မာတင်လူသာ (Martin Luther)က ရောမကက်သလစ်ကျောင်းတော်ကို စတင် အာခံတဲ့အတွက် ပရိုတက်စတင့်တော်လှန်ရေး (Protestant Revolution) ပေါ်ပေါက်လာရပါတယ်။ သူ့ကို ဂျာမနီနိုင်ငံ အိုင်စဲဗဲန် (Eisleben) မြို့မှာ ၁၄၈၃ က မွေးဖွားခဲ့ပါတယ်။ တက္ကသိုလ်ပညာ ကောင်းကောင်းရခဲ့ပြီး ခေတ္တခဏလောက် (ဖခင်ရဲ့တိုက်တွန်းချက်ကြောင့်) ဥပဒေပညာ သင်ခဲ့ဖူးတယ်။
ဒါပေမဲ့ ဥပဒေပညာကို ကုန်အောင်မသင်ပဲ သြဂတ်စတိနိယန် (Augustinian) ရဟန်းဘောင်ကို ကူးပြောင်းဝင်ရောက်ခဲ့ပြီး ၁၅၁၂ မှာ ဂန္တန္ဓရပါရဂူဘွဲ့ (Doctor of Theology) ကို ဝတ်တင်ဘာ့ခ် (Wittenberg) တက္ကသိုလ်ကရခဲ့ပြီး မကြာမီ အဲဒီတက္ကသိုလ်ပညာအသိုင်းအဝိုင်း (faculty) ကို ရောက်သွားပါတယ်။ တဖြည်းဖြည်း ကျောင်းတော်အပေါ်မှာ မကျေနပ်ချက်တွေ ပွားများလာတယ်။
ရောမကို ၁၅၁၀ ပြည့်နှစ်မှာ ရောက်သွားတဲ့အခါ ရောမဘုန်းကြီး (Roman Clergy) တွေ လူဝတ်ကြောင်နဲ့မခြား ပေါ့ပျက်ဆိုးသွမ်းနေတာတွေ တွေ့ရှိတဲ့အခါ အင်မတန် တုန်လှုပ်ချောက်ခြားသွားတယ်။ ဒါပေမဲ့ ကျောင်းတော်လုပ်ပုံတွေကို စတင်ကန့်ကွက်ရမယ်လို့ နှိုးဆော်တဲ့အကြောင်းကတော့ ကျောင်းတော်က ခွင့်လွှတ်လွှာ (indulgence) တွေ ရောင်းတဲ့ကိစ္စဖြစ်ပါတယ်။ (ခွင့်လွှတ်လွှာဆိုတာက အပြစ်ရှိပေမယ့် ဒဏ်က ကင်းလွတ်စေသတည်းလို့ ကျောင်းတော်က ရွေးနုတ်ပေးတယ်။ ဒဏ်ကျရင်လည်း စတိလောက် အချိန်တိုတိုပဲခံရအောင် ပြောပေးမယ်ဆိုတဲ့သဘောဖြစ်တယ်။)
လူသာက ၃၁ အောက်တိုဘာ ၁၅၁၇ မှာ နာမည်ကျော်စွဲချက် ကိုးဆယ့်ငါးချက် (Ninety-five Theses) ရေးပြီး ဝတ်တင်ဘာ့ခ်ကျောင်းတော်တံခါးမှာ သွားပြီးချိတ်ဆွဲခဲ့တယ်။ ကျောင်းတော်ရဲ့သိမ်ဖျင်းယုတ်ညံ့တဲ့ အမူအကျင့်တွေကို အထွေထွေ စာရင်းလုပ်ပြီး အပြင်းအထန် ရှုတ်ချတဲ့အပြင် ခွင့်လွှတ်လွှာရောင်းချတာကို အတိအကျ ဖော်ထုတ်တိုက်ခိုက်ပါတယ်။ စွဲချက်ကိုးဆယ့်ငါးချက် မိတ္တူတစ်စောင်ရေးကူးပြီး မိန့်(Mainz) သာသနာပိုင်ချုပ်ဆီကိုပို့တယ်။ နောက် ဒီစွဲချက်တွေကို ပုံနှိပ်ပြီး နယ်တွင်းအနှံ့အပြား ပေးဝေပါသေးတယ်။
လူသာရဲ့ ကျောင်းတော်ကို ကန့်ကွက်ချက်ဟာ တဖြည်းဖြည်း ကြီးကျယ်လာပြီး ရဟန်းမင်းရဲ့ Pope သြဇာကိုမခံလို့ အတိအလင်းပြောတဲ့အထိ ဖြစ်လာပါတယ်။ ကျောင်းတော်ရဲ့ ကောင်စီချုပ် (General Church Council) တွေကိုပါ မလေးစားနိုင်တော့ပါ။ သမ္မာကျမ်းစာတစ်ခုတည်းကိုသာ ရှေ့ဆောင်လမ်းပြသုံးမယ်၊ ရိုးရိုးအတွေးနဲ့ ဟုတ်မဟုတ် ဆုံးဖြတ်မယ်လို့ ပြောတဲ့အထိ ဖြစ်လာတယ်။ ကျောင်းတော်က ဘယ်နည်းနဲ့မှ ဒါမျိုးကို ကျေကျေနပ်နပ် လက်သင့်ခံမှာမဟုတ်ပါ။
လူသာကို ကျောင်းတော်အရာရှိတွေက ရှေ့မှောက်ကိုလာရမယ်လို့ ဆင့်ခေါ်ပြီး အကြိမ်ကြိမ် စစ်ဆေးကြားနာပြီး အယူကိုစွန့်(recant) ဖို့ အမိန့်ချတယ်။ နောက်ဆုံး မိစ္ဆာဒိဋ္ဌိလို့ စွပ်စွဲပြီး ဝမ်းလွှတ်တော် (Diet of Worms) က ၁၅၂၁ မှာ ဥပဒေချိုးဖောက်သူ (Outlaw) လို့ ဆုံးဖြတ်ပြီး သူရေးသမျှကို ဖျက်ဆီးရမယ်လို့ ကြေညာပါတယ်။ ဒီလိုအရေးယူခံရပြီဆိုရင် လူသာကို ကားစင်တင်ပြီး မီးလောင်တိုက်သွင်းဖို့ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ဂျာမန်လူမျိုးအများကြီးက သူ့ကိုထောက်ခံတယ်။ နယ်ရှင်ပယ်ရှင် တန်ခိုးကြီးမင်းသားကြီးတချို့လည်း သူ့ဘက်သားတွေဖြစ်နေတယ်။
လူသာဟာ တစ်နှစ်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်။ သူ့ကို ဂျာမနီမှာ အားပေးသူများလို့ ကြီးကျယ်တဲ့အပြစ်ဒဏ် မပေးရဲပါ။ လူသာကလည်း စာရေးတဲ့နေရာမှာ သိပ်သွက်တယ်။ သူရေးသမျှဟာ လူအများလိုက်နာအောင် ဆွဲဆောင်နိုင်တယ်။ သြဇာရှိတယ်။ သူရေးတဲ့ကျမ်းတွေထဲမှာ အရေးအပါဆုံးကတော့ သမ္မာကျမ်းကို ဂျာမန်ဘာသာပြန်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီကျမ်းကြောင့် စာတတ်သူတိုင်း ကျမ်းစာတွေကို ကျောင်းတော်(Church) နဲ့ ဘုန်းကြီး (Priests) မပါဘဲ ဖတ်နိုင်ပါတယ်။ လူသာရဲ့ဘာသာပြန်ဟာ ဂျာမန်ဘာသာစကားနဲ့စာပေကို အများကြီးကျေးဇူးပြုနိုင်တဲ့ ကျမ်းဖြစ်လာပါတယ်။
လူသာရဲ့ကျမ်းဂန်အယူအဆကို အခုလို အတိုကလေးရှင်းရုံနဲ့ ဘယ်လိုမှ နားမလည်နိုင်ပါ။ သူ့သော့ချက်ကတော့ ‘ယုံကြည်ချက်တစ်ခုတည်းနဲ့ အရာရာကို ကောင်းလှပြီလို့ မဆုံးဖြတ်သင့်’ ဆိုတဲ့အချက် ဖြစ်ပါတယ်။ အဲဒီတွေးတောချက်ကို လူသာက စိန့်ပေါလ်ရေးတဲ့စာတွေထဲမှာ တွေ့ရှိတယ်။ ဒါကို ဆုပ်ကိုင်ထားတယ်။ လူသာက လူ့သဘာဝဟာ ပင်ကိုကပဲ အပြစ်နဲ့ညစ်နွမ်းနေလို့ ကောင်းတဲ့အလုပ်တစ်ခုတည်းနဲ့ ငရဲမှ ကင်းလွတ်တော့လို့ မကယ်နိုင်။ လွတ်မြောက်ခြင်း (Salvation)ကို ယုံကြည်မှုက ရမယ်။ ထာဝရဘုရား (God selling indulgences) သာလျှင် ကယ်တင်နိုင်တယ်။
ဒီလိုဆိုရင် ကျောင်းတော်က ကင်းလွတ်ခွင့် ရောင်းနေဖို့မသင့်၊ အကျိုးမရှိ။ အမှန်ကိုပြောရင် ခရစ်သာသနာဝင်တစ်ဦးနဲ့ ထာဝရဘုရားကြားမှာ ကျောင်းတော်ဟာ မရှိမဖြစ်၊ ကြားကနေရမယ်လို့ အစဉ်အလာယူဆတာဟာ မှားတယ်။ လူသာရဲ့အယူကိုလိုက်ရင် ရောမကက်သလစ်ကျောင်းတော်ရဲ့ ဖြစ်ပျက်ခြင်း မူလအကြောင်းအရာ (raison detre) ဟာ တစ်ခါတည်း တစ်ချက်တည်း ပျက်စီးတိမ်ကောသွားမယ်။ ကျောင်းတော်မရှိလျှင် ဖြစ်တယ်လို့ပြောတဲ့အပြင် ကျောင်းတော်ရဲ့ ယုံကြည်ဆောင်ရွက်ချက်များစွာကို အတိအကျဖော်ပြပြီး ဆက်လက်မလုပ်သင့်ကြောင်း ပြောဆိုတယ်။
ဥပမာ – အပြစ်ကစင်ကြယ်သွားအောင် ပြုပြင်ပေးတဲ့နေရာရယ်လို့ နေရာသီးခြားရှိ။ ဘုန်းကြီး (ကလာဂျီ clergy) တွေ အိမ်ထောင်မပြုရလို့ တားဆီးတာတွေကို မပြုရလို့ ပြောပါတယ်။ သူကိုယ်တိုင်လည်း အရင်က သီလရှင်နန်း (nun) လူထွက်တစ်ယောက်ကို လက်ထပ်ပြီး ကလေးခြောက်ယောက်ရပါတယ်။ လူသာဟာ သူ့ဇာတိမြို့ဖြစ်တဲ့ အိုင်စဲဗဲန်မှာပဲ ၁၅၄၆ မှာ ကွယ်လွန်သွားပါတယ်။
မာတင်လူသာဟာ အမှန်ကတော့ ပေါ်ပေါက်လာတဲ့ကန့်ကွက်သူ (protestant) အမည်ခံ တွေးခေါ်ပညာရှင်တစ်ယောက် မဟုတ်ပါ။ သူ့ထက်နှစ်တစ်ရာစောပြီး ကျောင်းတော်ကိုဝေဖန်သူ ယန်ဟာ့စ် (Jan Hus) ဟာ ဘိုးဟေးမီးယား (Bohemia) မှာ ပေါ်ခဲ့တယ်။ တစ်ဆယ့်လေးရာစုနှစ်တုန်းက အင်္ဂလန်မှာ ပညာရှင် ဂျွန်ဝိကလစ် (John Wycliffe) ဟာ ကျောင်းတော်ကို ဝေဖန်ဖူးတယ်။ တစ်ဆယ့်နှစ်ရာစုနှစ်က ပြင်သစ်အမျိုးသား ပီတာဝါလ်ဒို (Peter Waldo) ကို အစောဆုံးကန့်ကွက်သူလို့ အမှန်တကယ်ခေါ်ရမှာပါ။
ဒါပေမယ့် အဲဒီလို ရှေးကပြောဆိုလှုပ်ရှားခဲ့တာတွေက မကျယ်ပြန့်၊ ဒေသအလိုက် ကွက်ကွက်ကလေးပဲ ရှိခဲ့တယ်။ ၁၅၁၇ ရောက်တဲ့အခါမှာတော့ ကက်သလစ်ကျောင်းတော်ကို မကျေနပ်သူတွေက နေရာအနှံ့ဆိုသလို အများအပြားရှိနေပြီဖြစ်လို့ လူသာပြောလိုက်တဲ့စကားတွေက သံကြိုးကွင်းဆက်လို အနှံ့အပြား အကွာအဝေး မီးထတောက်ပောင် မီးတို့ပေးသလိုဖြစ်ပြီး ဥရောပအနှံ့ ပျံ့သွားပါတယ်။ ဒါကြောင့် လူသာကိုပဲ ပြုပြင်ရေးကိုအစပြုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ခေါ်သင့်ခေါ်ထိုက်ပါတယ်။
ပြုပြင်ရေး (Reformation) ရဲ့အဆက်၊ အထင်ရှားဆုံးဖြစ်ရပ်ကတော့ ကန့်ကွက်ဂိုဏ်း (Protestant Sect) တွေ အများကြီးပေါ်ပေါက်လာပါတယ်။ အမှန်တကယ်က ကန့်ကွက်ဝါဒ (Protestantism) ဟာ ပင်မဖြစ်တဲ့ ခရစ်ဝါဒရဲ့ အကိုင်းအခက်တစ်ခု ဖြစ်တယ်။ ဒါပေမယ့် အကိုင်းအခက်တွေ အင်မတန်များတယ်လို့ မပြောနိုင်ပါ။ ဒါပေမယ့် အခြားအယူဝါဒအများစုထက် ပိုပြီးများပါတယ်။ ပြုပြင်ရေးရဲ့ ဒုတိယအရေးပါတဲ့အကျိုးသက်က ဥရောပမှာ သာသနာရေးစစ်ပွဲတွေ အနှံ့အပြား ပေါ်ပေါက်ခဲ့ပါတယ်။ (နမူနာပြောရရင် ၁၆၁၈က ၁၆၄၈ ထိ ဂျာမနီမှာ ပေါ်ပေါက်ခဲ့တဲ့) နှစ်သုံးဆယ်စစ် (Thirty Years War) ဟာ အင်မတန်ရိုင်းစိုင်းရက်စက်တဲ့ သတ်ဖြတ်ပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
တကယ်တိုက်ခိုက်တဲ့ စစ်တွေအပြင် ကက်သလစ်နဲ့ ပရိုတက်စတင့်နိုင်ငံရေးမှာ ပြိုင်ဆိုင်ကြတာတွေပဲ ဥရောပမှာ နောက်ထပ် နှစ်ပေါင်းရာနဲ့ချီပြီး အချိန်အကြာကြီး ဖြစ်ပွားနေပါတယ်။ ပြုပြင်ရေးဟာ အနောက်ဥရောပမှာ ဉာဏ်ပညာ ထွန်းကားလာခြင်းကို ပေါ်ပေါက်စေတဲ့ အကြောင်းအချက်ထဲမှာ အရေးပါပြီး ထက်မြက်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ရောမကက်သလစ်ကျောင်းတော်အမည်နဲ့ ၁၅၁၇ မတိုင်မီက အများအသိမှတ်ပြုပြီး ခိုင်ခန့်တည်မြဲတဲ့ ကျောင်းတော်ဆိုလို့ ဒီတစ်ခုပဲရှိပြီး အဲဒီကျောင်းတော်ကဖဲ့ထွက်သူပေါ်ကို မိစ္ဆာဒိဋ္ဌိ (heretics) လို့ သတ်မှတ်လိုက်တယ်။
ဒီအခြေအနေအတိုင်းဆိုရင် လွတ်လပ်စွာတွေးခေါ်လို့မဖြစ်၊ ဒါမျိုးကို အားမပေး အခွင့်မပြုဆိုသလို အဟန့်အတားဖြစ်နေတယ်။ ပြုပြင်ရေးပြီးချိန်ကစပြီး နိုင်ငံပေါင်းများစွာမှာပဲ ယုံကြည်မှုမှာ လွတ်လပ်စွာ တွေးခေါ်ရမယ်ဆိုတဲ့ အခြေခံသဘောကို လက်ခံလာကြပြီး တခြားအကြောင်းအရာတွေမှာပဲ အနှောင့်အယှက်မရှိ၊ အန္တရာယ်ကင်းတယ်လို့ တွေးခေါ်လာကြတယ်။ သတိပြုသင့်တဲ့ တခြားအကြောင်းအချက်တစ်ခု ရှိပါသေးတယ်။ ဒီကျော်စွာတစ်ရာစာရင်းမှာ အများစုက ဂရိတ်ဗြိတိန်ကပုဂ္ဂိုလ်တွေဖြစ်ပြီး ဂျာမနီက ဒုတိယလိုက်ပါတယ်။
အဲဒါအပြင် ဒီစာရင်းပါလူတွေအများစုက မြောက်ဥရောပနဲ့ အမေရိကမှာ ရှိတဲ့ပရိုတက်စတင့်နိုင်ငံတွေက လူတွေပဲများနေတယ်။ အဲဒါအပြင် ဂုတန်ဗတ် နဲ့ ရှားလမိန်တို့နှစ်ဦးပဲ ၁၅၁၇ မတိုင်မီကပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။အဲဒီတော့ ထင်ရှားလာတဲ့အချက်က ပရိုတက်စတင့်ဝါဒခေါ်တဲ့ ပြုပြင်ရေးဟာ အရင်အနှစ် ၄၅၀ အတွင်းက အင်မတန်ထင်ရှားတဲ့လူတွေ အများကြီးပေါ်လာအောင် စေ့ဆော်ပေးခဲ့တယ်လို့ တစ်နည်းတစ်လမ်း ပြောရမလိုဖြစ်နေပါတယ်။ ဒီဒေသတွေမှာ ဉာဏ်ကို လွတ်လပ်ကျယ်ပြန့်စွာ တွေးနိုင်ခွင့်ရှိလို့ဆိုတဲ့ အချက်ဟာ အင်မတန် အရေးပါတဲ့ အခြင်းအရာတစ်ခု ဖြစ်လာပါတယ်။
လူသာကို အပြစ်ကင်းစင်သူလို့ မပြောနိုင်ပါ။ သူကိုယ်တိုင်က သာသနာရေးမှာ အရာရောက်သူ၊ အာဏာပိုင်တွေကို တော်လှန်ပုန်ကန်ခဲ့ပေမယ့် သာသနာရေးဆွေးနွေးရာမှာ သူနဲ့သဘောမတူတဲ့လူတွေကို နည်းနည်းမှ သည်းခံပြောဆိုလေ့ မရှိသူဖြစ်ပါတယ်။ သူ့ရဲ့ သည်မခံစိတ်ကိုအတုယူပြီး ဂျာမနီမှာ သာသနာရေးစစ်တိုက်ကြတဲ့အခါ သိပ်ပြင်းထန်ရက်စက်ကြတယ်လို့ပြောရင် ဖြစ်နိုင်တယ်။ ဘာပြုလို့လဲဆိုတော့ အင်္ဂလန်လိုနေရာမှာတော့ ဂျာမနီမှာလောက် ပြင်းထန်ရက်စက်ခြင်း မရှိပါ။
ပြီးတော့ လူသာဟာ ဆိမိတစ်ဆန့်ကျင်ရေး (Anti-Semitic) မှာလည်း ပြင်းထန်ရက်စက်တယ်။ အဲဗဒါကြောင့် နောင်အခါ နှစ်ဆယ်ရာစုနှစ်အတွင်း ဂျာမနီမှာ ဟစ်တလာခေတ်အတွက် လမ်းခင်းပေးသလို ရှိမယ်လို့လည်း တွေးထင်နိုင်ပါတယ်။ လူသာဟာ မကြာခဏ တရားရုံးတော်ရဲ့အာဏာကို လေးစားဖို့လိုကြောင်း အလေးအနက်ပြောလေ့ရှိတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ကျောင်းတော် (Church) က အစိုးရအုပ်ချုပ်ရေအာဏာကို လွှမ်းမိုးချယ်လှယ်ခဲ့တာကို ဦးတည် တိုက်ခိုက်လိုတဲ့အတွက် ဖြစ်ဟန်တူပါတယ်။
ပြုပြင်ရေး (reformation) ဟာ ဓမ္မသဘော ငြင်းခုံတာသက်သက် မဟုတ်ဘူး။ ဂျာမနီအမျိုးသားသူပုန်တွေ ရောမလွှမ်းမိုးနေတာကို တိုက်ဖျက်တဲ့ပွဲလို့လည်း ယူဆရမှာဖြစ်တယ်။ အဲဒါကြောင့် လူသာကို ဂျာမနီက မင်းသားတွေ ကူညီရိုင်းပင်းကြတာဖြစ်တယ်။ လူသာရဲ့ မူလရည်ရွယ်ချက်ကို ထောက်ထားနေစရာမလိုဘဲ သူပြောသမျှဟာ ဂျာမနီပရိုတက်စတင့်တွေကို နိုင်ငံရေးရာမှာ အာဏာရှင်စနစ် (absolution) ကို လက်ခံကျင့်သုံးပါလို့ ပြောသလို ဖြစ်နေပါတယ်။ တစ်နည်းပြောတော့ လူသာရေးသားခဲ့တာတွေဟာ ဟစ်တလာခေတ်ကို လမ်းခင်းပေးသလို ဖြစ်လာပါတယ်။
တချို့လူတွေက မာတင်လူသာကို ဘာပြုလို့ကျော်စွာစာရင်းမှာ ခုထက်မြင့်တဲ့နေရာကို မပေးသလဲလို့ မေးကောင်းမေးမယ်။ ဘာပြုလို့လဲဆိုရင် ပထမအချက်က လူသာဟာ ဥရောပတိုက်သား၊ အမေရိကတိုက်သားတွေအဖို့ သိပ်အရေးပါတာမှန်ပေမယ့် အာရှတိုက်သား၊ အာဖရိကတိုက်သားတွေအဖို့ နှိုင်းယှဉ်ပြောရင် သူတို့အထဲမှာ ခရစ်ယာန်သာသနာဝင် နည်းတဲ့အတွက် သိပ်ပြီးအရေးမပါဘူး။ တရုတ်၊ ဂျပန် တို့မှာဆိုရင် ကက်သလစ်ဖြစ်ဖြစ်၊ ပရိုတက်စတင့်ဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး မတူကွဲပြားခြားနားတယ်လို့ မသိဘူး။ (ဥရောပတိုက်သားတွေက အစ္စလာမ်ရဲ့ စွန်နီ (Sunni) နဲ့ ရှီအိုက် (Shiite) ခြားနားချက်ကို မသိကြသလိုရှိမှာပါပဲ။ )
ဒုတိယအချက်က လူသာဟာ သမိုင်းစံနှုန်းအရ ပေါ်လာတာ မကြာသေးပါ။ ဒါကြောင့် လူ့သမိုင်းမှာ သူ့အရှိန်သြဇာဟာ မိုဟာမက်၊ ဗုဒ္ဓ၊ မိုးဇက်တို့လောက် မရှိနိုင်ပါ။ အဲဒါအပြင် အရင်ရာစုနှစ်တချို့မှာ အနောက်နိုင်ငံတွေမှာ ကိုးကွယ်ယုံကြည်မှုဘက်က အင်အားဆွဲဆောင်မှုကျဆင်းပြီး၊ လူမှုရေးကိစ္စတွေမှာ ယုံကြည်မှုကို အရင်အနှစ်တစ်ထောင်မှာထိ ပါထားခဲ့တာမျိုး နောက်နှစ်တစ်ထောင်မှာ မထားကြတော့ပါ။ ကိုးကွယ်ယုံကြည်မှု ဆက်လက်ပြီး ယုတ်လျော့နေရာ၊ လူသာကို အခုခေတ်သမိုင်းဆရာတွေက အလေးဂရုထားတာထက်၊ နောက်တစ်ခေတ် သမိုင်းဆရာတွေက လေးစားမှုဆက်ပြီး ပိုပြီးနည်းသွားမှာဖြစ်ပါတယ်။
နောက်ဆုံးပြောရမယ့်ချက်က တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်ရာစုနှစ်တွေက ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ငြင်းခုံကြတာနဲ့ ခေတ်အပြိုင်လူတွေအပေါ်မှာ ရေရှည်အကျိုးပြုတဲ့သိပ္ပံပညာ စတင်ထွန်းကားနေပြီဖြစ်လို့ ခေတ်ပြိုင်လူသာ (Luther) နဲ့ ကော်ပါးနိကပ်စ် ယှဉ်တဲ့အခါ လူသာဟာ တစ်ဦးချင်းအနေနဲ့ ပရိုတက်စတင့် ပြုပြင်ရေးမှာ တွင်ကျယ်ခဲ့ပေမယ့် သိပ္ပံတော်လှန်ရေးမှာ ကော်ပါးနိကပ်စ်က ပိုပြီးတွင်ကျယ်လို့ စာရင်းထဲမှာ ရှေ့ကို ရောက်သွားရပါတယ်။
ဒေါက်တာသန်းထွန်း
ကျော်စွာ ၁၀၀
ကို Kyaw Min Htwe မှ
Discussion about this post