေထီးတော်အသစ်များတင်လှူခဲ့သည်ဟု ဆိုသည်။ တောင်ကန်ထိပ်တွင်လောကထိပ်ပန် စေတီ တော် နှင့် မြောက်ကန်ဘေးတွင် ရတနာသင်းကျစ်စေတီတော်များကို တည်ထားခဲ့သည်။ဗဒုံမင်းသည်မိတ္ထီလာကန်အား ထိန်းသိမ်း စောင့်ရှောက်စေပြီး ကန်ရေသောက်ရွာများထံမှ ရေပေးဝေရခြင်းအတွက် အခွန်တော်ငွေများကောက်ခံခဲ့သည်။
လက်ရှိအချိန်တွင် မိတ္ထီလာမြို့ပေါ်တွင် လူဦးရေ ၉၇၀၀၀ ကျော် နေထိုင်လျက်ရှိရာ မြို့နေ လူထု ၈၀ ရာခိုင်နှုန်းသည် မိတ္ထီလာကန်ရေကို သောက်ရေ သုံးရေအဖြစ် အသုံးပြုကြသည်။မိတ္ထီလာကန်၏ ရေပြည့် ရေလှောင် ပမာဏသည် ဧကပေ ၂၄၈၄၆ ရှိပြီး ကန်ရေ သောက် ဧရိယာသည် ၂၁၆၉၁ ဧက ဖြစ်သဖြင့် လူဦးရေ သုံးသိန်းနီး ပါးနေထိုင်လျက်ရှိသည့် မိတ္ထီလာ မြို့နယ် တွင် မိတ္ထီလာ ကန် ရေ ကို စိုက်ပျိုးရေ အဖြစ် သုံးစွဲကြသည်။
သက်တမ်းကြာရှည်လာသည်နှင့် အမျှ မိတ္ထီလာကန်သည် ၁၉၈၂ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်း ရေလှောင်တမံအမြင့်သည် ၇၂ ဒသမ ၉၀ ပေမှ ၄၆ ပေသို့လည်းကောင်း၊ရေပြင်ကျယ်ဧရိယာသည် ၃၁၆၆ ဧကမှ ၂၉၈၉ ဧကသို့ လည်းကောင်း၊ ရေသေ ရေ လှောင် ပမာဏသည် ၉၆၃၁ ဧက မှ ၇၆၃၇ ဧက သို့ လည်းကောင်း၊ရေပြည့်ရေလှောင်ပမာဏသည် ၂၆၄၃၄ ဧက မှ ၂၄၈၄၆ ဧက သို့ လည်းကောင်း၊ အသုံးပြုနိုင်သော ပမာဏသည် ၂၁၆၉၁ ဧက မှ ၁၇၂၀၉ ဧက သို့ လည်းကောင်း လျော့ နည်းကျဆင်းခဲ့သည်။
မိတ္ထီလာကန်အတွင်းသို့ နှစ်စဉ်နုံးများစီးဝင်သဖြင့် နုံးမြေများဝင် ရောက်မှုကြောင်း နောင် နှစ် ၄၀ တွင် မိတ္ထီလာကန်တိမ် ကော သွားနိုင်ကြောင်းပညာရှင်များ၏ တွက်ချက်မှုများအရ၁၉၆၃ ခုနှစ်တွင် မုန်တိုင်ဆည် ၊ရေစစ်ကန်ကို တည်ဆောက်ခဲ့သည်။ မုန်တိုင်ဆည်၏ အထက်တွင်လည်း ရှမ်းမငယ် နုန်းတညားဆည်ကို တည်ဆောက်ခဲ့သဖြင့် မိတ္ထီလာကန်အတွင်းနုံးများဝင်ရောက်မှု လျော့နည်းသွားခဲ့သည်။
ကန်သက်တမ်း နှစ်ပေါင်း ထောင်ကျော်ခဲ့ပြီဖြစ်သည့် မိတ္ထီလာကန်သည် မင်းတုန်းမင်းလက်ထက်တွင် (၁၇) ကြိမ်မြောက် ပြုပြင်ဆယ် ဖို့ခဲ့ပြီး နှစ် ၁၅၀ ကြာလာသည့် ယခုအချိန်တွင်သဲ နုန်းပို့ချမှု များလာခဲ့ပြီး တိမ်ကောလာခဲ့သည်။ ကန်တိမ်ကောလာ သည်နှင့် အမျှ ရေသိုလှောင် နိုင်မှု ပမာဏ လျော့နည်းလာပေသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတွင် မိတ္ထီလာ ကန် အတွင်းမှ သဲနုန်း ၉၇၂၅ ကုဗပေ ကိုတူးဖော်ခဲ့ပြီး မြောက်ကန်ဘောင်အလျားကို ၂၅၆၀၀ ပေ အထိလည်းကောင်း၊ကန်ပေါင်အမြင့် ကို ၄၈ ပေအထိလည်းကောင်း၊ကန်ပေါင်ထိပ်အကျယ်ကို ပေ ၁၀၀ အထိလည်းကောင်း၊ ကန်ရေအနက်ကို ရှစ်ပေအထိလည်းကောင်း ရေလှောင်ပမာဏကို ဧကပေ ၇၂၀၀ အထိလည်းကောင်း တိုးမြှင့် ပြုပြင် ခဲ့သည်။
သမိုင်းဝင် မိတ္ထီလာကန်ကြီး ရေရှည် တည်တံ့နေရန် ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြ သော ကြောင့် ဒေသနေပြည် သူများသည် မိတ္ထီလာကန်အပေါ် ပိုမို အမှီသဟဲ ပြု နိုင်ကြကာ မြန်မာ့ သမိုင်းစဉ်တစ်လျောက် ထင်ရှားခဲ့ သည့် သဘာ၀ အမွေအနှစ် တစ်ခုကို ယနေ့တိုင် ထိန်းသိမ်းထားနိုင်သည်ကို မြင်တွေ့နိုင်ကြပါပေသည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်းအတွဲ(၉)
ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး(ဦးမောင်မောင်တင်)
မိတ္ထီလာမြို့နယ် ဖြစ်စဉ်သမိုင်းမှတ်တမ်း(ဦးထွဏ်းလွင်)
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ်နိုဝင်ဘာလထုတ် သုတအလင်းမဂ္ဂဇင်းမှ
Discussion about this post