ရေးသားသူ – မေပိုးဝါ
အမေရိကန်နီဂရိုးလောကတွင် အထူးထင်ရှားသည့် မဂ္ဂဇင်းတစ်ခုရှိသည်။ မဂ္ဂဇင်းအမည်က Ebony။ အက်ဗနီဆိုသည်မှာ မြန်မာပြည်မှ ရင်းတိုက်သားလို မဟူရာရောင်တောက်သော သစ်သားတစ်မျိုးဖြစ်သည်။ နီဂရိုးအသားမည်းများကို တင်စားခေါ်ဝေါ်ထားခြင်းဖြစ်သည်။
၁၉၄၅ ခုနှစ်က စတင်ထုတ်ဝေသည့် မဟူရာသည် စောင်ရေ တစ်သန်းအထက်တွင် လည်ပတ်လျက်ရှိနေပြီး ယနေ့ထိ ကမ္ဘာတွင် အကြီးကျယ်ဆုံး လူမည်းရေးရာမဂ္ဂဇင်းတစ်ခုဖြစ်နေသည်။ မဟူရာသည် အမေရိကန်နီဂရိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးလှုံ့ဆော်သည့် မဂ္ဂဇင်းတစ်ခုဖြစ်ရာ ၎င်း၌အမေရိကန်နီဂရိုးများထဲမှ ထူးချွန်အောင်မြင်ပုံ ဇာတ်လမ်းများအကြောင်းကို အမြဲအသားပေးဖော်ပြလေ့ရှိသည်။ မဟူရာမဂ္ဂဇင်းကို စတင်တည်ထောင်ခဲ့သူမှာ ဂျွန်ဟရိုးလ်ဂျွန်ဆင်(John Harold Johnson) ဖြစ်သည်။
ဂျွန်ဆင်သည် ဆင်းရဲသားလူမည်းကလေးဘဝမှ သူကြွယ်ဘဝသို့ရောက်ရှိခဲ့ရုံမက အမေရိကန်လူမည်းများထဲတွင် သြဇာအကြီးမားဆုံးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ ဂျွန်ဆင်ကို အမေရိကန်နိုင်ငံ အာကင်ဆောပြည်နယ်၊ အာကင်ဆောစီးတီးမြို့ကလေးမှာ မွေးသည်။ မြို့က လူဖြူလူမည်းခွဲခြားသောမြို့ဖြစ်ရာ လူမည်းတစ်ဦးအတွက် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းအလွန်နည်းပါးခဲ့သည်။ သူ့ဖခင်သည် ဂျွန်ဆင်အသက်ခြောက်နှစ်သားအရွယ်တွင် ကွယ်လွန်ရာ မိခင်၏အထောက်အပံ့ဖြင့်သာ ကြီးပြင်းရသည်။ သူ့မိခင်သည် ကိုယ်တိုင်အတန်းပညာ သုံးတန်းလောက်အထိသာတတ်ပြီး သားကလေး ပညာတတ်ရေးကိုကား အလေးထားတတ်ခဲ့သည်။
အာကင်ဆောစီးတီးတွင် နီဂရိုးလေးများအတွက် အလယ်တန်းကျောင်းအဆင့်သာ အမြင့်ဆုံးရှိရာ ဂျွန်ဆင်အသက် ဆယ့်လေးနှစ်ရှိသည့်အခါ မိခင်က သူကျောင်းဆက်တက်နိုင်ရန်အတွက် ချီကာဂိုမြို့သို့ ပြောင်းရွှေ့လာခဲ့သည်။ ချီကာဂိုတွင် ဆင်းရဲပင်ပန်းစွာ ရုန်းကန်လှုပ်ရှားရင်း ဂျွန်ဆင်ကျောင်းတက်ရသည်။ လူမည်းကလေးများအတွက် ဖွင့်လှစ်ထားသော အထက်တန်းကျောင်းတစ်ခု။ ကျောင်းတွင် ဂျွန်ဆင်က ပေါင်းသင်းဆက်ဆံရေးကောင်းသူ လူတော်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရသည်။ နောက်ဆုံးနှစ်တွင် သူက ကျောင်းကောင်စီဥက္ကဋ္ဌဖြစ်သည်။ ကျောင်းသတင်းစာနှင့် နေ့စဉ်မှတ်တမ်းစာအုပ်အတွက် အယ်ဒီတာလည်းဖြစ်သည်။
ကျောင်းထွက်လတ်မှတ်ရ စာမေးပွဲအောင်မြင်ပြီးနောက် ထူးချွန်သူများဂုဏ်ပြုပွဲတွင် သူလည်းဂုဏ်ပြုခံကျောင်းသားတစ်ယောက်အဖြစ် တက်ရောက်ခွင့်ရသည်။ ဂုဏ်ပြုပွဲတွင် ဂျွန်ဆင်စကားပြောဆိုခွင့်ရရှိရာ လူငယ်များ၏စိတ်ဓာတ်ရေးရာနှင့်ပတ်သက်သည့် သူ၏ပြောဆိုချက်ကို ဂုဏ်ထူးဆောင်ဧည့်သည်တော်ကြီးတစ်ဦးဖြစ်သူ စူပရင်းအသက်အာမခံကုမ္ပဏီသူဌေးဟယ်ရီပေ့စ်က သဘောကျသွားသည်။ သို့နှင့် ဂျွန်ဆင်အား ကျောင်းစရိတ်ရအောင် သူ၏ကုမ္ပဏီမှာ အချိန်ပိုင်းအလုပ်လုပ်ရင်း ချီကာဂိုတက္ကသိုလ်သို့ တက်ရောက်နိုင်ရန် အကူအညီပေးသည်။
စူပရင်းတွင် ဂျွန်ဆင်ဆောင်ရွက်ပေးရသည့် အလုပ်တာဝန်မှာ နေ့စဉ်သတင်းစာများနှင့် မဂ္ဂဇင်းများတွင်ပါဝင်သည့် နီဂရိုးရေးရာသတင်းများ၊ ဆွေးနွေးဝေဖန်ချက်များကို ရှာဖွေစုဆောင်းပြီး ကုမ္ပဏီဥက္ကဋ္ဌ ဟယ်ရီပေ့စ် ဖတ်ရန်အတွက် အနှစ်ချုပ်ထုတ်ပေးရခြင်းဖြစ်သည်။ သည်အလုပ်ကိုလုပ်ရင်းက သူစိတ်ကူးတစ်ခုရလေသည်။ လူမည်းများအတွက် စိတ်ဝင်စားဖွယ်ရာဆောင်းပါးများကို စုစည်းကာ အနေတော်စီတည်းဖြတ်လျက် Negro Digest အမည်ဖြင့် မဂ္ဂဇင်းတစ်ခုထုတ်ဝေရလျှင် လူမည်းစာဖတ်ပရိသတ်ထုအတွက် လိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းပေးနိုင်မည်ဟူသော စိတ်ကူးဖြစ်သည်။
သည်စိတ်ကူးကို နီးစပ်သည့်သူငယ်ချင်းများအား ပြောပြသည့်အခါ မည်သူကမျှလက်မခံကြ။ လူမည်းပရိသတ်ကို အဓိကဦးတည်ရည်ရွယ်၍ ထုတ်ဝေသည့်စာစောင်တွေ ထွက်ခဲ့ဖူးပေါင်း များလှပြီ။ မည်သူမျှ မအောင်မြင်ခဲ့ဖူးဘူးဟုဆိုကြသည်။ သူများတွေငြင်းပယ်ကြသော်လည်း ဂျွန်ဆင်က အားလျှော့မသွား။ ဘယ်သူမှမပူးပေါင်းလျှင် သူတစ်ယောက်တည်းလုပ်မည်ဟု ဆုံးဖြတ်သည်။ သူ့မှာအားကိုးစရာ အမေတစ်ယောက်တော့ရှိသေးသည်။ အမေ့ကိုတိုင်ပင်တော့ အမေက သူ့ချွေးနည်းစာကလေးဖြင့် ဝယ်ယူစုဆောင်းလာခဲ့သည့် အိမ်ထောင်ပရိဘောဂပစ္စည်းများကို ပေါင်နှံပေးသည်။ အမေ့ထံမှရသည့် ဒေါ်လာ ၅၀၀ က စာအုပ်ထုတ်လောက်သည့် ငွေမဟုတ်။ သို့သော် စိတ်ကူးရှိသည်။
ထိုငွေ ၅၀၀ ကိုအသုံးပြုကာ သူက သူ့မဂ္ဂဇင်းကို လစဉ်ပုံမှန်ယူရန်အလားအလာရှိသည့်သူများထံ စာရေးဆက်သွယ်သည်။ မဂ္ဂဇင်းနှင့်ပတ်သက်သည့် အကြောင်းအချက်များကို စိတ်ဝင်စားဖွယ်ဖြစ်အောင်ဖော်ပြကာ ပုံမှန်ဝယ်ယူသူများအား အထူးလျော့ဈေး နှစ်ဒေါ်လာဖြင့် ပေးမည်ဖြစ်ကြောင်း တင်ပြစည်းရုံးသည်။ စာပေါင်း ၂၀၀၀၀ ပေးပို့သည့်အနက် လူ ၃၀၀၀ ထံမှ ပြန်လည်ဆက်သွယ်ခဲ့ရာ ၎င်းတို့ထံမှရသည့် ဒေါ်လာ ၆၀၀၀ ကို ငွေရင်းပြု၍ နီဂရိုးဒိုင်ဂျက်စ်ကို သူထုတ်ဝေနိုင်ခဲ့သည်။
စာအုပ်ပုံနှိပ်ပြီးနောက် ဖြန့်ချိရန်အတွက် ဖြန့်ချိရေးကုမ္ပဏီကြီးတစ်ခုထံ အပ်နှံသည့်အခါ ကုမ္ပဏီကလက်မခံ။ ခင်ဗျားစာအုပ်က ရောင်းရမှာမဟုတ်ဘူးဟုငြင်းသည်။ သည်အခါ ဂျွန်ဆင်က သူ့သူငယ်ချင်းများကို အကူအညီတောင်းကာ ချီကာဂိုအနှံ့အပြားရှိစာအုပ်ဆိုင်များတွင် နီဂရိုးဒိုင်ဂျက်စ်ထွက်ပြီလားဟု မေးခိုင်းသည်။ သည်နောက်တွင် ပုံနှိပ်သမားအားပေးရမည့်ငွေကို ခေတ္တဆိုင်းထားကာ ၎င်းငွေဖြင့် သူငယ်ချင်းများအား ဒိုင်ဂျက်စ်များ လှည့်ဝယ်စေသည်။ စာအုပ်ကို ကောင်းအောင်ကြိုးစားကာ ဖြန့်ချိရေးဘက်တွင်လည်း ဖိဖိစီးစီးလုပ်လိုက်သည့်အခါ စောင်ရေတက်လာသည်။ တစ်နှစ်အတွင်းမှာပင် နီဂရိုးဒိုင်ဂျက်စ်သည် စောင်ရေ ၅၀၀၀၀ အထိ တက်လာသည်။
နီဂရိုးဒိုင်ဂျက်စ်သည် ဂျွန်ဆင်အတွက် အောင်မြင်မှု၏အစ (သို့မဟုတ်) စိတ်ကူးယဉ်အိပ်မက် တကယ်လက်တွေ့ဖြစ်လာမှု၏အစသာဖြစ်သည်။ နီဂရိုးဒိုင်ဂျက်စ်အောင်မြင်ပြီး များမကြာမီ သူက life မဂ္ဂဇင်းကဲ့သို့ ဓာတ်ပုံတွေ ဝေဝေဆာဆာနှင့် ဖော်ပြသည့် ရုပ်စုံမဂ္ဂဇင်းကြီးတစ်စောင် ထုတ်ဝေရန် စီစဉ်သည်။ ၎င်းက Ebony။ ထုတ်ဝေရေးအလုပ်တွေ ပိလာတော့မည်ဖြစ်ရာ ဂျွန်ဆင်သည် ချီကာဂိုတက္ကသိုလ်ကျောင်းသားဘဝမှ နုတ်ထွက်လိုက်ပြီး အနောက်မြောက်ပိုင်း တက္ကသိုလ်တွင် ညနေသင်တန်းပြောင်းတက်သည်။
သူ၏မဟူရာရုပ်စုံမဂ္ဂဇင်းသစ်မှာ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလတွင်စ၍ထွက်လာသည်။ နီဂရိုးမိသားစုတို့၏ဘဝ၊ နီဂရိုးယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများနှင့် နီဂရိုးထဲမှ ထူးချွန်အောင်မြင်သူတို့အကြောင်းကို စိတ်ဝင်စားအားတက်ဖွယ် စီစဉ်တင်ပြထားသည့် မဟူရာမဂ္ဂဇင်းသည် နေ့ချင်းညချင်းပင် ကျော်ကြားအောင်မြင်ကာ စောင်ရေတွေတစ်ရှိန်ထိုးတက်သွားခဲ့သည်။ သည့်နောက်တွင်ကား ရုပ်ရှင်၊ သဘင်၊ ဂီတဆိုင်ရာနှင့် ယင်းလောကမှ ထူးချွန်သူလူမည်းများအကြောင်း ဖော်ပြသည့် Tan (နောင်တွင် Black Star) စာစောင်၊ နီဂရိုးအပတ်စဉ် သတင်းစာစောင် Jet နှင့် ကလေးများအတွက် အထူးစီစဉ်သည့် ကလေးမဟူရာ (Ebony Jr) တို့ကိုပါ ဆက်တိုက်အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့သည်။
စိတ်ကူးယဉ်အိပ်မက်ကို ရဲရဲဝံ့ဝံ့အကောင်အထည်ဖော်ခဲ့သော လူမည်းမုဆိုးမသားကလေး ဂျွန်ဆင်သည် လူမည်း သန်းကြွယ်သူဋ္ဌေကြီးဖြစ်လာသည်။ လူမည်းလောကတွင် လူလာဖြစ်ရသည့်ကံဆိုးမှုကို လူမည်းမို့လို့သည်အလုပ်တွေကို အောင်အောင်မြင်မြင်လုပ်နိုင်ခြင်းဖြစ်သည်ဟူသော ကံကောင်းမှုအဖြစ်သို့ သူပြောင်းလဲနိုင်ခဲ့သည်။ မဂ္ဂဇင်းစာစောင်များသာမက စာအုပ်စာတမ်းများပါထုတ်ဝေလျက်ရှိသည့် သူပိုင် ဂျွန်ဆင်ထုတ်ဝေရေးကုမ္ပဏီသည် နီဂရိုးထုတ်ဝေရေးကုမ္ပဏီလောကတွင် အကြီးဆုံးဖြစ်လာခဲ့သည်။
အလုပ်သမား ၃၀၀ ကျော်ရှိသည့် သူ့ကုမ္ပဏီတွင် ဂျွန်ဆင်သည် အလုပ်အကြိုးစားဆုံးပုဂ္ဂိုလ်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသည်။ နေ့စဉ်အယ်ဒီတာအဖွဲ့အစည်းအဝေးများကို မပျက်မကွက်တက်ကာ ညရှစ်နာရီ အိမ်သို့ပြန်သည့်အခါမှာပင် စာရွက်စာတမ်းတွေ အိတ်နှင့်အပြည့်အသိပ် ထည့်ယူသွားပြီး အိမ်မှာဆက်လုပ်တတ်သူဖြစ်သည်။
“ခင်ဗျား အပန်းဖြေခရီးလေးဘာလေးမထွက်ဘူးလား” မေးလာသူများအား ဂျွန်ဆင်က “အပန်းဖြေခရီးထွက်တယ်ဆိုတာ ပျော်ပျော်ပါးပါးကိုယ်လုပ်ချင်တာတွေလုပ်ဖို့ သွားတာမဟုတ်လား၊ ကျုပ်အခု လုပ်နေတာတွေကလည်း ကျုပ်လုပ်ချင်တာတွေချည်းဆိုတော့ အမြဲတမ်းအပန်းဖြေခရီးထွက်နေတာနဲ့အတူတူပါပဲဗျာ”ဟူ၍ဖြေလေ့ရှိသည်။
သူ့ကိုအားကျကာသူ့နည်းတူကြီးပွားအောင်မြင်ရန် နည်းလမ်းတောင်းခံလာသည့် လူငယ်လူရွယ်များအားလည်း စေသနာကောင်းထားကာ ကျိုးကြောင်းသင့်မြတ်သည့် အကြံဉာဏ်များအမြဲပေးလေ့ရှိသည်။ လက်ထဲတွင် ငွေရင်းမည်မည်ရရမရှိသေးဘဲ တစ်နေ့ကျလျှင် အမြို့မြို့အနယ်နယ်မှာ မိမိနာမည်နှင့် ကုန်တိုက်ကြီးတွေဖြစ်လာစေရမည်ဟု စိတ်ကူးယဉ်အိပ်မက်မက်နေသူ နီဂရိုးလူငယ်တစ်ဦးအား “မင်းလောလောဆယ် ကုန်စုံဆိုင်တစ်ခု စဖွင့်ကြည့်သင့်တယ်”ဟု အကြံပေးသည်။
လုပ်ငန်းကြီးတစ်ခု အောင်မြင်ရန်အတွက် လုပ်ငန်းအတွေ့အကြုံနှင့် လုပ်ငန်းဆိုင်ရာယုံကြည်မှုရှိရန်လိုအပ်ကြောင်း၊ လုပ်ငန်းတစ်ခုအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ရာမှ ရရှိလာသည့်အတွေ့အကြုံများ၊ မိမိကိုယ်ကို ယုံကြည်မှုများဖြင့်သာ ပို၍ကြီးမားသောလုပ်ငန်းများသို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်ကြောင်း သူရှင်းပြလေ့ရှိသည်။
ဂျွန်ဆင်သည် ၂၀၀၅ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သော်လည်း သူစတင်ထုတ်ဝေခဲ့သော Ebony မဂ္ဂဇင်းသည် Ebony Media Corporation ထုတ်ဝေရေး၏လက်အောက်ဝယ် နာမည်အကြီးဆုံး မဂ္ဂဇင်းတစောင်အဖြစ် ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။ ဂျွန်ဆင်ကား စိတ်ကူးယဉ်သူဖြစ်သည်။ သို့သော် သူသည် လေထဲဆောက်သည့်ရဲတိုက်ကို အုတ်မြစ်ခိုင်ခိုင်ချကာ တစ်ထစ်ပြီးတစ်ထစ် စနစ်တကျတည်ဆောက်သွားခဲ့သည့် လက်တွေ့ကျသော စိတ်ကူးယဉ်သမားကောင်းတစ်ဦးဖြစ်ချေသည်။
မေပိုးဝါ
Content Translation Department
Discussion about this post