မဒါဂတ်စကာ ဆိုတဲ့နာမည်ကိုတော့ တော်တော်များများ ကြားဖူးပြီး ဖြစ်မှာပါ။ ကျွန်တော်တို့ အများစုက ဒီနာမည်ကို မဒါဂတ်စကာကျွန်း အနေနဲ့ သာ သိကြတာဖြစ်ပါတယ်။ တကယ်တော့ သူဟာ အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံ ဖြစ်ပြီး တရားဝင်အမည်ကတော့ မဒါဂတ်စကာ သမ္မတနိုင်ငံ ဖြစ်ပါတယ်။ ဒီနာမည်ကို အဓိက လူသိများရခြင်း အကြောင်းကတော့ ဒီနေရာမှာ ရှိတဲ့ သက်ရှိမျိုးစိတ်ပေါင်း ၈၀% ခန့်ဟာ ကမ္ဘာရဲ့ တခြားမည်သည့်နေရာမှ မတွေ့နိုင်ပဲ ဒီနေရာမှာပဲ တွေ့ရလို့ ဖြစ်ပါတယ်။
မဒါဂတ်စကာတည်ရှိရာ မဒါဂတ်စကာကျွန်းဟာ အာဖရိကအရှေ့ဘက်ကမ်းရိုးတန်းကနေ မိုင်ပေါင်း ၂၅၀ခန့် အကွာအဝေးမှာ တည်ရှိနေတာပါ။ ဒီကျွန်းဟာ ဧရိယာစတုရန်းမိုင် ၂၂၆,၆၅၈ ကျယ်ဝန်းပြီး ကမ္ဘာပေါ်မှာ ၄ခု မြောက်အကြီးဆုံး ကျွန်းဖြစ်သလို နိုင်ငံအနေနဲ့ ဆိုရင်တော့ ၄၇ ခုမြောက် ဧရိယာအကြီးဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စာရင်းအရ မဒါဂတ်စကာရဲ့ လူဦးရေဟာ ၂၆,၂၆၂,၃၁၃ ရှိပြီးသိပ်သည်းဆအနေနဲ့ကတော့ ၁စတုရန်းမိုင်မှာ နေထိုင်သူ ၉၁ဦးခန့်ပဲ ရှိပါတယ်။ မဒါဂတ်စကာကို ဒေသ ၂၂ ခုခွဲကာအုပ်ချုပ်ပြီး မြို့တော်ကတော့ လူဦးရေ ၁.၃သန်း နီးပါးနေထိုင်တဲ့ အန်တာနာ နာရီဗို မြို့ဖြစ်ပါတယ်။
ကျွန်းသား လူမျိုးစုပေါင်းများစွာ နေထိုင်ကြပြီး လူဦးရေအများဆုံးမျိုးနွယ်တွေကတော့ မာရီနာ နဲ့ ဘက်စီမီဆာရာကာ မျိုးနွယ်စုတွေဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှု အနေနဲ့ကတော့ ရိုးရာနတ်ကိုးကွယ်ယုံကြည်သူ ၅၂% ၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၄၁% နဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူ ၇% တို့ ရှိကြပါတယ်။ မာလာဂတ်ဆီ ဘာသာစကား နဲ့ ပြင်သစ်ဘာသာစကားတွေကတော့ ရုံးသုံးဘာသာစကားတွေဖြစ်ပါတယ်။ မဒါဂတ်စကာနိုင်ငံဟာ ကုလသမဂ္ဂ ၊ အာဖရိကယူနီယံ ၊ အာဖရိကတောင်ပိုင်း ဖွံဖြိုးတိုးတက်မှုအဖွဲ့အစည်း စတာတွေရဲ့ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါတယ်။
မဒါဂတ်စကာကျွန်းရဲ့ အရှေ့ပိုင်းကမ်းရိုးတန်းမှာတော့ အပူပိုင်း မြေနိမ့် သစ်တောတွေပေါများစွာ ရှိနေပြီး ကျွန်းရဲ့အနောက်ပိုင်းကတော့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၀၀၀ကျော်ကနေ ၅၀၀၀နီးပါးထိမြင့်တဲ့ တောင်တန်းဒေသ ရှိနေပါတယ်။ နိုင်ငံရဲ့ အမြင့်ဆုံးနေရာကတော့ ကျွန်းမြောက်ပိုင်းမှာ ရှိတဲ့ မာရိုမိုကိုထရို တောင်ဖြစ်ပြီး အမြင့်ပေ ၉၄၃၆ ရှိပါတယ်။ အကြီးဆုံး ရေကန်ကတော့ မြောက်ပိုင်းမှာ ရှိတဲ့ အဲလိုထရာ ရေကန်ဖြစ်ပြီး စွတ်စိုမြေဧရိယာကိုပါ ထည့်ရေတွက်ရင် ၂၇၈၉ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။
ဒီကျွန်းပေါ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၁ထောင်ကျော်ကတည်းက အခြေချနေထိုင်သူတွေရှိခဲ့ပြီး အေဒီ ၆ ရာစုမှာတော့ မျိုးနွယ်စုတွေဟာ ကျွန်းရဲ့အလယ်ပိုင်းကုန်မြင့်ကို ရှင်းလင်းနေထိုင်ခဲ့ကြပါတယ်။ ၇ ရာစုနဲ့ ၉ ရာစု ကြားကာလမှာတော့ အာရပ်ကုန်သည်တွေဟာ ဒီကျွန်းနဲ့ အဆက်အသွယ်ရှိခဲ့ကြပါတယ်။ ဥရောပသားတွေအနေနဲ့ ပေါ်တူဂီတွေက ၁၅၀၀ ပြည့်နှစ်ဝန်းကျင်က စတင်ရောက်ရှိလာပြီး ပြင်သစ်တွေကတော့ ၁၇ ရာစုမှ ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ ၁၇ ရာစုမှာတော့ ဘက်စီလီယို ဘုရင့်နိုင်ငံရှိခဲ့ပြီး စိုက်ပျိုးရေးစနစ်လည်း ထွန်းကားနေခဲ့ပါပြီ။
မရီနာ (သို့) မဒါဂတ်စကာ ဘုရင့်နိုင်ငံကိုတော့ ၁၅၄၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၈၆၃ ခုနှစ်အထိ ဘုရင်စနစ် ၊ ၁၈၉၇ ခုနှစ်အထိ စည်းမျဉ်းခံဘုရင်စနစ်တွေနဲ့ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉ ရာစုနှောင်းပိုင်းမှာတော့ ပြင်သစ်တို့ရဲ့ လက်အောက်ခံ နယ်မြေဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဗြိတိသျှတို့ရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ စစ်ပြီး ကာလမှာတော့ မဒါဂတ်စကာကျွန်းဟာ ပြင်သစ်နိုင်ငံရဲ့ ပင်လယ်ရပ်ခြား ပြင်သစ်ပိုင်နယ်မြေတခုဖြစ်လာခဲ့ပါတယ်။
၁၉၆၀ ခုနှစ်မှာတော့ ပြင်သစ်ဆီကနေ လွတ်လပ်ရေးရခဲ့ပြီးနောက် မလာဂတ်ဆီသမ္မတ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာတော့ ဒီမိုကရက်တစ် မဒါဂတ်စကာသမ္မတနိုင်ငံဖြစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်ကနေစလို့ မဒါဂတ်စကာသမ္မတနိုင်ငံအဖြစ် ပြောင်းလဲခဲ့ပါတယ်။ လက်ရှိအုပ်ချုပ်ရေးဥပဒေကတော့ ၂၀၁၀ ခုနှစ်မှာမှ ရေးဆွဲထားတဲ့ ဥပဒေဖြစ်ပြီး သမ္မတကနေ ဝန်ကြီးချုပ်ကို ခံအပ်ရတဲ့ တပြည်ထောင် တစိတ်တပိုင်း သမ္မတ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျင့်သုံးပါတယ်။ လက်ရှိသမ္မတက အန်ဒရေ ရာဂျိုလီနာ ဖြစ်ပြီး ဝန်ကြီးချုပ်က ခရစ်ရှန်နက်တီဆေ ဖြစ်ပါတယ်။
နိုင်ငံရဲ့စီးပွားရေးဟာ စိုက်ပျိုးရေးကို အခြေခံပြီး ၂၀၁၈ ခုနှစ်စာရင်းအရဆို ဆန်စပါး တန်ချိန် ၄သန်း ၊ ကြံတန်ချိန် ၃.၁သန်း ၊ ပီလောပီနံ တန်ချိန် ၂.၅သန်း စသည်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါတယ်။ အခြားစီးပွားရေးလုပ်ငန်းအနေနဲ့ကတော့ အသား ၊ ဆပ်ပြာ ၊ အဖျော်ယမကာ ၊ သားရေ ၊ သကြား ၊ ဖန်ထည် ၊ ဘိလပ်မြေ ၊ စက္ကူ ၊ ချည်မျှင် နဲ့ အထည် ၊ မော်တော်ကားထုတ်လုပ်ရေး ၊ လောင်စာဆီ နဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေကို လုပ်ကြပါတယ်။ ၂၀၂၀ ခုနှစ် နိုင်ငံတကာငွေကြေးအဖွဲ့ရဲ့ စာရင်းအရ မဒါဂတ်စကာ နိုင်ငံသားတဦးရဲ့ ပျမ်းမျှဝင်ငွေဟာ အမေရိကန် ၅၁၅ဒေါ်လာပဲ ရှိပါတယ်။ ငွေကြေးစနစ်အနေနဲ့ မာလာဂတ်ဆီ အရာရီ(MGA)ကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၃၉၂၇ MGA နဲ့ ညီမျှပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ကျတဲ့နိုင်ငံတွေထဲမှာ ပါဝင်ပြီး မြို့ကြီးတွေမှာပဲ ဆေးခန်း ဆေးရုံတွေ ရှိပြီး အစွန်အဖျားဒေသက လူတွေအတွက် ကုသမှုခံယူဖို့ အလွန်ခက်ခဲပါတယ်။ ဆရာဝန် နဲ့ သူနာပြုဦးရေ အလွန်နည်းပါးသလို နိုင်ငံသားတွေရဲ့ ဝင်ငွေ နဲ့ တွက်ရင် ကျန်းမာရေးကုသမှု စရိတ်ဟာ အဆမတန် မြင့်မားနေပါတယ်။
ပညာရေး အနေနဲ့ကတော့ ၁၉ ရာစု မတိုင်မီအထိ မဒါဂတ်စကာမှာ တရားဝင်ကျောင်းဆိုပြီး ရေရေရာရာ မရှိခဲ့ပဲ အလွတ်သဘော အနေနဲ့ သင်ကြားမှုများသာ ရှိခဲ့ပါတယ်။ ပထမဆုံး ဥရောပစတိုင်ကျောင်းကတော့ ၁၈၁၈ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ လန်ဒန်သာသနာပြု ကျောင်း ဖြစ်ပြီး တိုမာဆီနာ မြို့မှာ ဖွင့်လှစ်ခဲ့တာပါ။ ပြင်သစ်တို့လက်အောက်မှာတော့ ပြင်သစ်ဘာသာစကား သင်ရိုးတွေကို သင်ခဲ့ရပါတယ်။ အသက် ၆နှစ်ကနေ ၁၃နှစ်အထိ အခမဲ့ပညာရေး စနစ်ကို ကျင့်သုံးပြီး ၂၀၁၈ ခုနှစ်စာရင်းအရ အရွယ်ရောက်ပြီးသူ စာတတ်မြောက်နှုန်း ၇၅% သာ ရှိပါတယ်။ တက္ကသိုလ်တွေကတော့ အများအားဖြင့် မြိုတော် အန်တာနာ နာရီဗို မှာသာ ရှိကြပြီး အထင်ရှားဆုံး တက္ကသိုလ်ကတော့ အန်တာနာ နာရီဗို တက္ကသိုလ်ဖြစ်ပါတယ်။
မဂါတ်ဒတ်စကာ ပြည်သူ့တပ်မတော်မှာတော့ ကျည်းတပ် မှာ စစ်သည် ၁၂၅၀၀ ဦး ၊ ရေတပ် ၅၀၀ ဦး ၊ လေတပ် ၅၀၀ ဦး တို့နဲ့ ဖွဲ့စည်းထားပါတယ်။ လေတပ်မှာတော့ MiG-17 နဲ့ MiG-21 တို့လို ဖိုက်တာလေယာဉ်တွေအပါအဝင် လေယာဉ်စီးရေ ၆၀ ခန့် ရှိနေပါတယ်။ ကျည်းတပ်မှာတော့ PT-76 တင့်ကား ၁၂စီး နဲ့အတူ အခြားသံချပ်ကာယာဉ်ပေါင်း ၁၀၀ ကျော် ရှိနေပါတယ်။ ရေတပ်အနေနဲ့ကလည်း Mark 8 စစ်သင်္ဘောတစီးအပါအဝင် စုစုပေါင်း စစ်ရေယာဉ် ၁၀ စီးခန့်ပဲ ရှိနေပြီး တပ်မတော်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၁၅ သန်း ဖြစ်ပါတယ်။
မဒါဂတ်စကာဟာ ကမ္ဘာရဲ့တခြားမည်သည့်နေရာမှာမှ မတွေ့နိုင်တဲ့ အပင်တွေ တိရစ္ဆာန်မျိုးစိတ်တွေ ပေါများစွာ ရှိနေတာကြောင့် ဂေဟဗေဒပညာရှင်တွေက ၈ခုမြောက်တိုက်လို့ တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ တခြားဘယ်နေရာမှ မတွေ့နိုင်တဲ့ အပင်မျိုးစိတ်ပေါင်း ၁သောင်းကျော် ရှိနေသလို နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၂၀၀ကျော် ၊ လီမာမျောက်မျိုးစိတ်ပေါင်း ၁၀၀ ကျော် ၊ ငှက်မျိုးစိတ်ပေါင်း ၃၀၀ ကျော် ၊ တွားသွားသတ္တဝါမျိုးစိတ်ပေါင်း ၂၆၀ကျော် နဲ့ ရေနေကုန်းနေ သတ္တဝါမျိုးစိတ်ပေါင်း ၂၇၀ နီးပါးတို့ဟာ ဒီကျွန်းတခုတည်းမှာပဲ ရှိနေပါတယ်။ ဒါကြောင့်လည်း ကျွန်းတခုလုံးမှာ အမျိုးသားဥယျာဉ်ကြီးပေါင်း ၅၀ကျော် နဲ့ သဘာဝထိမ်းသိမ်းစောင့်ရှောက်ရေးနယ်မြေတွေ အများအပြားသတ်မှတ်ထားပြီး ခရီးသွားလုပ်ငန်းကို ဖန်တီးကာ ဒီကနေ နိုင်ငံဝင်ငွေ အမြောက်အများရရှိနေတာ ဖြစ်ပါတယ်။
မဒါဂတ်စကာမှာ စိတ်ဝင်စားစရာ သက်ရှိတွေအများကြီးရှိတဲ့အနက်က အချို့ကို ဝေမျှပေးပါမယ်။
လီမာမျောက်မျိုးစိတ်တွေ အများကြီးရှိတဲ့ အနက် ဘေးတိုက် ခုန်ဆွ ခုန်ဆွ သွားတတ်တဲ့ လီမာမျောက်တွေကိုတော့ ကနေတဲ့မျောက်တွေ ဆိုပြီး လူသိများပါတယ်။ တကိုယ်လုံးဖြူနေပြီး မျက်နှာတခုတည်း ကွက်မဲနေတဲ့ မျောက်တွေဖြစ်ပါတယ်။
နီနီရဲရဲ နဲ့ အဝေးကကြည့်ရင် ခရမ်းချဉ်သီးလို့ ထင်ရမယ့်အရာကတော့ ခရမ်းချဉ်သီးဖားဖြစ်ပါတယ်။ သိပ္ပံအမည် Dyscophus ရှိတဲ့ ဒီဖားတွေကိုတော့ မဒါဂတ်စကာမှာ ပေါများစွာ တွေ့ရလေ့ရှိပါတယ်။
မြန်မာလို ခေါ်ရင် အေးအေး လို့ ခေါ်ရမယ့် အကောင်လေးတွေကတော့ လက်တံရှည်တဲ့ လီမာမျောက်မျိုးနွယ် Aye-Aye ဖြစ်ပါတယ်။ လီမာဆိုပေမယ့် မျက်နှာက ကြွက်နဲ့ ဆင်ပြီး ကြွက်တွေလို ကိုက်ဖြတ်တတ်တဲ့သွားတွေကို ပိုင်ဆိုင်ထားပါတယ်။ ပျမ်းမျှအားဖြင့် ခန္ဓာကိုယ်အလျား ၁ပေ ကျော်ခန့်ရှိတတ်ပြီး အလေးချိန်အားဖြင့်ကတော့ ၄ပေါင်ခန့်ရှိတဲ့ ဒီအကောင်တွေရဲ့ပုံသဏ္ဍာန်ဟာ အသည်းယားစရာတော့ ကောင်းပါတယ်။
မဒါဂတ်စကာနဲ့အတူ လူသိအများဆုံးအရာကိုပြောပါဆိုရင်တော့ Baobab သစ်ပင်ကြီးတွေကိုပဲ ပြောရမှာဖြစ်ပါတယ်။ ပုံသဏ္ဍာန်ဆန်းပြားပြီး ကြီးမားခန့်ထည်တဲ့ ဒီအပင်ကြီးတွေကိုတော့ မဒါဂတ်စကာမှာ ပေါများစွာ တွေ့ရနိုင်ပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀၀၀ ဝန်းကျင် ခန့်အထိ ရှင်သန်နိုင်တဲ့ဒီအပင်ကြီးတွေဟာ ပေ ၁၆၀ ဝန်းကျင်ထိ မြင့်မားတတ်ကြပါတယ်။ (Baobab ပင်ကြီးတွေကိုတော့ အာဖရိက ၊ သြစတြေးလျ နဲ့ အာရှ ဒေသတွေမှာလည်း ရှားပါးစွာ တွေ့နိုင်ပါတယ်)
မဒါဂတ်စကာမှာ ပိုးဖလံမျိုးကွဲတွေ အများကြီးရှိတဲ့အနက်က ထင်ရှားတဲ့ ပိုးဖလံကတော့ ကြယ်တံခွန် ပိုးဖလံ(Comet Moths) တွေ ဖြစ်ပါတယ်။ တောင်ပံအကျယ် ၅လက်မခန့်ရှိကာ န္ဓောကိုယ်မှာ အဝါရောင်နဲ့ လှပနေတဲ့ ဒီပိုးဖလံကြီးတွေကိုတော့ မဒါဂတ်စကာက တောအုပ်တွေထဲမှာ တွေ့ရလေ့ရှိပါတယ်။
Masobe တောက်တဲ့ ဟာ (သိပ္ပံအမည် Paroedura masobe) ရှားပါးတောက်တဲ့ တမျိုးဖြစ်ပြီး မဒါဂတ်စကာကျွန်းမှာပဲ တွေ့ရတတ်ပါတယ်။ အရွယ်အစားအားဖြင့် ပျမ်းမျှခန္ဓာကိုယ်အလျား ၆လက်မခန့် ရှိတတ်ပြီး သက်တမ်းကတော့ ၈နှစ် ဝန်းကျင်ဖြစ်ပါတယ်။
မဒါဂတ်စကာက အပေါများဆုံး အကောင်တမျိုးကတော့ ပုတ်သင်ညိုတွေပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ပုတ်သင်ညိုမျိုးစိတ်တဝက်လောက်က ဒီကျွန်းပေါ်မှာ ရှိနေပါတယ်။ ပုတ်သင်ညိုအသေးစားတွေဟာ အသေးဆုံးအနေနဲ့ ၁လက်မအောက်အထိ ရှိတတ်သလို အကြီးဆုံး အကောင်တွေကတော့ ၂ပေကျော်တောင်မှ ရှိတတ်ပါသေးတယ်။
မဒါဂတ်စကာက တောက်တဲ့တမျိုးကတော့ သစ်ရွက်ခြောက်တောက်တဲ့လို့ လူသိများပါတယ်။ သူတို့ရဲ့ သိပ္ပံနာမည်က Uroplatus phantasticus ဖြစ်ပြီး အရွယ်အစားအားဖြင့် ၂လက်မခွဲ ကနေ ၃လက်မခွဲခန့်အထိ ရှိတတ်ပါတယ်။ နာမည်နဲ့လိုက်အောင်ပဲ သစ်ရွက်ခြောက်နဲ့ အလွန်တူပြီး သစ်ပင်ပေါ်မှာရှိနေရင် အလွယ်တကူမြင်နိုင်မှာ မဟုတ်ပါဘူး။
မဒါဂတ်စကာရဲ့ နောက်ထပ် ထင်ရှားတဲ့ အပင်တမျိုးကတော့ ခရီးသည် palm ( Travellers palm) ဖြစ်ပါတယ်။ အရွက်တွေက ငှက်ပျောရွက်လိုလို ဘာလိုလို နဲ့ အရင်းကနေ အခက်တွေ ညီညာစွာ ခွဲဖြာထွက်သွားတဲ့ ပုံသဏ္ဍာန်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။
Fossa လို့ခေါ်တဲ့ တိရစ္ဆာန်တမျိုးလည်း ရှိပါသေးတယ်။ ကြောင်တွေနဲ့ တူပေမယ့် မြွေပါမျိုးစိတ်နဲ့ ပိုနီးစပ်ပါတယ်။ ခန္ဓာကိုယ်အလျား ၃ပေနီးပါးရှိသလို အလေးချိန်အနေနဲ့ကလည်း ၁၉ပေါင်လောက် ရှိတဲ့ အကောင်တွေဖြစ်ပါတယ်။ ငှက် ၊ ပုတ်သင်ညို နဲ့ ကိုက်ဖြတ်တတ်တဲ့ သတ္တဝါလေးတွေဟာ သူ့ရဲ့အစာဖြစ်ပါတယ်။
မဒါဂတ်စကာက ထူးခြားတဲ့မြွေတမျိုးကိုပြပါ ဆိုရင်တော့ မာလာဂတ်ဆီ သစ်ရွက်နှာခေါင်း နဲ့ မြွေကို ပဲ ပြရပါမယ်။ တခြားမြွေအားလုံးနဲ့ မတူညီတဲ့ ချွန်ထွက်နေသောနှာခေါင်းကို ပိုင်ဆိုင်ထားလို့ Malagasy leaf-nosed snake လို့ခေါ်ကြတာပါ။ အရွယ်အစားအားဖြင့် ၆ပေ ဝန်းကျင်ခန့်ရှည်လျားတဲ့ ဒီမြွေတွေဟာ အဆိပ်အတန်အသင့်ရှိပေမယ့် တော်ရုံနဲ့ တိုက်ခိုက်လေ့မရှိပါဘူး။
Discussion about this post