အမေရိကကို ဖြတ်ပြီး မိုင်ပေါင်းများစွာ ပြေးခဲ့တဲ့သူတစ်ယောက်ကို အားလုံးသိကြမှာပါ။ ဒါကတော့ ကျွန်တော်တို့အားလုံးသဘောကျ ကြတဲ့ မင်းသားကြီး တွမ်ဟန့် သရုပ်ဆောင်ထားတဲ့ Forrest Gump ဇာတ်ကားထဲက Gump ပါ။ Gump ကတော့ ဘာရည်ရွယ်ချက်မှ မရှိပဲ စိတ်ထဲကပြေးချင်လို့ပြေးခဲ့တာပါ။ အခုတစ်ယောက်ကတော့ Gump ကိုအားကျပြီး Gump အတိုင်းအပြင်မှာ လက်တွေ့ပြေးခဲ့တာပါ။
သူကတော့ အသက် ၃၉နှစ်ရှိပြီဖြစ်တဲ့ Rob Pope ဖြစ်ပြီး အင်္ဂလန်နိုင်ငံ လီဗာပူးမြို့မှာနေထိုင်သူဖြစ်ပါတယ်။ သူဒီလို အမေရိက ကိုဖြတ်ပြေးခဲ့ရာမှာ Gump ကို အားကျတာအပြင် သူ့မိခင်ရဲ့စကားတစ်ခွန်းကြောင့်ဖြစ်ပါတယ်။ ကမ္ဘာကြီးကိုပြောင်းလဲချင်ရင် တစ်ကြိမ်မှာ တစ်ခုကိုပဲ စူးစူးစိုက်စိုက် လုပ်ပါ ဆိုတဲ့စကားပါ။
“Forrest Gump ကားကို ကြည့်ပြီးတဲ့တစ်ညမှာ ကျွန်တော်ဒီအကြံကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ” လို့ Pope က ဆိုပါတယ်။
ဒါကြောင့်သူဟာ ၂၀၁၆ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့မှာ အမေရိကန် အလာဘားမားပြည်နယ် ၊ မိုဘီးလ်နယ်မြေကနေ စပြေးခဲ့ပါတယ်။ Pope ဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် မိုင် ၄၀ရောက်အောင်ပြေးခဲ့ပါတယ်။ ဘယ်လိုရာသီဥတုမျိုးမှာ မဆိုပေါ့။ အလွန်ပူတဲ့နွေနဲ့ကြုံတယ်၊ ရွဲရွဲစိုတဲ့မိုးတွေနဲ့ကြုံတယ် ၊ ချမ်းအေးလွန်းတဲ့ ဆီနှင်းတွေနဲ့ ဆုံခဲ့ပေမယ့် သူဟာ မရပ်မနားပဲ ပြေးခဲ့ပါတယ်။ သူ ဒီလိုပြေးရခြင်းရဲ့ ရည်ရွယ်ချက် နောက်တစ်ခုကတော့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ နဲ့ Peace Direct ဆိုတဲ့ ပရဟိတအဖွဲ့နှစ်ဖွဲ့အတွက် ရန်ပုံငွေရှာပေးဖို့ပဲ ဖြစ်ပါတယ်။
Pope ပြေးခဲ့တာ ရက်ပေါင်း ၄၂၂ရက် ကြာပြီးတဲ့အချိန်မှာ မိုင်ပေါင်း ၁၅၆၀၇မိုင်ကို ပြေးနိုင်ခဲ့ပါတယ်။ California ၊ New Mexico ၊ Texas ၊ Tennessee နဲ့ Washington D.C တို့ကိုဖြတ်ပြေးခဲ့တာပါ။ သူဟာ အမေရိကန်ကိုဖြတ်ပြီး ၄ကြိမ်ပြေးခဲ့ပါတယ်။ အဲဒီနောက်တော့ Forrest Gump ဟာသူပြေးတာကို အဆုံးသတ်ခဲ့တဲ့နေရာဖြစ်တဲ့ Utah ပြည်နယ် Monument Valley နေရာအထိ မိုင်၂၀၀ ထပ်ပြေးပြီး သူ့ရဲ့အပြေးခရီးကို အဆုံးသတ်ခဲ့ပါတယ်။ သူဟာ တစ်နှစ်အတွင်း အမေရိကန်ကို လေးကြိမ်ဖြတ်ပြေးခဲ့တဲ့ ပထမဆုံးသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ သူပြေးခဲ့တဲ့ခရီးဟာ မာရသွန်ပေါင်း ၅၉၀ ပြေးရတာနဲ့ ညီမျှပါတယ်။
ဒီလို သူ့ရဲ့ခရီးပြီးဆုံးတဲ့အခါမှာတော့ ပရဟိတအဖွ့ဲတွေအတွက် ရန်ပုံငွေ ဒေါ်လာ ၅သောင်းနီးပါး ရှာပေးနိုင်ခဲ့ပါတယ်။ Forrest Gump ဇာတ်လမ်း နဲ့ မတူညီတာကတော့ Pope ဟာ သူ့ရဲ့ခရီးအဆုံးသတ်တဲ့နေရာမှာ သူ့ချစ်သူ Nadine ထံမှာ လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။ သူ့ချစ်သူဟာ မကြာသေးခင်ကမှ သူ့သမီးလေးဖြစ်သူ Bee Catherine ကို မွေးဖွားပေးခဲ့တာဖြစ်ပါတယ်။
” ကျွန်တော်လုပ်နိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီး တကယ်လုပ်ခဲ့တော့ အခုအောင်မြင်သွားခဲ့ပါပြီ။ ကျွန်တော့်အတွက်တော့ အရမ်းအဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော့်ချစ်သူနဲ့ သမီးလေးအတွက် အခုလိုလုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ ကျွန်တော့်ကိုအားပေးခဲ့တဲ့ ကျွန်တော့်ချစ်သူကိုလည်း ကျေးဇူးတင်ပါတယ်” လို့ Pope က ဆိုပါတယ်။
သူဒီလိုပြေးခဲ့ရာမှာ အဆင်ပြေပြေပြေးခဲ့ရခြင်းမဟုတ်ပဲ ဒုက္ခပေါင်းများစွာလည်း ရောက်ခဲ့ပါသေးတယ်။ ထိခိုက်ဒါဏ်ရာကြီးကြီးမားမားရတာ ၊ နေမကောင်းတာ ၊ အစာအဆိပ်သင့်တာတွေလမ်းခရီးမှာဖြစ်ခဲ့ပြီး အဆင်ပြေသလို နေခဲ့ရပါတယ်။ ဒါအပြင် တစ်နေရာမှာ အပူပြင်းပြီး နောက်တစ်နေရာမှာ အအေးလွန်တဲ့ ပြင်းထန်တဲ့ အပူချိန်ခြားနားမှုတွေကိုလည်း ခံစားခဲ့ရပါတယ်။ သူပြေးတဲ့အထဲမှာ ကမ္ဘာ့အပူဆုံးနေရာတစ်ခုဖြစ်တဲ့ သေမင်းတောင်ကြားလည်းပါပါတယ်။ ခရီးစဉ်မှာ ဒီလိုဆိုးရွားမှုတွေကြုံခဲ့ပေမယ့် အရှုံးမပေးပဲ ကြိုးစားပြီးဆက်ပြေးခဲ့လို့သာ သူအောင်မြင်ခဲ့ရတာ လို့ ဆိုပါတယ်။
သူ့ကို အဓိက တွန်းအားပေးခဲ့တာကတော့ Forrest Gump ရုပ်ရှင်ဖြစ်ပါတယ်။ သူဟာ ဒီရုပ်ရှင်ကိုနှစ်သက်လွန်းလို့ ၁၀ကြိမ်ထက် မနည်းကြည့်ခဲ့ပြီးပြီဖြစ်ပြီး အဲဒီထဲကမှ ပြေးတဲ့အခန်းကို အကြိုက်ဆုံးဖြစ်ကာ ပြေးတဲ့အခန်းကိုပဲ အကြိမ် ၂၀၀ကျော်ကြည့်ခဲ့တယ် လို့ဆိုပါတယ်။ သူဟာ ခရီးကို စပြေးခဲ့စဉ်မှာ ဇာတ်လမ်းထဲကမင်းသားအတိုင်း ဆံပင်ပုံစံကအစတူအောင် ညှပ်ပြီးပြေးခဲ့ပြီး ခရီးအပြီးမှာတော့ ဇာတ်ကောင်လိုပဲ ပုံစံပြောင်းလဲသွားရပါတယ်။ သူ့ရဲ့အပြေးခရီးကြောင့် အပြင်လောကရဲ့ Forrest Gump အဖြစ် လူသိများခဲ့ပါတယ်။
VIDEO
Discussion about this post