မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြ ၊ ဆုံကြ အင်တာဗျူးကြတာလေးတွေ ရှိပါတယ်။ အဲဒီအင်တာဗျူးတွေထဲက မင်းတုန်းမင်းနဲ့ ခရစ်ယာန် သာသနာပြုဘုန်းတော်ကြီး ဒေါက်တာ ဂျေ အီးမတ် (Dr.J.E.Marks) တို့ရဲ့ တွေ့ဆုံခန်းကလည်း စိတ်ဝင်စားစရာပါပဲ။
ဒေါက်တာ ဂျေအီးမတ်ဆိုတာ မြန်မာအများစုက ဆရာမှတ်ကြီးလို့ သိကြတဲ့ ရန်ကုန်စိန့်ဂျွန်းကျောင်းကို စတင်တည်ထောင်သူ ခရစ်ယာန်ဘုန်းတော်ကြီးပါ။ အဲဒီဆရာမှတ်ကြီးဟာ မန္တလေးမှာ ‘အက်စ် ၊ ပီ ၊ ဂျီ’ လို့ခေါ်တဲ့ သံတဲကျောင်းကိုလည်း ထူထောင်ခဲ့ပြီး ဘုရင့်သားတော်တွေ အပါအဝင် မြန်မာလူငယ်တွေကို အင်္ဂလိပ်စာသင်ပေးတယ်။ ဒေါက်တာဂျေအီးမတ် နဲ့ မင်းတုန်းမင်းတို့ အောက်တိုဘာလ ၈ရက် ၊ ၁၈၆၈ခုနှစ်မှာ ဆုံတွေ့ဖြစ်ကြတယ်။
မတ် – မန္တလေးမှာ ဘုရားရှိခိုးကျောင်းနဲ့ စာသင်ကျောင်းတွေ ဆောက်လုပ်လိုပါတယ် အရှင်မင်းကြီး ၊ ကုန်ကျစရိတ်ကိုတော့ ရန်ကုန်၊ ကာလကတ္တားနဲ့ အင်္ဂလန်က မိတ်ဆွေတွေ စုဆောင်းထောက်ပံ့ကြပါတယ်။
မင်းတုန်း – ကျုပ် ဘုရင်ပဲ ၊ ကျုပ်ရဲ့ ကုသိုလ်ကောင်းမှုကို ဘယ်သူ့အကူအညီမှ မလိုပါဘူး။ ကျောင်းဆောက်ပြီးရင် မင်းညီမင်းသားတွေကို အင်္ဂလိပ်စာ သင်ပေးမှာလား။
မတ် – မုချ သင်ပေးနိုင်ပါလိမ့်မယ် အရှင်မင်းကြီး။
မင်းတုန်းမင်းက သူ့နှုတ်ကတိအတိုင်း ၁၈၆၉ခုနှစ်မှာ စာသင်ကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေကို အကုန်အကျခံဆောက်ပေးတယ်။ တကယ်လည်း ဘယ်သူ့ဆီက အထောက်အပံ့မှ မယူဘူး။
ဒီအကြောင်းတွေကို ခရစ်ယာန်ဘုန်းတော်ကြီး ထရူး(Rev.J.Trew) အင်္ဂလန်ခဏပြန်တုန်း ဘုရင်မကြီးဆီ သမ္မာကျမ်းစာတွေသွားရွတ်ရင်း ပြောပြတော့ ဘုရင်မကြီးက မင်းတုန်းဘုရင်ကို ချီးကျူးပါတယ်။
မင်းတုန်းမင်းရဲ့ စေတနာ သဒ္ဒါတရား ရက်ရောပုံကို ဂုဏ်ပြုတဲ့အနေနဲ့ ရောင်စုံခြယ်သထားတဲ့ ကျောက်ရေတခေါင်းတစ်ခုကို လက်ဆောင်အနေနဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေက တစ်ဆင့် ပေးပို့လိုက်ပါတယ်။
တွေ့ဆုံခန်းကို ပြန်ဆက်ကြစို့။ နောက်တစ်နေ့ ဆရာမှတ်ကြီး နန်းတော်ကို ထပ်ရောက်တော့ ဆရာမှတ်ကြီးတပည့်တွေအကြောင်းပြောရင်း မင်းတုန်းမင်းရဲ့ ဘာသာရေးအပေါ် ရှု့မြင်သုံးသပ်ပုံကို အင်တာဗျူးကြည့်ခွင့်ရတယ်။
မင်းတုန်း – လူတွေဟာ ကိုယ့်ဘာသာတရားကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုးကွယ်ဆည်းကပ်နေကြတာ ကိုယ်တော် လိုလားမြတ်နိုးပါတယ်။ မွတ်စလင်တွေ ၊ ဟိန္ဒူတွေ ၊ ခရစ်ယာန်တွေကို ကိုယ်တော်မြတ်က ဗုဒ္ဓဘာသာဝင် ကြပါလားလို့ ဘယ်အခါမှ မတိုက်တွန်းခဲ့ဖူးဘူး။ လွတ်လွတ်လပ်လပ် ကိုးကွယ်တာကို သည်းခံတတ်ပါတယ်။
ဒါပေမယ့် လူငယ်လူရွယ်တွေက ကိုယ့်အယူဝါဒကို အလွယ်တကူ ပစ်ပယ်ပြောင်းလဲဖို့ မပြုသင့်ဘူး။ ဘိုးဘွားစဉ်ဆက် ကိုးကွယ်လာတဲ့ ဘာသာကို မဆင်မခြင် အရမ်းမဲ့ မပြစ်မှားသင့်ပေဘူး။ ရတနာသုံးပါးကို မမေ့ကြနဲ့။
မင်းတုန်းမင်းရဲ့ ဘာသာတရားအပေါ် ရှု့မြင်ပုံကို ကြားသိရတော့ ခရစ်ယာန် ဘုန်းတော်ကြီး အံ့အားသင့်ခဲ့ရတယ်။
– ဆရာတင်နိုင်တိုးရဲ့ သမိုင်းထဲက အင်တာဗျူး စာအုပ်မှ
Discussion about this post