တောင်ဆိတ်များသည် အလွန်မြင့်မား၍ ဆီးနှင်းခဲသော ဟိမဝန္တာတောင်၊ အဲ့လပတောင်တန်း၊ ကော်ကေးဆပ်တောင်နှင့် ပီးရနီးတောင်စသည့် တောင်တန်းကြီးများပေါ်တွင် နေထိုင်ကြ သည်။ သူတို့ကို Rocky Mountain goat ဟုလည်းခေါ်လေ့ရှိသည်။
တောင်ဆိတ်ဖိုကို billy ဟုခေါ်၍ တောင်ဆိတ်အမကို nanny ဟုခေါ်ပြီး တောင်ဆိတ်အုပ်စုကိုမူ band ဟုခေါ်သည်။ တောင်ဆိတ်တို့၏ သိပ္ပံအမည်မှာ oreamnos americanus ဖြစ်သည်။ တောင်ဆိတ်အဖိုတို့၏ ဦးချိုများသည် ဓားလွယ် ကောက်ကြီး ၂ ခုနှင့်တူလျက်၊ ရှေ့ဘက်တွင် ဖောင်းရစ်သဖွယ် အထစ်အထစ် ဖြစ်နေသည်။ အရှည် လက်မ ၃၀ မှ ၆၀ အထိ ရှိတတ်သည်။ အမများ၏ ဦးချိုသည်ကား ၈ လက်မခန့်သာ ရှည်လေသည်။ ထိုဦးချိုများသည်ပင် သူတို့၏ လက်နက်ဖြစ်သည်။
ထိုသတ္တဝါတို့သည် ရေအမြဲခဲနေသော တောင် အမြင့်ပိုင်းတွင်သာ နေထိုင်လေ့ရှိကြလျက် အစာစားရန် သစ် တောမြက်တောများရှိရာသို့ ညအချိန် ဆင်းလာတတ်သည်။ ထူထဲသော အမွေးများကြောင့် အအေးဒဏ်ကိုခံနိုင်သည်။ တစ်ကိုယ်လုံးကို အလွန်ထူထဲသော အမွှေးများဖြင့် ဖုံးအုပ်ထားပြီး အရောင်မှာ အဖြူ ၊ အမဲ ၊ အညိုရောင် ဖြစ်၍ ဆောင်းအခါတွင် ပို၍ရှည်လာ သည်။ တောင်ဆိတ်များ၏ အမွှေးသည် တောင်ဆိတ်များကို အပူချိန် အနှုတ် ၄၆ဒီဂရီဆဲစီးယပ်စ်တွင်ပင် အေးဆေးစွာနေစေနိုင်သည်။
တောင်ဆိတ်တို့၏ ပျမ်းမျှအရပ်မှာ ၄ပေခန့် ရှိပြီး အထီးများသည် အမများထက် ကိုယ်အလေးချိန် ၃၀%ခန့် ပိုလေးသည်။ ရှေ့ခြေများသည် နောက်ခြေများထက်တိုသဖြင့် တောင် ကိုဆင်းရန်ထက် တောင်ကိုတက်ရန် ပို၍လွယ်ကူသည်။ မာကျော်သောခြေထောက် ၊ တောင့်တင်းသန်မာသော ပုခုံးနှင့် လည်ပင်းကြွက်သားများက သူတို့အား တောင်နံရံတွင်ကပ်နေစေရန် ကူညီပေးသည်။ တောင်ဆိတ်များသည် ၁၂ ပေ အကွာအဝေးကို ခုံနိုင်စွမ်းရှိသည်။
ဆိတ်ထီးအိုကြီးများသည် မြင့်လှသော တောင် ထိပ်များတွင် တစ်ကောင်တည်း ကျက်စားတတ်ကြသည်။ တောင်ဆိတ်ဆိုသည့်အတိုင်း အလွန်မတ်စောက်၍ အတက်ရ ခက်သော နေရာများတွင် တက်ရောက်သွားလာနိုင်သည်။ တစ်ခါတစ်ရံ အိမ်တွင်ယဉ်ပါးအောင် မွေးထားသော တောင်ဆိတ်ကလေးများသည် အိမ်ခေါင်မိုးပေါ်သို့ပင် တက်၍ကစား တတ်ကြသည်။ တောရိုင်းတောင်ဆိတ်တို့ကား ပေ ၁၃၀၀၀ မြင့်သောတောင်များကိုပင် တက်နိုင်စွမ်းရှိသည်ဟု သိရသည်။ ထိုသို့မြင့်မားသော တောင်များပေါ်တွင်နေထိုင်ခြင်းကလည်း သူတို့အား အခြားတောကောင်ကြီးများရန်မှ ကာကွယ်ပေးစေသည်။
တောင်ဆိတ်များသည် အပင်စားသတ္တဝါဖြစ်၍ သူတို့၏ အဓိက အစားအစာများမှာ မြက်များ ၊ အပင်ငယ်များ ၊ သစ်သီးသစ်ရွက်များ ၊ သစ်ကိုင်းငယ်များ နှင့် ရေညှိတို့ဖြစ်ကြသည်။ တောင်ဆိတ်များ၏ ကိုယ်ဝန်ဆောင်ချိန်မှာ ၆လ ဖြစ်ပြီး မွေးကင်းစ ၁ရက်သားတောင်ဆိတ်ငယ်လေးများမှာ လမ်းလျှောက်နိုင်နေပြီဖြစ်သည်။ တောင်ဆိတ်များ၏ ပျမ်းမျှသက်တမ်းမှာ ၁၂နှစ် မှ ၁၅နှစ် အထိဖြစ်ပြီး တောင်ဆိတ်အချိုကမူ ၁၆နှစ်မှ ၂၀နှစ်အထိ အသက်ရှည်ကြသည်။
ဆွစ်ဇာလန်နိုင်ငံ၊ အဲ့လပတောင်ကုန်းများရှိ တောင်ဆိတ်များကို ပစ်ခတ်သတ်ဖြတ်ကြသဖြင့် နည်းပါးသွား ကာ၊ မျိုးဆက်ပြတ်လုမတတ်ရှိနေသောကြောင့် အစိုးရတို့က မပစ်ခတ် မသတ်ဖြတ်ကြရန် ဥပဒေဖြင့် တားမြစ်ထားရလေသည်။
VIDEO
တောင်ဆိတ်များနှင့်ပတ်သတ်၍ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရေးသားသော စိတ်ဝင်စားဖွယ်ပုံပြင်လေးတစ်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။
တောင်ဆိတ်ပုံပြင်
တောင်ဆိတ်တွေရဲ့ ခွာ ဂျို အစရှိတာတွေဟာ တန်ဖိုးရှိဆေးဖက်ဝင်လွန်းတယ်။ ဒါပေမဲ့ ဒီကောင်တွေကိုအလွယ်တကူမတွေ့နိုင်ဘူး။ရှာမရနိုင်ဘူး သည်တော့ မုဆိုးအများစုက ကျောက်တောင်တွေမှာလိုက်ရှာရတယ်။ သည်မှာပဲ တောင်ဆိတ် တစ်အုပ်ကိုတွေ့လို့မုဆီုးတွေဟာမတ်စောက်တဲ့ ကျောက်တောင်ပေါ်မှာ တောင် ဆိတ် တွေ နောက်ကို အမဲလိုက်မုဆိုးတွေ လိုက်ကြရင်းနဲ့ ချောက်ကမ်းပါး တစ်ခု ရဲ့ ထိပ်မှာတောင်ဆိတ် အုပ်ကြီး ပြေးပေါက်မရှိတော့ပဲ ၊ ပိတ်မိသွားတယ်။
သူတို့ ခုန်ကူး နိုင်တာထက် ချောက်ကမ်းပါးက ပိုကျယ်နေတယ်။အောက်မှာ ကလဲ ရေစီး သန်တဲ့ ချောင်းနက်ကြီး။ တောင်ဆိတ်တွေက အလွန်ဆုံးမှ ခြောက်မီတာလောက်ပဲ ခုန်နိုင်တာ။ ချောက်ကမ်းပါးက တစ်ဆယ် မီတာ ကျော်ကျော်လောက် ကျယ်နေတယ်။ မုဆိုးတွေကတောင်ဆိတ်အုပ်ကြီး ဘယ်လိုမှ ပြေးမလွတ်တော့ဘူး။လွယ်လွယ်နဲ့ အကုန်ဖမ်းမိပြီလို့ တွက်ကြတယ်။သူတို့ဟာ တဖြည်းဖြည်းနဲ့ တောင်ဆိတ်အုပ်ဆီ တိုးသွားကြရင်း တောင်ဆိတ်တွေ ဘာလုပ်မလဲကြည့်နေကြတယ်။
သူတို့ကြည့်နေတုံးမှာ တောင်ဆိတ်တစ်ကောင်က အရဲစွန့်ပြီး လွှားကနဲခုန်ကူးလိုက်တယ်။အလှမ်းကျယ်လွန်းလို့ တစ်ဖက်ကမ်းဆီ မရောက်ပဲချောက်ကမ်းပါးနက်ထဲ ပြုတ်ကျ သွားပြီး၊ ရေစီးထဲမျောပါသွားတယ်။ နောက်ထပ်တစ်ကောင်မှ ထပ်မခုန်ရဲတော့ဘူး ။ကြောက်လန့် တုန်လှုပ် နေကြတယ်။ အဲဒီအချိန်မှာပဲ မယုံနိုင်စရာ မြင်ကွင်းကို မုဆိုးတွေ တွေ့လိုက်ရတယ်။ တောင်ဆိတ်ခေါင်းဆောင်ဟာ ကြောက်လန့်တကြား ဖြစ်နေတဲ့ သူ့ အုပ်စုကို အသံကျယ်ကျယ် နဲ့ အချက်ပေးလိုက်တယ်။
သူ့အသံကြားတော့ တုန်လှုပ်နေတဲ့ တောင်ဆိတ်တွေ ငြိမ်သွားကြပြီး အုပ်စု နှစ်ခုခွဲလိုက်ကြတယ်။ တစ်အုပ်စုက အသက်ကြီးရင့်နေတဲ့ တောင်ဆိတ် အိုတွေ၊နောက်တစ်အုပ်စုက တောင်ဆိတ် ငယ်တွေ တောင်ဆိတ်ပျိုလေးတွေ၊မုဆိုးတွေကလဲ သူတို့ ဘာဆက်လုပ်ကြမလဲလို့ စိတ်ဝင်တစားစောင့်ကြည့်နေကြတယ်။
နောက်တစ်ခါ တောင်ဆိတ်ခေါင်းဆောင်က အချက် ထပ်ပေးလိုက်တော့ တောင်ဆိတ်အုပ်ကြီးဟာ ချောက်ကမ်းပါးကြီးကို စပြီးခုန်ကူးကြတယ်။ တောင်ဆိတ်အို တွေက အရင်ဆုံး စပြီးခုန်တယ်။ စက္ကန့် ပိုင်းခြားပြီး တောင်ဆိတ်ငယ်လေးတွေက သူတို့ နောက်မှာ လိုက်ခုန်ကြတယ်။အဲလို အရင်ခုန်လိုက်လို့ နဲနဲလေးရှေ့ကို ကြိုရောက်ပြီး အောက်မှာ ရောက်နေတဲ့ တောင်ဆိတ်အို တွေ ရဲ့ ကိုယ်ပေါ်ကို နင်းပြီး နောက်တစ်ဆင့်အားယူပြီး ထပ်ခုန်လိုက်တော့ တောင်ဆိတ်ငယ်လေးတွေဟာတစ်ဖက်ကမ်းကို လွတ်လွတ်ကျွတ်ကျွတ် ရောက်သွားကြတယ်။ တောင်ဆိတ်အိုတွေကတော့ ချောက်ကမ်းပါး ထဲ အကျခံပြီး စတေးခံသွားကြရှာတယ်။
တောင်ဆိတ်ခေါင်းဆောင် ကြီးကလဲ သူ့အုပ်စုအကုန်ခုန်ကူးပြီးသွားတဲ့ အထိ အချိန်ရအောင်ထင်ပါတယ်။မုဆိုးတွေ ဆီ တည့်တည့်ကြီး ရင်ဆိုင်ပြီး တိုးဝင်လာလို့ သေနတ်နဲ့ ပစ်ရတယ်။သေနတ် တစ်ချက်မှန် သွားတာတောင် ယိုင်ရုံပဲ ယိုင်သွားပြီးရှေ့ဆက်တိုးဝင်လာလို့ ထပ်ပစ်ရတယ်။ နှစ်ချက်သုံး ချက်မှန်သွားမှပဲ ချောက်ထဲပြုတ်ကျသွားတယ်။
မုဆိုးတွေဟာ တောင်ဆိတ် ခေါင်းဆောင် ရဲ့ခေါင်းဆောင်ကောင်း ပီသမှုနဲ့ တောင်ဆိတ်အိုတွေရဲ့ စွန့်လွတ်အနစ်နာခံတတ်တဲ့ စိတ်ကို အခုထိ လက်ဆင့်ကမ်းပြောပြနေကြတယ်။ ဒီပုံပြင်ဟာ တခြား တိရိ စ္ဆာန် တွေ ရှင်သန်ဖို့ ခက်ခဲလှတဲ့ မတ်စောက်တဲ့ ကျောက်တောင်တွေပေါ်မှာ ဘာကြောင့် တောင်ဆိတ်တွေက ရှင်သန်ကျန်ရစ် နေနိုင်တာလဲ ဆိုရဲ့ အဖြေပါပဲ ။
ကိုးကား
National forest
visit big skymt
မြန်မာ့စွယ်စုံကျမ်း အတွဲ ၅
မောင်စိန်ဝင်း(ပုတီးကုန်း)
Discussion about this post