လက်နှစ်ဖက် နဲ့ မတူညီတဲ့ဘာသာစကား ၂ခုကို ရေးနိုင်သူတွေအကြောင်း ကြားဖူးကြမှာပါ။ အိန္ဒိယမှာ ဆိုရင် ဒီလိုမျိုးလေ့ကျင့်ပေးတဲ့ ကျောင်းတောင်ရှိပါသေးတယ်။ ဓာတ်ပုံကို ချွတ်စွပ်တူအောင် ပန်းချီဆွဲနိုင်သူတွေ အကြောင်းလည်း ကြားဖူးကြမှာပါ။ ဒါပေမယ့် လက်နှစ်ဖက်နဲ့ မတူညီတဲ့ ပန်းချီ ၂ခုကို ချွတ်စွပ်တူအောင် ဆွဲနိုင်တဲ့သူကတော့ မရှိသလောက် ရှားပါတယ်။ ဒီလိုရှားတဲ့အထဲမှာ ပါတဲ့သူတစ်ယောက်ကတော့ နယ်သာလန်နိုင်ငံ Vlaardingen မှာနေထိုင်တဲ့ ဒတ်ချ်အနုပညာရှင် Rjacenna ဆိုသူပါ။
သူမဟာ အသက် ၂၂နှစ်ပဲ ရှိသေးတဲ့ ပန်းချီဆရာမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူမ နာမည်ကြီးခဲ့တာ ၂၀၁၀ခုနှစ် သူမ ၁၃နှစ် သမီး အရွယ်လောက်ကတည်းပါ။ အဲဒီတုန်းက နာမည်ကြီးတာကတော့ ငယ်ငယ်လေးနဲ့ ဓာတ်ပုံတွေကို ပန်းချီပုံတွေအဖြစ် အလွန်တူအောင် ရေးဆွဲနိုင်လို့ပဲ ဖြစ်ပါတယ်။ သူမရဲ့ အဲဒီတုန်းက ပန်းချီဆွဲတဲ့ ဗီဒီယိုတွေကို ကမ္ဘာတလွှားက ပန်းချီသင်တန်းကျောင်းတော်တော်များများမှာ ထားရှိပြသထားခဲ့ဖူးပါတယ်။
သူမဟာ ဒီလိုပန်းချီဆွဲနေရင်းနဲ့ပဲ သူမဆွဲနေကြ ညာဘက်လက်နဲ့သာမက ဘယ်ဘက်လက်နဲ့လည်း ဆွဲနိုင်ကြောင်း သိရှိခဲ့ပါတယ်။ အဲဒီနောက်တော့ ဘယ်ဘက်နဲ့လည်း ပန်းချီတွေကို ထပ်တူနီးပါးတူအောင် ဆွဲနိုင်ဖို့ မနားမနေ ကြိုးစားခဲ့ပါတယ်။ ဘယ်ဘက်နဲ့လည်း ကျွမ်းကျွမ်းကျင်ကျင် ဆွဲနိုင်ခဲ့ပြီးတဲ့နောက် ရပ်မနေခဲ့ပဲ နောက်တစ်ဆင့်တက်ဖို့ ကြိုးစားပြန်ပါတယ်။
အဲဒါကတော့ လက်နှစ်ဖက် နဲ့ မတူညီတဲ့ ပုံ ၂ခုကို တစ်ပြိုင်နက် ဆွဲနိုင်ဖို့ပါ။ သာမန်တွေးကြည့်ရင် မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် သူမကတော့ နှစ်နဲ့ချီပြီး မရမချင်း ကြိုးစားခဲ့ပါတယ်။ ပါရမီပါတဲ့သူမဟာ ဒီနေ့အချိန်မှာတော့ လက်နှစ်ဖက် နဲ့ မတူညီတဲ့ပုံ ၂ခုကို ချွတ်စွပ်တူအောင် ဆွဲပြနိုင်ခဲ့ပါပြီ။
VIDEO
တကယ်တော့ Rjacenna ဟာ ပန်းချီမှာတင်ထူးချွန်တာ မဟုတ်ပဲ ကျန်တဲ့နယ်ပယ်တွေမှာလည်း ထူးချွန်သူဖြစ်ပါတယ်။ အသက် ၁၈နှစ်မှာကတည်းက Brand အမျိုးမျိုးရဲ့မော်ဒယ်ဖြစ်သလို ၊ ရုပ်ရှင် ၊ တီဗီစီးရီး နဲ့ အော်ပရာပြဇာတ်တွေမှာ ပါဝင်တဲ့သူ ဖြစ်နေပါပြီ။ ဒါ့အပြင် သူမဟာ ဒတ်ချ်ကလေးငယ်တွေအတွက် တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ Kinderjournaal ရဲ့ အစီအစဉ်တင်ဆက်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
သူမ လက်နှစ်ဖက်နဲ့ မတူညီတဲ့ပုံတွေကို တစ်ပြိုင်နက်ဆွဲနိုင်တယ်ဆိုပြီး ဓာတ်ပုံတွေတင်ခဲ့တုန်းက မဖြစ်နိုင်ဘူး လိမ်ညာနေတာဖြစ်တယ် ဆိုပြီး လူတွေရဲ့အပြင်းအထန် ဝေဖန်ရှုံချခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင် ဒီလိုဆွဲနေတဲ့ ဗီဒီယိုတွေကို တင်ခဲ့အပြီးမှာတော့ ဝေဖန်သူတွေ ပါးစပ်ပိတ်သွားကြပါတယ်။
“အများစုက လက်တစ်ဖက်နဲ့ ပုံတူပန်းချီတွေဆွဲနိုင်ဖို့ ကြိုးစားနေကြချိန်မှာ သူမက ဒီလိုလက်နှစ်ဖက်နဲ့ ဆွဲနိုင်တယ် ဆိုပြီး ဓာတ်ပုံတွေတင်တော့ လူတွေမယုံကြတာ သိပ်တော့မဆန်းပါဘူး။ အခုတော့ ယုံသွားကြပြီပေါ့လေ။ လက်နှစ်ဖက်နဲ့ ဘာသာစကားနှစ်ခု ရေးနိုင်တာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် အခုလိုတပြိုင်နက်ပန်းချီဆွဲဖို့ဆိုတာကတော့ စာရေးတာထက် ပိုခက်ပါတယ်။ တော်ရုံလူတွေလုပ်နိုင်ဖို့မလွယ်ပါဘူး လို့ကြည့်ရှု့သူတစ်ယောက်က ဆိုပါတယ်။
သူမရဲ့ ယူကျူ့အကောင့် rajacenna မှာလည်း သူမရဲ့ ပန်းချီဆွဲတဲ့ ဗီဒီယိုတွေကိုတင်လေ့ရှိပြီး ယခုဆိုရင် ဒီဗီဒီယိုတွေကို ကြည့်ရှုတဲ့အကြိမ်ပေါင်း ၃သန်းနီးပါးရှိသွားပါပြီ။ သူမရဲ့ ဗီဒီယိုတွေကြောင့် online မှာနာမည်ကြီးခဲ့ပြီးတဲ့နောက်မှာတော့ ဒတ်ချမ်အမျိုးသား ရုပ်သံလိုင်း Dutch national TV က သူမရဲ့ အင်တာဗျူးကို တင်ဆက်ခဲ့ပါတယ်။
Video Dutch TV
Discussion about this post