Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မင်းကွန်းက ဆင်ဖြူတော်မလေး သီရိမာလ္လာမဟာသုဘဒ္ဒါ ရဲ့အုတ်ဂူ

by Thutamm
August 14, 2019
Reading Time: 1min read
0
မင်းကွန်းက ဆင်ဖြူတော်မလေး သီရိမာလ္လာမဟာသုဘဒ္ဒါ ရဲ့အုတ်ဂူ
Share on FacebookShare on Twitter

ရေးသားသူ – ကိုရန်နောင်စိုး

ဓာတ်ပုံ – Si Thu KaungPyae Kyaw
– Thu Kha Myint Maung

လိုင်းပေါ်ကသိတဲ့ မိတ်ဆွေတွေက အခုဖော်ပြထားတဲ့ဓာတ်ပုံတွေကို ကျွန်တော့ဆီပို့ပေးပြီး သက်ဆိုင်ရာသမိုင်းကြောင်းတွေ လာလာမေးဖူးပါတယ် ။ မှတ်မှတ်ရရ အဲဒီနေရာအကြောင်းလာလာမေးတာ သုံးယောက်ရှိပါပြီ ။ သူတို့က မင်းကွန်းပုထိုးတော်ကြီးအနားမှာတွေ့ရတဲ့ အဲဒီအဆောက်အအုံလေးကို ထူးခြားတယ်ထင်မိလို့ ဓာတ်ပုံရိုက်လာခဲ့တာပါတဲ့ ။ သူ့နဲ့ပက်သက်ပြီး သမိုင်းကြောင်းသိရင် ပြောပြပါဦးဆိုပြီး ကျွန်တော့ကို ကူညီလာတောင်းတာပါ ။ ကျွန်တော့မိတ်ဆွေတွေ ဒီအဆောက်အအုံလေးကို အခုလိုစိတ်ဝင်တစားနဲ့ ဓာတ်ပုံရိုက်လာကြတာကို စိတ်ထဲမှာ တကယ်ကိုချီးကျူးမိပါတယ် ။ ဒီလိုပဲလုပ်ရတာပါ ။ သမိုင်းအချက်အလက် အထောက်အထားမသိရသေးပေမယ့် စိတ်ဝင်စားဖွယ်ကောင်းတာတွေတွေ့ရင် ဓာတ်ပုံမှတ်တမ်းအနေနဲ့ အရင်ယူထားပြီး ဆက်လက်လေ့လာရမှာဖြစ်ပါတယ် ။

တကယ်တော့ ကျွန်တော် သူတို့ပြတဲ့ဓာတ်ပုံထဲကအဆောက်အအုံလေးကို အပြင်မှာမမြင်ဖူးပါဘူး ။ ကျွန်တော်က မင်းကွန်းဘက်ကိုအရောက်နည်းပါတယ် ။ ဒါကြောင့် ဒီအဆောက်အအုံလေးကို သတိမထားမိတာဖြစ်မှာပါ ။ ဒါပေမယ့်လည်း ကျွန်တော်အဲဒီအဆောက်အအုံလေးကိုသိနေပါတယ် ။ ပုံကိုမြင်လိုက်တာနဲ့ ဖတ်ရှုခဲ့ရဖူးတဲ့ သက်ဆိုင်ရာသမိုင်းကြောင်းတွေကိုပါ သတိရလာတာပါ ။ အပြင်မှာ ကိုယ်တိုင်မရောက်ဖူးသေးတဲ့နေရာတွေအကြောင်းရေးလေ့မရှိပေမယ့် အခုတော့ စိတ်ဝင်တစားနဲ့မေးတဲ့သူတွေပေါ်လာသလို သူတို့ရိုက်ယူခဲ့တဲ့ပုံကိုလည်းသေချာမြင်ခဲ့ရပြီမို့ ဓာတ်ပုံထဲက အဆောက်အအုံလေးအကြောင်းရေးကြည့်ချင်ပါတယ် ။

တကယ်တော့ အဲဒီအဆောက်အအုံလေးဟာ အမရပူရခေတ်မှာပေါ်ထွန်းခဲ့တဲ့ ဆင်ဖြူတော်မလေး “သီရိမာလ္လာမဟာသုဘဒ္ဒါ” ရဲ့အထိမ်းအမှတ်အုတ်ဂူလေးပဲဖြစ်ပါတယ် ။

ဆင်ဖြူတော်မလေး “သီရိမာလ္လာ မဟာသုဘဒ္ဒါ” 

ကုန်းဘောင်မင်းဆက်မင်းတွေထဲက ဆင်ဖြူတော်ဆက်သခံရဆုံးဘုရင်ကိုညွှန်ပြပါဆိုရင် အေဒီ ၁၇၈၂ ခုနှစ်ကနေ ၁၈၁၉ ခုနှစ်အထိ စိုးစံသွားတဲ့ ဘိုးတော်ဘုရား ( ဗဒုံမင်း ) ကို ညွှန်ပြရမှာဖြစ်ပါတယ် ။ သူ့လက်ထက်တော်အတွင်းမှာ ဆက်သခံရတဲ့ ဆင်ဖြူတော်ပေါင်း ၁၁ စီးတောင်ရှိခဲ့တယ်လို့ မှတ်တမ်းများမှာဖော်ပြပါတယ် ။ အဲဒီ ဆင်ဖြူတော် ၁၁ စီးထဲမှာ ထင်ရှားတဲ့ နိဗ္ဗာနပစ္စယနာဂရာဇာ ဆင်ဖြူတော်ကြီးပါဝင်သလို သီရိမာလ္လာမဟာသုဘဒ္ဒါ ဆိုတဲ့ဆင်ဖြူတော်လေးလည်းပါဝင်ပါတယ် ။ အဲဒီဆင်ဖြူတော်နှစ်စီးစလုံး ဟံသာဝတီနယ်တစ်ခုထဲမှာရှိခဲ့တာပါ ။ အခု ဆင်ဖြူတော်မလေး သီရိမာလ္လာမဟာသုဘဒ္ဒါ အကြောင်းကိုပြောမှာဖြစ်ပါတယ် ။

၁၈၀၄ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ဘိုးတော်ဘုရား မင်းကွန်းတစ်ဖက်ကမ်း အလယ်ကျွန်းနန်းတော်မှာစံနေတဲ့အချိန် ။ ဟံသာဝတီကျေး လှိုင်မြို့နယ် မင်းလှရပ်မှာ ဗိုင်းဝါဂွမ်းလိုတစ်ကိုယ်လုံးဖွေးဆွတ်နေတဲ့ ဥပေါသထစစ်စစ် ရတနာဆင်ဖြူတော်မတစ်စင်းပေါ်ထွန်းကြောင်း ဘုရင့်နားတော်ပေါက်ကြားတော်မူပါတယ် ။ ဒီတော့ ဘိုးတော်ဘုရား ( ဗဒုံမင်း ) က ဆင်ဖြူတော်ဆောင်ယူစေဖို့အတွက် ဟံသာဝတီမြို့ဝန် ၊ ရေဝန်တို့ကိုစေလွှတ်ပါတယ် ။ ဝန်နှစ်ပါးကလည်း ဆင်ဖြူတော်ကို နေပြည်တော်အရောက်ဆောင်ယူခဲ့တာပါ ။ ဆင်ဖြူတော်ကို ဝန်နှစ်ပါးတို့ကြပ်မတ်ပြီး ရွှေဖောင်တော်နဲ့ဆောင်ယူမှာ အတီးအမှုတ်အကအခုန် ၊ ပွဲလမ်းသဘင်အစုံအလင်နဲ့ ဧရာဝတီမြစ်အတိုင်း ဆန်တက်ခဲ့တာဖြစ်တယ် ။

ဘိုးတော်မင်းတရားကလည်း ဆင်ဖြူတော်မလေး ဆိုက်ရောက်မယ့်အချိန်ကို ပြည်ကြီးမွန်ဖောင်တော်နဲ့ထွက်တော်မူပြီး စစ်ကိုင်းမှာ ဆီးကြိုပါတယ် ။ ဖောင်တော်ပေါ်မှာ မင်းတရားကြီးနဲ့အတူ အရှင်မိဖုရားခေါင်ကြီး ၊ မိဖုရား ၊ သားတော် ၊ မြေးတော် ၊ အဆွေတော်မျိုးတော်တွေနဲ့ မှူးမတ်တော်တို့ကို ခြံရံပြီးပါရှိစေသေးတာပါ ။ ဒါအပြင် ဖောင်တော်နဲ့အတူ ဗိုလ်မှူး တပ်မှူးတွေခြံရံလို့ ကြည်းအား ၊ ရေအား ၊ စစ်အင်္ဂါလေးပါးနဲ့ထွက်တော်မူပြီး ဆိုက်ရောက်လာတဲ့ဆင်ဖြူတော်လေးကို အခမ်းအကြီးအကျယ်နဲ့ ကြိုဆိုခဲ့ပါတယ် ။

ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးမှာ ဖော်ပြထားချက်အရ ဆင်ဖြူတော်ကြိုဆိုရေးအခမ်းအနားဟာ အလွန်မင်းကြီးကျယ်လွန်းလှတာကိုတွေ့ရပါတယ် ။ အဲဒီမှတ်တမ်းတွေကိုကြည့်ပြီး မြန်မာမင်းတို့ရဲ့ဆင်ဖြူတော်အပေါ်အလေးထားလွန်းတဲ့အလေ့အထတွေကို ထင်ထင်ရှားရှားတွေ့နေရပါတယ် ။ ဆင်ဖြူတော်ကို ရွှေဖောင်တော်ပေါ်တင်ပြီး စစ်ကိုင်းကနေ ဧရာဝတီမြစ်ထဲက မင်းတရားကြီးစံနေရာ ရေလယ်ကျွန်းကိုဆောင်ယူရာမှာလည်း အထူးအလေးနက်ထားပြီးဆောင်ရွက်ကြတာပါပဲ ။ လမ်းတစ်လျှောက် အဆောင်အယောင်အခမ်းအနားအမျိုးမျိုးနဲ့ ပွဲလမ်းသဘင် အစုံအလင်ခင်းကျင်းပြီးဆောင်ယူခဲ့တာဖြစ်ကြောင်း ရာဇဝင်တော်ကြီးမှာ အသေးအစိပ်ဖော်ပြထားတာပါ ။ မင်းကွန်း အလယ်ကျွန်းက စံနန်းတော်ဆိပ်းကမ်းကို ဆင်ဖြူတော်လေးဆိုက်ရောက်တဲ့နေ့ဟာ ၁၈၀၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ဖြစ်ပါတယ် ။

ဆင်ဖြူတော်မလေး အလယ်ကျွန်းစံနန်းကိုရောက်လာတဲ့အခါ ကိုယ်မှာဆင်မြန်းဖို့အတွက် ရွှေစင်ငွေစင် ၊ ပထ္ထမြား ၊ စိန် ၊ မြ စတာတွေအပါအဝင် ရတနာကိုးပါးစီခြယ်တဲ့ ရတနာမင်းခမ်းတော်အစုံအပြင် လည်ဆွဲ ၊ လက်ကျောက် ၊ ခြေချင်း ၊ ဦးကင်းဖုံး ၊ နားဆွဲ ၊ မျက်နှာတံ ၊ ရွှေကြိုး ၊ ရွှေကွန်ချာ စတဲ့ တန်ဆာတော်အစုံတွေနဲ့ ရွှေအင် ၊ ငွေအင် စတဲ့ အသုံးဆောင်များကို အပ်နှင်းဆက်သအပ်နှင်းပါတယ် ။ ဆင်ဖြူတော်အဆောင်အယောင်အပ်နှင်းတဲ့ပွဲကို ကြီးကျယ်ခမ်းနားစွာစီရင်ကျင်းပတဲ့ပွဲမှာပဲ ရတနာဆင်ဖြူတော်မကိုလည်း “သီရိမာလ္လာ မဟာသုဘဒ္ဒါ” ဘွဲ့နာမည် ပေးအပ်ပါတယ် ။

အလယ်ကျွန်း စံနန်းရဲ့အရှေ့ဖက်မှာ ဆင်ဖြူတော်စံနေဖို့အတွက် ဖန် ၊ မှန် ၊ ပထ္ထမြားစီခြယ်တဲ့ ဘုံငါးဆင့်ပါ ရွှေပြာသဒ်တစ်ဆောင် ၊ လက်ဝဲ လက်ယာမှာ ဘုံသုံးဆင့်ရှိတဲ့ ရွှေပြာသာင်္ဒနှစ်ဆောင် နဲ့ အမိုးနှစ်ထက်လည်ပေါ် ပါ အဆောင်ခြောက်ဆောင် ဆောက်လုပ်ထားပေးတာအပြင် အဲဒီတန်ဆောင်းပြသာဒ်တွေအတွင်း ဆင်ဖြူတော် အသုံးပြုဖို့အတွက် ဖန် ၊ မှန် ၊ ပတ္တမြား စတာတွေနဲ့စီခြယ်ပြီး ဇဗ္မူရာဇ်ရွှေအတိပြီးတဲ့ မှီတိုင် ၊ မှီတုံး နဲ့ ကထ္ထီပါအုံးမွှေ့အစုံတို့ကို ထားရှိပေးပါသတဲ့ ။

အလယ်ကျွန်းဖောင်တော်ဆိပ်ကနေ ဆင်ဖြူတော်ရဲ့ တန်ဆောင်းပြာသာဒ်ကြီးဆီကို လမ်းသွယ်ထားသေးတယ်လို့ဆိုပါတယ် ။ အဲဒီလမ်းတစ်လျှောက်မှာ ရာဇမတ်ကာပြီး ငှက်ပျော်ပင် ၊ တံခွန် ၊ ကုက္ကား စတာတွေ အမျိုးမျိုးတပ်ဆင်တာအပြင် ပန်းပင်မျိုးစုံကိုလည်း လမ်းနဘေးလက်ဝဲ လက်ယာမှာ စိုက်ထားပေးပါတယ် ။ အလယ်လမ်းကိုတော့ သဲဖြူကြဲလို့ အပေါ်က ကော်ဇောအုပ်ပါတယ် ။ ပြီးတော့မှ အဲဒီပေါ်မှာ ဆင်ဖြူတော်ကိုလျှောက်သွားစေပြီး လူတွေရဲ့ဖူးအတွေ့ကိုခံယူခဲ့တာပါတဲ့ ။

ကျွန်တော်ဟာ ဆင်ဖြူတော်ကိုယုယလွန်းတဲ့အကြောင်းတွေကိုရေးနေရင်း စိတ်အိုက်သလိုဖြစ်နေမိပါတယ် ။ သူ့ခေတ် သူ့အခါ သူ့အတွေးခေါ်ပေါ်မူတည်ပြီး ပြုမူနေကြတဲ့ဆင်ဖြူတော်အစွဲကို မဝေဖန်ချင်တော့ပါဘူး ။ ဒါပေမယ့်လည်း ဆင်တစ်ကောင်ရဲ့သာဘဝကျကျရှင်သန်ခွင့်ရဖို့အတွက်ကိုတော့ တတ်နိုင်ဆုံးဆောင်ရွက်ပေးသင့်တယ်လို့ ထင်ပါတယ် ။ တင်ပြပြီးခဲ့တဲ့အချက်တွေအရ ဒီဘက်ခေတ်လူတစ်ယောက်ရဲ့အမြင်နဲ့ကြည့်ရင် ဆင်ဖြူတော်မလေးအတွက် တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ် ။ တကယ်တော့ ဆင်ဖြူဖြူ ဆင်မည်းမည်း ဆင်ဟာ ဆင်ပါပဲ ။ သူတို့ရဲ့သာဘဝနဲ့နီးစပ်အောင် ဖန်တီးပြုလုပ်ပြီးရှင်သန်ခွင့်ပေးရမှာဖြစ်ပါတယ် ။ အခု ပြောပြီးခဲ့တဲ့သမိုင်းမှတ်တမ်းမှာ ဖော်ပြထားသလိုမျိုး ဆင်ဖြူတော်ကို သူ့သာဘဝထက်လွန်ဆန်ပြီး ယုယလွန်းနေရင် အကျိုးနည်းဖို့ပဲ ရှိတော့တာပါ ။

ဆင်ဖြူတော်မလေး သီရိမာလ္လာ မဟာသုဘဒ္ဒါဟာ နေပြည်တော် ( မင်းကွန်းအလယ်ကျွန်း ) ရောက်ပြီးသုံးလလောက်အကြာမှာပဲ ဆုံးပါးသွားခဲ့ပါတယ် ။ တကယ်ကို စိတ်မကောင်းစရာပါ ။ လိုတာထက်ပိုပြီးယုယလွန်းလို့ ဆင်ဖြူတော်လေးကံကုန်တာဖြစ်ကြောင်း တချို့သမိုင်းမှတ်တမ်းများမှာဖော်ပြထားပါတယ် ။ ဒါဟာ ဖြစ်နိုင်တာပါပဲ ။ ဖတ်ရှုရတဲ့သက်ဆိုင်ရာသမိုင်းမှတ်တမ်းများမှာလည်း ဒီအချက်တွေပေါ်လွင်နေတာပါ ။ ဘိုးတော်ဘုရားဟာ သူမြတ်နိုးတော်မူလွန်းတဲ့ ဆင်ဖြူတော်မလေး သီရိမာလ္လာမဟာသုဘဒ္ဒါကို ရွှေရထား ၊ ရွှေပြာသာဒ်နဲ့တင်ဆောင်ပြီး မင်းကွန်းပုထိုးတော်ကြီးရဲ့ အနောက်မြောက်ထောင့်မှာ အခမ်းအနားကြီးကြီးအကျယ်ကျယ်နဲ့သဂြိုလ်တော်မူပါတယ် ။ ပြီးတော့မှ ဆင်ဖြူတော်မလေးရဲ့ရုပ်ထုကိုထုလုပ်ပြီး သဂြိၤုလ်တဲ့နေရာမှာ ရွှေဂူနဲ့ထားခဲ့ကြောင်း မှတ်တမ်းမှာဖော်ပြပါတယ် ။

အခုလက်ရှိအနေထားအရ အုတ်ဂူမှာဆင်ဖြူတော်ရုပ်ထုကိုမတွေ့ရတော့ပါဘူး ။ အုတ်ဂူထိပ်ပိုင်း မုခ်ခုံးလေးထဲမှာတော့ သီရိမာလ္လာမဟာသုဘဒ္ဒါ ဆိုတဲ့ဆင်ဖြူတော်ရဲ့ဘွဲ့နာမည်ကိုရေးထိုးထားတာတွေ့ရပါတယ် ။ ဒီအုတ်ဂူလေးက ပြန်ပြင်ထားတာဖြစ်နိုင်ပါတယ် ။ ဒါကို ကျွန်တော့သူငယ်ချင်းတွေတွေ့ခဲ့တာပါ ။ သူတို့ရိုက်လာခဲ့တဲ့ပုံဟာ မင်းကွန်းပုထိုးတော်ကြီးရဲ့အနောက်မြောက်ဘက်က ဆင်ဖြူတော်မလေး သီရိမာလ္လာမဟာသုဘဒ္ဒါ အထိမ်းအမှတ်အုတ်ဂူပုံဖြစ်ပါတယ် ။

ဒီနေရာမှာတဆက်စပ်တည်းပြောရရင် တချို့က ဆင်ဖြူမယ်မင်းသမီး ( နောင် စစ်ကိုင်းမင်းရဲ့မိဖုရား ၊ စြင်္ကာမင်းသားရဲ့မယ်တော် ) ဆိုတာ ဆင်ဖြူတော်မလေး သီရိမာလ္လာမဟာသုဘဒ္ဒါရရှိပြီးနောက်မှာမွေးဖွားလို့ ဆင်ဖြူရှင်မယ်လို့ အမည်မှည့်ခဲ့ကြောင်းထင်မြင်ချက်ပေးကြတယ်လို့သိရပါတယ် ။ တချို့ကလည်း အဲဒီအထိမ်းအမှတ်အုတ်ဂူဟာ ဆင်ဖြူရှင်မယ်မိဖုရားရဲ့အုတ်ဂူဖြစ်ကြောင်း သတ်မှတ်ပြောဆိုမှုတွေရှိနေပြန်ပါတယ် ။ အဲဒီ ထင်မြင်ချက်တွေ လုံးဝမမှန်ပါဘူး ။ တကယ်တော့ ဆင်ဖြူရှင်မယ်မင်းသမီးဟာ ၁၇၈၉ ခုနှစ်ကမွေးဖွားခဲ့တာဖြစ်ပြီး ဆင်ဖြူတော်မလေး သီရိမာလ္လာမဟာသုဘဒ္ဒါက နောက် ၁၅ နှစ်ကြာပြီးမှ နေပြည်တော်ကိုရောက်လာခဲ့တာပါ ။ ဘိုးတော်ဘုရားကိုယ်က မြေးတော်လေးအတွက် ဆင်ဖြူရှင်မယ်ဆိုတဲ့ အမည်နာမကိုမွေးတဲ့နှစ်မှာပဲ ပေးခဲ့တာဖြစ်ပါတယ် ။ အုတ်ဂူကလည်း ဆင်ဖြူရှင်မယ်မိဖုရားရဲ့အုတ်ဂူ မဟုတ်ပါဘူး ။ ဆင်ဖြူတော်မလေး သီရိမာလ္လာမဟာသုဘဒ္ဒါရဲ့ အုတ်ဂူသာဖြစ်ပါတယ် ။

( ရန်နောင်စိုး )

အကိုးအကား ။ ။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ( ဒုတွဲ )
သမိုင်းလည်ပြန် ( မောင်သန်းဆွေ – ထားဝယ် )

Tags: myanmar historymyanmar knowledge
Next Post
သေဆုံးသူရဲ့ သားအိမ်နဲ့ အစားထိုးကာ ကလေးမွေးနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးဖြစ်စဉ်

သေဆုံးသူရဲ့ သားအိမ်နဲ့ အစားထိုးကာ ကလေးမွေးနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးဖြစ်စဉ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!