ရေးသားသူ – ရန်ရှင်းမင်း
သူ့မိသားစုဝင်တွေနဲ့ ယောဂီတွေကြားမှာတော့ သူ့ကို မာတာဂျီးလို့ခေါ်ဝေါ်ကြပါတယ်။ မာတာဂျီးဆိုတာ ရိုသေလေးစားအပ်သောမိခင်ကြီးဆိုတဲ့အဓိပ္ပာယ်ပါပဲ။ မာတာဂျီးက ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီး ဦးဂိုအင်ကာရဲ့ ဇနီးမျှသာမဟုတ်ဘဲ ဆရာကြီးရဲ့ဝိပဿနာတရားပြလုပ်ငန်းကြီးကို ဆရာကြီးနဲ့အတူဘဝတစ်သက်တာလုံးလက်တွဲပြီး ဆောင်ရွက်ခဲ့သူ၊ ဆရာကြီးရဲ့မဟာပါရမီဖြည့်ဖက်တစ်ဦးလည်း ဖြစ်ပါတယ်။
မာတာဂျီးဟာ မြန်မာနိုင်ငံမှာ ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီလမှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ဘိုးဘွားတွေဟာ အိန္ဒိယနိုင်ငံ ရာဂျစ်စတန်ဒေသကနေ မြန်မာပြည်ကိုလွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကတည်းက စတင်ရောက်ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံ မန္တလေးမြို့မှာ အသက် ၁၂ နှစ်အထိနေထိုင်ခဲ့ပြီး ဆရာကြီးဂိုအင်ကာမိသားစုနဲ့ အိမ်နီးနားချင်းတွေဖြစ်ခဲ့ပါတယ်။ ရိုးရာဓလေ့ထုံးစံအရ ဆရာကြီးဂိုအင်ကာနဲ့ ငယ်စဉ်ကတည်းကစေ့စပ်ထားခဲ့ကြပါတယ်။
၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်တွေဝင်လာတော့ အိန္ဒိယကို ဦးဂိုအင်ကာမိသားစုရော မာတာဂျီးရဲ့မိသားစုတွေပါ ထွက်ခွာခဲ့ကြပါတယ်။ နောက်တော့ ၁၉၄၂ ခုနှစ်မှာပဲ မာတာဂျီးနဲ့ ဆရာကြီးဦးဂိုအင်ကာတို့ မန္တလေးမှာ လက်ထပ်ခဲ့ကြပါတယ်။ စစ်အတွင်းမှာ အိန္ဒိယနိုင်ငံမှာပြန်လည်နေထိုင်ပြီး စစ်ပြီးတော့မြန်မာပြည်မှာပြန်လည်အခြေချနေထိုင်ခဲ့ပါတယ်။
ဆရာကြီးဦးဂိုအင်ကာဟာ ၁၉၅၅ ခုနှစ်မှာ ဆရာကြီးဦးဘခင်နဲ့တွေ့ဆုံပြီး သူ့ရဲ့ပထမဆုံးဝိပဿနာသင်တန်းကိုတက်ရောက်ခဲ့ပါတယ်။ ဆရာကြီးဦးဘခင်ရဲ့သင်တန်းကို မာတာဂျီးနဲ့ တခြားမိသားစုဝင်တွေ၊ သူငယ်ချင်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
၁၉၆၉ခုနှစ်မှာ ဆရာကြီးဦးဂိုအင်ကာဟာ အိန္ဒိယကိုပြန်သွားခဲ့ပေမယ့် မာတာဂျီးကတော့ မြန်မာပြည်မှာ ဆရာကြီးဦးဘခင်ကွယ်လွန်တဲ့ ၁၉၇၁ ခုနှစ်အထိနေထိုင်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း ဆရာကြီးဦးဂိုအင်ကာဟာ အိန္ဒိယ ဒီဂတ်ပူရီမြို့လေးပတ်ဝန်းကျင်မှာ ဓမ္မဂီရိဝိပဿနာရိပ်သာကြီးထူထောင်ဖွင့်လှစ်ကာ တရားပြချိန်ကစပြီး မာတာဂျီးဟာ ဆရာကြီးရဲ့ပါရမီဖြည့်ဖက်အဖြစ် လက်တွဲဆောင်ရွက်ခဲ့တာ ကွယ်လွန်ချိန်အထိဖြစ်ပါတယ်။
မာတာဂျီးနဲ့ပတ်သက်လို့ ကျေးဇူးရှင်ဆရာကြီးဦးဂိုအင်ကာရဲ့ ပြောကြားချက်တချို့ရှိပါတယ်။ ပထမအချက်က တရားပြဆရာကြီးအနေနဲ့ ဆရာကြီးရဲ့ဇနီးသည်နှင့် အတူတကွ တရားပြသတဲ့အပေါ်မှာ အမျိုးမျိုးသောပြောဆိုချက်တွေရှိခဲ့ပါတယ်။ ဆရာကြီးက “အဲဒီအချိန်ကအိန္ဒိယပြည်မှာ ဂုရုတွေအလွန်ပေါများပြီး တချို့ဂုရုကြီးတွေဟာ မိန်းမကိစ္စ၊ ငွေကြေးကိစ္စတွေနဲ့ နာမည်ပျက်ကြပါတယ်။ ဇနီးဖြစ်သူနှင့်အတူ တရားပြသခြင်းဖြင့် မိန်းမကိစ္စအကြောင်း ပြောစရာမလိုတော့ဘူးပေါ့”လို့ရှင်းပြခဲ့ဖူးပါတယ်။
အမှန်တကယ်လည်း ဆရာကြီးကိုအနှောင့်အယှက်ပြုရန်ကြိုးစားတဲ့ အန္တရာယ်များအကြောင်းကို “For the benefit of many” စာအုပ်မှာ ရေးသားခဲ့ဖူးပါတယ်။ ဥရောပနိုင်ငံတစ်ခုမှာ ကျင်းပတဲ့တရားဟောပြောပွဲတစ်ခုမှာ ဆရာကြီးနဲ့မာတာဂျီးတို့အတူ ယှဉ်တွဲထိုင်နေတာကို ပရိသတ်တစ်ဦးက မေးမြန်းခဲ့ပါတယ်။
ဆရာကြီးကရယ်ရယ်မောမောနဲ့ပဲ အခုလိုခင်ဗျားတို့ တရားပွဲတစ်လျှောက်လုံး အေးအေးချမ်းချမ်းနားထောင်နေနိုင်တာ သူမကြောင့်ပါပဲ။ ကျွနု်ပ်တရားဟောပြောနေစဉ်တစ်လျှောက်လုံးမှာ သူမဟာပရိသတ်တွေငြိမ်းချမ်းကြပါစေလို့ မေတ္တာပို့ပေးနေပါတယ်။ ဒါဟာ သူမက သူ့လုပ်ငန်းကိုလုပ်ဆောင်နေတာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ဂါရဲ့ ဇနီးဖြစ်သူ ဒေါ်လှအေးကြည် (ခေါ်) အီလာယာချီဒေဝီ(မာတာဂျီ)ဟာ (၅.၁.၁၆) အသက် ၈၇နှစ်အရွယ်မှာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ၆.၁.၁၆ မှာ မီးသြင်္ဂိဟ်ပြီး ၁၁.၁.၁၆ မှာ သားဖြစ်သူ ဗန္ဓူလဦးရွှေဟာ မြန်မာပြည်ကိုပြန်လည်သယ်ဆောင်လာပြီးတော့ ဇန်နဝါရီ(၁၁)ရက် ညနေပိုင်းက ရန်ကုန်မြို့Park Royal ဟိုတယ်မှာ အပူဇော်ခံခဲ့ပါတယ်။
၁၂.၁.၁၆ ရက်နေ့ မှတော့ာ ဆရာကြီးဦးဂိုအင်ကာရဲ့အရိုးပြာများမျှောချခဲ့ရာ မန္တလေးဆိပ်ကမ်းမှ ဧရာဝတီမြစ်ရိုးတစ်လျှောက် မာတာဂျီးရဲ့ အရိုပြာမျှောပွဲပြုလုပ်ခဲ့ပါတယ်။ မာတာဂျီးဟာဆရာကြီးဦးဂိုအင်ကာရဲ့ မဟာလူသားများသာစွမ်းဆောင်နိုင်တဲ့ ကမ္ဘာ့ သာသနာပြုလုပ်ငန်းကြီးအား မေတ္တာစွမ်းအား ကြီးမားလှစွာ ပါရမီဖြည့်ဖက်အဖြစ် အသက်ထက်ဆုံး တာဝန်ကျေသွားခဲ့သူလည်း ဖြစ်ပါတယ်။
ရန်ရှင်းမင်း
Content Translation Department
Discussion about this post