ပင်လယ်ရေသတ္တဝါ ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ရက် ဒိန်းမတ် ဖာရိုးကျွန်းစုက ဝေလငါးသတ်ပွဲတော်ရဲ့ပုံရိပ်တွေကို ထုတ်ပြန်ကာ ကန့်ကွက်ခဲ့ပါတယ်။ ဝေလငါးသတ်ပွဲတော်ဟာ ဖာရိုးကျွန်းစုမှာ ၁၆ရာစုဝန်းကျင်တည်းက စတင်ကျင့်သုံးခဲ့တဲ့ အစဉ်အလာတစ်ခုဖြစ်ပါတယ်။ သွားရောက်ခဲ့သူတွေရဲ့ပြောကြားချက်အရ ဖာရိုးကျွန်းဒေသခံတွေဟာ ဝေလငါးတွေကို ရေတိမ်ပိုင်းကနေ ကမ်းခြေအထိဆွဲတင်လာကြပြီး ကမ်းခြေရောက်တဲ့အခါမှာတော့ ဒါးတွေနဲ့ ဝိုင်းခုတ်သတ်ဖြတ်ကြတယ် လို့သိရပါတယ်။
ဝေလငါးတွေတင်မကပါဘူး လင်းပိုင်တွေကလည်း ဒီအထဲမှာပါဝင်ပါတယ်။ လင်းပိုင် ၁၉၈ကောင် နဲ့ ပိုင်းလော့ဝေလငါး ၄၃၆ကောင်တို့ဟာ ပွဲတော်ကျင်းပဖို့အတွက် ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီလိုသတ်ဖြတ်မှုကြောင့် ပင်လယ်ပြင်တစ်ခုလုံး ဝေလငါးတွေရဲ့သွေးတွေနဲ့ ချင်းချင်းနီနေပါတယ်။
ဒီလိုဝေလငါးတွေကို အမဲလိုက်သတ်ဖြတ်တဲ့ပွဲတော်ကို grindadráp လို့ခေါ်ပါတယ်။ Bøur နဲ့ Tórshavn ကမ်းခြေနှစ်ခုမှာ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ပွဲတော်ဖြစ်ပါတယ်။ အဲဒီအချိန်အခါမျိုးမှာ ငါးဖမ်းစက်လှေ နဲ့ မော်တော်ဘုတ်တွေဟာ ပင်လယ်ထဲကနေ ကမ်းခြေဘက်ကိုရောက်အောင် ဝေလငါးတွေကိုခြောက်လှန့်ပါတယ်။ ကမ်းခြေရေတိမ်ပိုင်းကိုရောက်တဲ့အခါမှာတော့ ကြိုးနဲ့ဝိုင်းဆွဲတင်ကြပြီးပါလာတဲ့ ဝေလငါးဟာ လူအုပ်ကြီးရဲ့များစွာသောလက်နက်တွေနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံကြရပါတယ်။
ဒီရိုးရာပွဲတော်ကို ရပ်တန့်ဖို့အတွက် အဏ္ဏဝါသတ္တဝါထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဟန့်တားဖို့နည်းမျိုးစုံနဲ့ တားခဲ့သလို ဒီလုပ်ရပ်ပုံရိပ်တွေ ရုပ်သံမှတ်တမ်းတွေကို ဖြန့်စေခြင်းအားဖြင့် ကမ္ဘာကိုသိစေခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ကန့်ကွက်ကြပေမယ့် ဖာရိုးကျွန်းက ဒေသခံတွေကတော့ ဒီပွဲတော်ကို ကျင်းပဆဲဖြစ်ပါတယ်။ ဒီပွဲကို တစ်ယောက်ယောက်က ဟန့်တားဖို့ကြိုးစားရင် အဲဒီသူဟာ ဖမ်းဆီးထိမ်းသိမ်းခံရမှာဖြစ်ပါတယ်။ ဒိန်းမတ်ဟာ ဝေလငါးမဖမ်းရေးအဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် ဒီဖြစ်ရပ်ကိုတော့ လက်လွတ်ထားသလိုဖြစ်နေတဲ့အပြင် ဒီပွဲကျင်းပပြီဆိုတာနဲ့ ရေတပ်ရေယာဉ်နဲ့တောင် စောင့်ရှောက်အကာအကွယ်ပေးထားပါသေးတယ်။
ဝေလငါးတွေကို ဖမ်းဆီးသတ်ဖြတ်ပြီးတဲ့အခါမှာ ဒေသခံတွေဟာ ရဲတပ်ဖွဲ့ဝင်တွေပါ အသားတွေခွဲဝေပေးလေ့ရှိပါတယ်။ ဒေသခံတွေအတွက်တော့ ဒီလိုသတ်ဖြတ်ပြီး အသားတွေကို စားသုံးခြင်းဟာ သူ့တို့ဘဝလိုဖြစ်နေပါတယ်။ သူတို့ရဲ့လုပ်ရပ်အပေါ်အခြားသူတွေက ဆန့်ကျင်ကြတာကိုလည်း မလိုလားကြပါဘူး။ ဒိန်းမတ်နိုင်ငံအနေနဲ့လည်း အခြားဝေလငါးမဖမ်းရေးနိုင်ငံတွေရဲ့ ကန့်ကွက်မှုတွေကို ဂရုစိုက်နေပြီး ဒီပွဲတော်ကို ရပ်တန့်ဖို့ကြိုးစားနေပါတယ်။
သို့သော်လည်း ယခုထက်ထိတော့ ဒေသခံတွေရဲ့ ရိုးရာအစွဲအလန်းကို မချွတ်နိုင်သေးပါဘူး။ အဏ္ဏဝါသတ္တဝါထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကတော့ ဒီလုပ်ရပ်ကြောင့် ရေရှည်မှာဝေလငါးတွေမျိုးတုံးသွားနိုင်ပြီး ၊ ဒီလုပ်ရပ်ကို ပိတ်ပင်ဖို့ ဒိန်းမတ်နိုင်ငံအပေါ် လုံးဝတာဝန်ရှိနေတယ်လို့ စွဲဆိုထားပြီး အခြားတိရစ္ဆာန်ချစ်သူများကလည်း ဒီလုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်လျှက်ရှိပါတယ်။
VIDEO
Discussion about this post