ငှက် ဆိုတာနဲ့ အကြမ်းဖျင်းအားဖြင့် ပျံသန်းနိုင်တယ်လို့ ဆိုပေမယ့် မပျံသန်းနိုင်တဲ့ငှက်တွေလည်း ရှိနေတယ်ဆိုတာကို အားလုံးသိပြီးဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ မပျံသန်းနိုင်တဲ့ ငှက်မျိုးစိတ်ပေါင်း ၆၀ ခန့်ရှိပါတယ်။ ဒီတစ်ခါတော့ အဲဒီငှက်တွေထဲက မပျံသန်းနိုင်တဲ့ ငှက် ၁၀ မျိုး အကြောင်းကို ဗဟုသုတ အနေနဲ့ မျှဝေသွားပါမယ်။
၁၀။ ငှက်ကုလားအုတ်
ကမ္ဘာပေါ်မှာ အကြီးဆုံးငှက်ဖြစ်တဲ့ ငှက်ကုလားအုတ်တွေဟာ မပျံနိုင်ပေမယ့် အလွန်လျှင်မြန်စွာ ပြေးနိုင်တဲ့ငှက်တွေဖြစ်ပါတယ်။ သူတို့ရဲ့ သိပ္ပံနာမည်က Struthioniformes ဖြစ်ပါတယ်။ အာဖရိကတွင် အများဆုံးနေထိုင်တဲ့ငှက်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အရွယ်အစားနဲ့ မလိုက်အောင် အလွန်သေးငယ်တဲ့တောင်ပံများရှိခြင်းကြောင့် မပျံနိုင်ရခြင်းဖြစ်ပါတယ်။ တောင်ပံနှင့် အမြီးဟူ၍ မည်မည်ရရ မရှိတဲ့အပြင် ကျောကုန်းကလည်း မို့မောက်နေပြီး ရှည်လျား၍ ကောက်နေသော လည်တံသည်လည်း အထက်သို့ ထိုး ထွက်နေလေ့ရှိပါတယ်။ ငှက်ကုလားအုပ်တွေရဲ့အမြင့်ဟာ ခြေဖျားမှ ဦးစွန်းတိုင်အောင် ၇ ပေမှ ၈ ပေ အထိ ရှိ၍ ကိုယ်အလေးချိန်မှာ ပေါင် ၁၅ဝ မှ ပေါင် ၃ဝဝ အထိ ရှိပါတယ်။ သူတို့ဟာ တစ်နာရီကို ၄၅မိုင် အမြန်နှုန်းနဲ့ ပြေးနိုင်ကြပါတယ်။
၉။ Cassowary
ဒီငှက်ရဲ့အမည်ကတော့ Cassowary လို့ခေါ်ပါတယ်။ ငှက်ကုလားအုပ် နဲ့ ကြက်ဆင်တို့ပေါင်းစပ်ရာကနေ ဖြစ်လာတဲ့ငှက်လို့ ဆိုပါတယ်။ ငှက်တွေထဲမှာ ဒုတိယအကြီးဆုံး မျိုးနွယ်ငှက်ဖြစ်ပြီး မပျံနိုင်တဲ့ငှက်လည်းဖြစ်ပါတယ်။ အရပ်အမြင့် ၆ပေခွဲ နဲ့ ကိုယ်အလေးချိန် ၆၀ကီလိုဂရမ်ခန့် ရှိတတ်ပါတယ်။ မပျံနိုင်ပေမယ့် အမြင့် ၇ပေနီးပါးခုန်နိုင်သလို တစ်နာရီကို ၃၁မိုင်နှုန်းနဲ့ ပြေးနိုင်ပါတယ်။ သူတို့ရဲ့ အန္တရာယ်အပေးနိုင်ဆုံးလက်နက်က ၁၂စင်တီမီတာရှည်လျားတဲ့ အလယ်လက်သည်းပဲဖြစ်ပါတယ်။ သူတို့ဟာ သူတို့ကို ရန်စခြိမ်းခြောက်ခြင်းမလုပ်ရင်တော့ အန္တရာယ်ပေးလေ့မရှိပါဘူး။ သူတို့အနားကိုတိုးကပ်လာလို့ မသင်္ကာရင်တော့ ခုခံတဲ့အနေနဲ့ရန်လုပ်လေ့ရှိပါတယ်။ ရှားပါးငှက်မျိုးဖြစ်ပြီး သြစေတြေးလျှ အရှေ့မြောက်ပိုင်း နဲ့ နယူးဂီနီအာကျွန်းက မိုးသစ်တောတွေမှာ တွေ့ရလေ့ရှိပါတယ်။ သူတို့ရဲ့သက်တမ်းကတော့ ၃၀ ကနေ ၅၀နှစ်ဝန်းကျင်ဖြစ်ပါတယ်။
၈။ Emu
အယ်မြူငှက်ကတော့ ငှက်ကုလားအုတ် နဲ့ cassowary ငှက်တွေပြီးရင် ကမ္ဘာပေါ်မှာ အကြီးဆုံးငှက်ဖြစ်ပါတယ်။ အန္တာတိကတိုက်ကလွဲရင် တောင်ဖက်အီကွေတာနဲ့နီးတဲ့ ဘယ်ဒေသမှာမဆို ရှင်သန်နိုင်ပြီး အများဆုံးတွေ့ရတာကတော့ သြစတြေးလျမှာဖြစ်ပါတယ်။ ငှက်ကုလားအုတ် နဲ့ အနီးစပ်ဆုံးတူပြီး အညိုရောင်ရှိပြီးနူးညံ့တဲ့ ငှက်မွှေးတွေကိုပိုင်ဆိုင်ထားကာ ခြေတံလက်ည်ပင်း တို့ရှည်တဲ့ ငှက်မျိုးဖြစ်ပါတယ်။ အရပ်အမြင့် ၆ပေကျော်အထိရှိနိုင်ပြီး တစ်နာရီကို ၃၁မိုင် အမြန်နှုန်းနဲ့ ပြေးနိုင်ပါတယ်။ အပင်နဲ့ အင်းဆက်ပိုးမွှားများကို စားလေ့ရှိပြီး အစာမစားပဲ ရက်သတ္တပတ်အနည်းငယ်နေနိုင်တဲ့ ငှက်မျိုးလည်းဖြစ်ပါတယ်။ သြစတြေးလျရဲ့ အဓိကငှက်မျိုးဖြစ်ပြီး သြစတြေးလျ အထိမ်းအမှတ်တံဆိပ်မှာ သားပိုက်ကောင်နဲ့အတူ ယှဉ်တွဲရေးဆွဲထားခံရတဲ့ ငှက်လည်းဖြစ်ပါတယ်။
၇။ Emperor Penguin
မပျံနိုင်တဲ့ငှက်တွေထဲမှာ ပင်ဂွင်းငှက်တွေဟာလည်း ထင်ရှားပါတယ်။ အဲဒီပင်ဂွင်းတွေထဲမှာမှ အကြီးဆုံး အမျိုးအစားက အင်ပါယာပင်ဂွင်းဖြစ်ပါတယ်။ အန္တာတိကတိုက်မှာ အဓိကနေထိုင်တဲ့ ပင်ဂွင်းအမျိုးအစားဖြစ်ပြီး အရပ်အမြင့် ၄ပေခန့်အထိရှိကာ ကိုယ်အလေးချိန် ပေါင် ၅၀ ကနေ ၁၀၀အတွင်း ရှိတတ်ပါတယ်။ ဦးခေါင်းနဲ့ နောက်ကျောဘက်က အနက်ရောင်ဖြစ်ပြီး ရင်ဘတ်ကတော့အဖြူရောင်ပါ။ ရေခဲပြင်တွေပေါ်မှာ လျှင်မြန်စွာ သွားနိုင်သလို ရေကူးလည်းကျင်လည်ပါတယ်။ ရေငုပ်ရာမှာလည်း ပေ ၁၇၀၀ အနက်လောက်အထိ ငုပ်နိုင်ပြီး တစ်ကြိမ်ငုပ်လျှင် ၁၈မိနစ်ခန့်အထိ ငုပ်နိုင်တဲ့ငှက်မျိုးဖြစ်ပါတယ်။ ဒီပင်ဂွင်းတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ နှစ်ပေါင်း ၂၀ခန့်ဖြစ်ပါတယ်။
၆။ Rhea
Rhea ကတော့ တောင်အမေရိကတိုက်မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ငှက်ကြီးအမျိုးအစားဖြစ်ပါတယ်။ ငှက်ကုလားအုတ်တွေနဲ့ ခပ်ဆင်ဆင်တူကာ အရပ်အမြင့် ၅ပေခွဲခန့်ရှိပြီး ကိုယ်အလေးချိန် ၈၈ပေါင်ခန့် အထိ ရှိတတ်ပါတယ်။ ပုံမှန်မပျံသန်းနိုင်တဲ့ငှက်တွေထက်စာရင် ပိုကြီးတဲ့ အတောင်ပံကို ပိုင်ဆိုင်ထားပါတယ်။ ပြေးတဲ့အခါမှာ အဲဒီတောင်ပံတွေကိုခတ်ကာ ပြေးလေ့ရှိပြီး တစ်နာရီကို မိုင် ၄၀ အမြန်နှုန်းနဲ့ ပြေးနိုင်ကြပါတယ်။ သူ့မှာ American rhea နဲ့ အကောင်ငယ်တဲ့ Darwin’s rhea ဆိုပြီး ၂မျိုးပြန်ခွဲပါတယ်။ ဒီငှက်တွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၁၀နှစ်ဝန်းကျင်ဖြစ်ပြီး အကောင်အရေအတွက် နည်းလာနေပြီး ပျောက်ကွယ်သွားနိုင်တဲ့ ငှက်မျိုးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
၅။ Kakapo
နယူးဇီလန်နိုင်ငံရဲ့ ထင်ရှားတဲ့ငှက်တစ်မျိုးဖြစ်တဲ့ ဒီငှက်ကတော့ ကြက်တူရွေးအမျိုးအစားဖြစ်ပြီး မပျံသန်းနိုင်တာကြောင့် မြေကြက်တူရွေး(ground parrot) ၊ ဇီးကွက်နဲ့ တူတာကြောင့် ဇီးကွက်ကြက်တူရွေး(owl parrot) စတဲ့ နာမည်တွေပေးခံထားရပါတယ်။ စိမ်းဝါရောင်ရှိကာ တိုတဲ့ အမြီး ၊ ခြေထောက် ၊ တောင်ပံ နဲ့ ကြီးမားတဲ့ ခြေထောက်ကို ပိုင်ဆိုင်ထားတဲ့ ငှက်မျိုးဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ခန္ဓာကိုယ်အလျား ၂ပေ ဝန်းကျင်အထိ ရှိနိုင်ကာ ကိုယ်အလေးချိန်ကတော့ ၉ပေါင် အထိရှိတတ်ပါတယ်။ အသက်ရှည်တဲ့ငှက်မျိုးဖြစ်ပြီး ဒီငှက်တွေရဲ့ ပျမ်းမျှသက်တမ်းက အနှစ် ၆၀ ဖြစ်ကာ အသက်အရှည်ဆုံးကောင်တွေကတော့ ၉၅နှစ်ခန့် အထိ ရှည်တတ်လေ့ရှိပါတယ်။
၄။ kiwi
နယူးဇီလန်နိုင်ငံရဲ့ နောက်ထပ် ထင်ရှားတဲ့ ငှက်တစ်မျိုးဖြစ်ပြီး သူ့ရဲ့သိပ္ပံနာမည်က Apteryx ဖြစ်ပါတယ်။ မျိုးစိတ် ၅မျိုးရှိပြီး အကြီးဆုံးကတော့ မြောက်ပိုင်း အညိုရောင်ကီဝီငှက်ဖြစ်ကာ ခန္ဓာကိုယ်အရွယ်အစား ၂ပေ ခန့်အထိ ရှိတတ်ပါတယ်။ Kiwi ငှက်များရဲ့နှာပေါက်ဟာ ၎င်းတို့နှုတ်သီးထိပ်ဖျားမှာရှိနေတာကတော့ အခြားငှက်တွေနဲ့ မတူညီတဲ့ အချက်ဖြစ်ပါတယ်။ သူတို့ရဲ့ဥတွေဟာ ၁ပေါင်ကျော်ခန့်အထိလေးပြီး ခန္ဓာကိုယ်အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် ကြီးမားသည့်ဥများကို ဥသည့်ငှက်လို့ ဆိုနိုင်ပါတယ်။ kiwi ငှက်တွေရဲ့ ပျမ်းမျှသက်တမ်းကတော့ နှစ် ၂၀ နဲ့ ၃၀ ကြားဖြစ်ပါတယ်။
၃။ Dodo
Dodo ငှက်တွေဟာ အိန္ဒိယသမုဒ္ဒရာထဲက မန်ဒတ်စကာကျွန်း နဲ့ မောရစ်သျှကျွန်းတွေပေါ်မှာ ရှိတဲ့ငှက်တစ်မျိုးဖြစ်ပြီး အခုတော့ မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်တဲ့ ငှက်မျိုးစိတ်ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့်တော့ ခန္ဓာကိုယ်အလျား ၃ပေကျော် နဲ့ အလေးချိန် ပေါင် ၄၀ခန့် အထိ ရှိတတ်ပါတယ်။ Dodo ငှက်တွေရဲ့အရောင်ဟာ မီးခိုးရောင် ဒါမှမဟုတ် အညိုဖျော့ရောင် ရှိပါတယ်။ ပြီးပြည့်စုံတဲ့ Dodo ရုပ်ကြွင်းတစ်ခုကိုတော့ ၂၀၀၇ခုနှစ်တုန်းက မောရစ်သျှကျွန်းရဲ့ ဂူတစ်ဂူအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Dodo ငှက်တွေရဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၂၀ ဝန်းကျင်ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ဒီငှက်တွေဟာ ၁၇ ရာစုဝန်းကျင်မှာ မောရစ်သျှကျွန်းစုကနေ အပြီးတိုင်ပျောက်ကွယ်သွားခဲ့တာဖြစ်ပြီး အဓိကအကြောင်းအရင်းကတော့ လူတွေရဲ့ တရားလွန် အမဲလိုက်ခြင်းကို ခံရလို့ဖြစ်ပါတယ်။
၂။ Galapagos cormorant
တင်ကြီးငှက်အမျိုးအစားဖြစ်တဲ့ Galapagos cormorant တွေကိုတော့ ပစိဖိတ်သမုဒ္ဒရာထဲက ဂလာပါဂိုစ့်ကျွန်းတွေမှာပဲ အများဆုံး တွေ့ရတတ်ပါတယ်။ အရွယ်အစားအားဖြင့် ခန္ဓာကိုယ်အလျား ၃ပေခန့်ရှိပြီး ကိုယ်အလေးချိန် ၁၁ပေါင်ခန့် ရှိပါတယ်။ နှုတ်သီးရှည်ပြီး တိုတောင်းတဲ့တောင်ပံကြောင့် ဘဲတွေနဲ့ ပိုတူပါတယ်။ ပင်လယ်ကမ်းစပ်ကနေ မီတာ ၂၀၀ အကွာအဝေးအထိ အစာရှာထွက်လေ့ရှိကာ ငါးတွေနဲ့ ရေဘဝဲငယ်တွေက သူတို့ရဲ့အစာဖြစ်ပါတယ်။ အကောင်အရေအတွက်အားဖြင့် စုစုပေါင်း အကောင် ၁ထောင်ကျော်သာရှိတဲ့ ဒီငှက်တွေရဲ့ သက်တမ်းကတော့ ၁၃နှစ်ခန့် ဖြစ်ပါတယ်။
၁။ Elephant Bird
ကမ္ဘာပေါ်မှာ ရှိခဲ့ဖူးတဲ့ ငှက်တွေထဲမှာ အကြီးဆုံးငှက်ကတော့ ဆင်ငှက်တွေဖြစ်ပါတယ်။ မျိုးစိတ် ၃ ခုရှိပြီး အကြီးဆုံးမျိုးစိတ်ကတော့ Aepyornis ဖြစ်ပါတယ်။ ဒီငှက်ကြီးတွေဟာ မန်ဒတ်စကားကျွန်းပေါ်မှာ ရှင်သန်ကျက်စားခဲ့ကြပြီး ၁၇ရာစုမတိုင်မီကတည်းက မျိုးတုံးပျောက်ကွယ်သွားတာဖြစ်ပါတယ်။ ပုံစံကတော့ kiwi ငှက်တွေနဲ့ အနီးစပ်ဆုံးတူပြီး ဆင်ငှက်ဆို တဲ့ နာမည်ပေးထားရလောက်အောင် အရွယ်အစားကြီးမားလွန်းတဲ့ ငှက်တွေဖြစ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန် ပေါင် ၁၆၀၀ ခန့်ရှိသလို အရပ်အမြင့်ကလည်း ၁၀ပေခန့် ရှိပါတယ်။ သူတို့ရဲ့ဥကတော့ ၁ပေခန့်ရှိပြီး အလေးချိန် ၂၂ပေါင်ခန့်ရှိပါတယ်။ ဒီငှက်တွေမျိုးတုံးပျောက်ကွယ်ခဲ့ရခြင်းကတော့ ရာသီဥတုပြောင်းလဲတာအပြင် လူသားတို့နယ်ချဲ့ကာ စားကျက်မြေများဆုံးရှုံးခြင်း နဲ့ ဥတွေကို စားသောက်ခံရခြင်းကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။
သုတဇုန်
Discussion about this post