စပိန်နိုင်ငံရဲ့မြို့တော်အဖြစ်သာမက နိုင်ငံရဲ့အကြီးဆုံးသောမြို့လည်းဖြစ်တဲ့ မက်ဒရစ်မြို့ဟာ ဥရောပအနောက်တောင်ဘက်အစွန်းမှာတည်ရှိပြီး စပိန်နိုင်ငံရဲ့ အလယ်ဗဟိုဒေသ Meseta ရဲ့တောင်ဘက်စွန်း၊ Guadarrama တောင်တန်းဒေသရဲ့ တောင်ဘက်ပိုင်း (၁၇)မိုင်ခန့်အကွာက Jarama နဲ့ Manzanares မြစ်ဝှမ်း(၂)ခုရဲ့ကြား ကနေ ခွလျက်အနေအထားနဲ့ တည်ရှိလို့နေပါတယ်။ (၂၀၁၈)ခုနှစ် စာရင်းတွေအရ မက်ဒရစ်မြို့တော်ရဲ့လူဦးရေဟာ (၃.၂)သန်းခန့်ရှိနေတယ်လို့သိရပြီး ဧရိယာစတုရန်းမိုင်ပေါင်း (၂၃၃)မိုင်လောက်ကိုကျယ်ဝန်းပါတယ်။ မြို့ရဲ့နယ်နိမိတ်အစွန်ဆုံးအပိုင်းတွေမှာတည်ရှိတဲ့ တောင်တန်းတွေဟာဆိုရင်လည်း ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၁၇၈၁) ပေကနေ (၂၇၇၆)ပေအထိ ခြားနားတဲ့အမြင့်ပေတွေကိုပိုင်ဆိုင်ထားကြပါတယ်။
မက်ဒရစ်မြို့ရဲ့သမိုင်းကြောင်းတွေကို တိတိကျကျ စတင်မှတ်တမ်းတင်တဲ့ ကာလဟာ (၉)ရာစုရောက်ချိန်မှဖြစ်တယ်ဆိုပေမဲ့ သမိုင်းဆိုင်ရာလေ့လာသူတွေကတော့ ယခုမြို့ တည်နေရာမှာ ကျောက်ခေတ်ကာလကတည်းက လူသားမျိုးနွယ်တွေစတင်နေထိုင်ခဲ့ ကြတယ်လို့ ဆိုပါတယ်။ Phill (2) ဘုရင်လက်ထက်ရောက်ချိန် သူရဲ့တရားစီရင်ရေးရုံးကို Toledo ကနေ မက်ဒရစ်မြို့ကို (၁၅၆၀)ခုနှစ်မှာစတင်ရွေပြောင်းခဲ့ရာကနေ မက်ဒရစ်ဟာမြို့တော်ကြီးတစ်ခုအဖြစ်စတင်ဖွံဖြိုးလို့လာခဲ့ပါတယ်။
မက်ဒရစ်မြို့ဟာ (၁၆၀၆) ခုနှစ်ကနေစတင်ပြီး စပိန်နိုင်ငံရဲ့မြို့တော်အဖြစ် စတင်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ မက်ဒရစ်မြို့ ရဲ့အဆောက်အအုံတည်ဆောက်ပုံတွေဟာ တစ်ခုနဲ့တစ်ခုခေတ်ကာလအပိုင်းအခြားကိုမူတည်ပြီး ကွဲပြားစွာတည်ရှိလို့နေပါတယ်။ ယင်းကနေပဲ ခေတ်ကာလတလျှောက် ကွဲပြားတိုးတက်လာတဲ့ အဆောက်အဦးတည်ဆောက်ပုံ ဗိသုကာဒီဇိုင်းတွေကို လေ့လာနိုင်ပါတယ်။
ရှေးခေတ်အဆောက်အအုံကြီးတွေ၊ ဝင်္ကပါလမ်းသွယ်လေးတွေတည်ရှိနေတဲ့ Plaza Mayor (မြို့ရင်ပြင်)လိုထည်ဝါတဲ့အဆောက်အအုံကြီးတွေ Neoclassical လက်ရာ အဆောက်အအုံတွေ၊ တစ်ဖက်တစ်ချက်စီမှာ သစ်ပင်တွေစီတန်းစိုက်ပျိုးထားတဲ့မြို့တွင်း လမ်းကျယ်ကြီးတွေပိုင်ဆိုင်ထားတဲ့ မက်ဒရစ်မြို့လယ်ခေါင်ဟာ ဥရောပမှာဆိုရင်သမိုင်း နဲ့ချီပြီးနာမည်ကျော်ပါတယ်။ ဒါအပြင်ခေတ်မီအဆောက်အအုံများစွာဟာလည်း မက်ဒရစ်ရဲ့မြို့လယ်ခေါင်မှာနေရာယူထားပြီး မြို့စွန်မြို့ဖျားတိုင်အောင် တည်ရှိနေတဲ့ အခြေခံ စီးပွားရေးအဆောက်အအုံတွေကြောင့်လည်း မက်ဒရစ်မြို့ဟာ စီးပွားရေးဖွံ ဖြိုးမှုအားကောင်းတဲ့ မြို့တော်ကြီးအဖြစ် လည်း ရှိလို့နေပြန်ပါတယ်။
မြို့တော်ရင်ပြင်လို့ဆိုရမယ့် Plaza Mayor ကို မက်ဒရစ်မြို့ရဲ့အသည်းနှလုံးလို့လည်းဆိုရမှာ ဖြစ်ပြီး Philip (3) အုပ်စိုးစဉ်ကာလ (၁၅၈၀)ကနေစတင်တည်ဆောက်ခဲ့ရာ (၁၆၁၉) ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ထောင့်မှန်စတုဂံပုံ ရင်ပြင်ကျယ်ကြီးဖြစ်ပြီး (၄၂၃X ၃၀၈) ပေ အကျယ်ရှိကာ ခေတ်ကာလ(၃)ခုအတွင်းမှာတည်ဆောက်ခဲ့တဲ့ လသာဆောင် (၂၃၇) ခုကနေဝန်းရံထားပါတယ်။ ဝင်ပေါက်(၉)ပေါက်အထိပါဝင်နေပြီး The Casa de la Panaderia လို့သိကြတဲ့ Barkey House နေရာမှာဆိုရင် မြို့ပြဆိုင်ရာအမွေအနှစ်များ စွာတည်ရှိပြီး Plaza Mayor ရဲ့ထင်ရှားဆုံးအစိတ်အပိုင်းအဖြစ်ရှိနေပါတယ်။
မက်ဒရစ်မြို့မှာတည်ရှိနေတဲ့ Prado ပြတိုက်ဟာဆိုရင်လည်း ကမ္ဘာအဆင့်မီ အနုပညာ ပြတိုက်ကြီးဖြစ်ပြီး အတွင်းမှာဆိုရင် ပန်းချီကားချပ်ပေါင်း (၅၀၀၀)ကျော်လောက်ကို ပြသထားပါတယ်။ ယင်းပြတိုက်ကြီးဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာတည်ရှိတဲ့ Louvre နဲ့အပြိုင် ဖြစ်ပါတယ်။ Prado ပြတိုက်အတွင်းမှာဆိုရင် စပိန်နာမည်ကျော်ပန်းချီဆရာ Francisco Goya ရဲ့လက်ရာပန်းချီကား (၁၄၀)အပါအဝင် စပိန်နိုင်ငံတွင်းမှာ (၁၂)ရာစုကနေ (၁၉) ရာစုအစောပိုင်းကာလက ရေးဆွဲခဲ့တဲ့ ပန်းချီပညာသည်တွေရဲ့လက်ရာတွေကိုပြသထားပြီး အများစုဟာ ပညာရှင်တွေရဲ့အပြောင်မြောက်ဆုံးသောအနုပညာလက်ရာတွေသာ ဖြစ်ပါတယ်။ ဒါအပြင် အီတလီ၊ ပြင်သစ်၊ဖလီးမက်(Flemish) ၊ ဗြိတိန်နဲ့ဂျာမန်ပန်းချီဆ ရာတွေရဲ့ အနုပညာလက်ရာတွေအပြင် Neoclassical Italian ကျောက်ဆစ်ပန်းချီလက် ရာတွေကိုလည်း ယင်းပြတိုက်ကြီးအတွင်းမှာတွေ့ရှိနိုင်မှာဖြစ်ပါတယ်။
စပိန်တော်ဝင်မိသားစုနေထိုင်ဖို့တည်ဆောက်ထားတဲ့ Royal Palace ဟာလည်း မက်ဒရစ်မြို့မှာတည်ရှိနေပြီး နိုင်ငံတော်အခမ်းအနားတွေကျင်းပရာ နေရာအဖြစ်အသုံးပြုပါတယ်။ ယခုအချိန်မှာတော့ စပိန်ဘုရင်ဖိလစ်(4) နဲ့သူမိသားစုကတော့ ယင်းနန်းတော် မှာနေထိုင်ခြင်းတော့မရှိပဲ မက်ဒရစ်မြို့ဆင်ခြေဖုံးမှာတည်ရှိတဲ့ Zarzuela နန်းတော်မှာ သာနေထိုင်ကြပါတယ်။
မက်ဒရစ်မြို့ရဲ့အကြီးဆုံးသောပန်းခြံကြီးဖြစ်တဲ့ The Buen Retiro Park ဟာဆိုရင် စပိန်မှာဆိုရင်လည်းအကြီးဆုံးဖြစ်ကာ (၁၉)ရာစုနှောင်းပိုင်းကာလအထိ ဘုရင်မိသားစုအသိုင်းအဝိုင်းက ပိုင်ဆိုင်ခဲ့ကာ ယခုချိန်မှာတော့ အများပိုင်ဖြစ်သွားခဲ့ပါပြီ။ စပိန်ရဲ့လူသိများထင်ရှားတဲ့ ယင်းပန်းခြံကြီးဟာ ဧက (၃၅၀)လောက်ကျယ်ဝန်းပြီး မက်ဒရစ်မြို့လယ်ခေါင်ရဲ့ အစွန်ဆုံးအပိုင်းမှာတည်ရှိလို့နေပါတယ်။
Puerta del Sol ဆိုတာကတော့ မက်ဒရစ်မြို့ရဲ့အထင်ကရ ရင်ပြင်ကျယ်ကြီးဖြစ်ပြီး စပိန် လိုအဓိပ္ပါယ်ကတော့ နေမင်းရဲ့တံခါးပေါက်လို့ဆိုပါတယ်။ စပိန်နိုင်ငံရဲ့ဆက်သွယ်ရေး လမ်းကြောင်း radial network (အလယ်ကနေပတ်ပတ်လည်ခွဲထွက်သွားတဲ့) ကွန်ယက် လမ်းကြောင်းရဲ့ ကီလိုမီတာ သုည (km o) နေရာမှာတည်ရှိနေပြီး မြို့တော်ရဲ့လူအသိဆုံး ၊အစည်ကားဆုံးသော အပိုင်းတွေအတွင်းမှာပါဝင်ပါတယ်။ ယင်းရင်ပြင်အတွင်းမှာပဲ စပိန်တွေရဲ့ရိုးရာပွဲတော်ဖြစ်တဲ့ Twelve Grapes နဲ့နှစ်သစ်ကူးအချိန်ရဲ့အစကိုအချက်ပြ တဲ့နာရီစင်တစ်ခုတည်ရှိနေပါတယ်။
စပိန်နိုင်ငံရဲ့နှစ်သစ်ကိုကြိုဆိုတဲ့ကြီးမားတဲ့အခမ်းအနားတွေဆိုရင် Puerta del Sol မှာပဲကျင်းပလေ့ရှိကာ (၁၉၆၂)ခုနှစ်၊ဒီဇင်ဘာ (၃၁) ရက်နေ့ကနေစတင်ပြီး စပိန်နိုင်ငံရဲ့နာမည်ကျော် ရေဒီယိုနဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့ Antena 3 နဲ့ RTVE တို့ကနေ တစ်ကမ္ဘာလုံးကို စပိန်နိုင်ငံရဲ့နှစ်သစ်ကူးကြိုဆိုတဲ့ အခမ်းအနားတွေအဖြစ် တိုက်ရိုက်ထုတ်လွှင့်ပြသလေ့ရှိပါတယ်။
မက်ဒရစ်မြို့ Plaza de la Independencia အတွင်းက Neo- Classical အနုပညာလက်ရာ (ရောမနဲ့ဂရိရှေးဟောင်း ဂန္တဝင်အဆောက်အအုံ ပုံစံကိုအခြေခံတဲ့ )အနုပညာလက်ရာနဲ့တည်ဆောက်ထားတဲ့ Puerta de Alcala အဆောက်အအုံဟာဆိုရင် အထူးထင်ရှားပါတယ်။ ယင်းအဆောက်အအုံတွင်းပါဝင်နေတဲ့ Roman triumphal arch (မုခ်ခုံးပါစင်္ကြ) တွေဟာဆိုရင် ဥရောပရဲ့အစောဆုံး တည်ဆောက်ခဲ့တဲ့ ဗိသုကာလက်ရာမွန်တွေဖြစ်ပြီး ယင်းနဲ့ပုံစံတူအဆောက်အအုံတွေ ဖြစ်တဲ့ ပါရီက Arc de Triomphe နဲ့ဂျာမနီနိုင်ငံ ဘာလင်က Brandenburg အဆောက် အအုံတွေထက် ပိုမိုသက်တမ်းရင့်တယ်လို့သိရပါတယ်။
မက်ဒရစ်မြို့ရဲ့လမ်းမတွေထက်မှာ နောက်ထပ်မြင်တွေ့နိုင်တာကတော့ ကျောက်ဆစ်ရုပ်တုကြီးတွေဖြစ်ပါတယ်။ Museum of Outdoor Sculpture လက်ရာတွေတည်ရှိရာ နေရာကတော့ Paseo de la Castellana လမ်းမှာဖြစ်ပြီး ဒီနေရာမှာ ဒိုင်နိုဆောလိုစိတ်ကူးယဉ် သက်သက်အရုပ်ဒီဇိုင်းတွေပါဝင်နေပါတယ်။
မက်ဒရစ်မြို့တော်ဟာ ဥရောပမြို့တော်ကြီးတွေအနက်မှာတော့ သစ်ပင်အရေအတွက် အများဆုံးနဲ့စိမ်းလန်းစိုပြေတဲ့မြို့ဟာဧရိယာအတော်များများကိုပိုင်ဆိုင်ထားတဲ့ မြို့တော်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာဆိုရင်မက်ဒရစ်မြို့ဟာ တစ်ဖြောင့် တည်းရှိတဲ့ အပင်အရေအတွက် ပေါင်း (၂၄၈ ၀၀၀)နဲ့ ဂျပန်နိုင်ငံတိုကျိုမြို့ပြီးရင် ဒုတိယ အပင်အရေအတွက်အများဆုံးတည်ရှိရာမြို့တော်ကြီးအဖြစ် တည်ရှိနေပါတယ်။
မက်ဒရစ်ဟာစပိန်မှာတော့ ခရစ်ယာန်ကတ်သလစ်ဘုရားရှိခိုးကျောင်း အရေအတွက် များစွာကိုပိုင်ဆိုင်ထားတဲ့ မြို့တော်အဖြစ်ရှိနေပြီး စပိန်နိင်ငံရဲ့ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာရေးအမွေအနှစ် အများဆုံးတည်ရှိနေရာ အရပ်လည်းဖြစ်ပါတယ်။ ဒါအပြင်ဥရောပရဲ့ အနုပညာပြတိုက်အများဆုံးမြို့တော်ဆိုရင်လည်း မက်ဒရစ်ဟာထိန်တန်းနေရာကနေ တည်ရှိနေပြီး စပိန်စာပေသမိုင်းရဲ့ဗဟိုချက်မနေရာဖြစ်တယ်ဆိုလည်းမမှားပါဘူး။
မက်ဒရစ်ရဲ့ဆွဲဆောင်မှုအရှိဆုံးနေရာတွေမှာဆိုရင် ညအချိန်ကျင်းပတဲ့မြို့ပြလူနေမှု စရိုက်ဟာဆိုရင်လည်း အဓိကနေရာကနေပါဝင်လို့နေပါတယ်။ Tapas bar ၊ cocktail bars ၊ နိုက်ကလပ်တွေ၊ Jazz lounges (အဆင့်မြင့်ဟိုတယ်တွေမှာရှိတဲ့ယာမကာသောက်အခန်း) ၊ တေးဂီတဖျော်ဖြေပွဲတွေ၊ပြဇာက်တွေဟာ ကမ္ဘာအနှံ့ကဧည့်သည်တွေကို ဆွဲဆောင်နေပြီး ငွေရှိသူတိုင်းအတွက် လောကနိဗ္ဗာန်နဲ့ မခြားတဲ့ ဝန်ဆောင်မှုလုပ်ငန်း တွေကလည်း အတော်ကို ဥရောပမှာလူသိများပါတယ်။
မက်ဒရစ်ရဲ့အခြားလူသိများထင်ရှားတဲ့အချက်က စပိန်နိုင်ငံရဲ့အကြီးဆုံးသော plaza de toros ( နွားရိုင်းသတ်ကွင်း)တွေတည်ရှိနေတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ (၁၉၂၉) ခုနှစ်က တည်ဆောက်ခဲ့တဲ့ Las Ventas အမည်ရနွားရိုင်းသတ်ကွင်းဆိုရင် ပွဲကြည့်စင် ထိုင်ခုံ (၂၅၀၀၀)လောက်ကိုတည်ရှိပြီး ကမ္ဘာကျော်နွားရိုင်းသတ်ကွင်းတစ်ခုအဖြစ်လည်း ကျော်ကြားပါတယ်။ မက်ဒရစ်ရဲ့နွားရိုင်းသတ်ပွဲတော်တွေကိုတော့ နှစ်စဉ် မတ်လကနေ စတင်ပြီး အောက်တိုဘာလကုန်ချိန်အထိ ကျင်းပလေ့ရှိပါတယ်။
မက်ဒရစ်လို့ဆိုလိုက်တာနဲ့ ကမ္ဘာပေါ်မှာလူပိုသိတာက မြို့နာမည်ဆိုတာထက် မက်ဒရစ် အခြေစိုက် ရီရယ်မက်ဒရစ်ဘောလုံးအသင်းနဲ့ နောက်ပိုင်းမှာ အာဂျင်တိုင်းနည်းပြဆီမြွန်းနီရဲ့အစွမ်းနဲ့ ဥရောပအထိ ခေါင်းထောင်လာတဲ့အက်သလက်တီကိုမက်ဒရစ်အသင်းတွေ ကြောင့်ဆိုရင် အံ့သြစရာမရှိပါဘူး။
ကြယ်စင်စုအသင်းလို့တင်စားခေါ်ဆိုကြတဲ့ရီရယ် မက်ဒရစ်အသင်းကို လွန်ခဲ့တဲ့ (၁၁၇)နှစ်ကာလ (၁၉၀၂)ခုနှစ်၊မတ်လ(၆)ရက်နေ့က Juan Padros ဆိုသူကစတင်တည်ထောင်ခဲ့ပါတယ်။ ကလပ်ရဲ့နာမည်မှာပါတဲ့ Real ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်က တော်ဝင်ဆိုတဲ့အမည်ဖြစ်ပြီး (၁၉၂၀)ခုနှစ်ရောက်ချိန်က တည်းက စပိန်ဘုရင် အယ်ဖွန်ဆို (၁၃) ကနေ ရီရယ်အမည်နဲ့ အသင်းတံဆိပ်ပါသရဖူ ကို ပေးအပ်ချီးမြှင့်ကာမြှောက်စားခဲ့ပါတယ်။ စပိန်မှာသာမကရီရယ်မက်ဒရစ်အသင်း ဟာ ကမ္ဘာအအောင်မြင်ဆုံးကလပ်အသင်းဖြစ်ပြီး အမှတ်ပေးဖလား(လာလီဂါ) ၃၃ ကြိမ်၊ အပါအဝင်ပြည်တွင်းဖလား (၆၅)လုံး၊ ချန်ပီယံလိဂ်ဖလား (၁၃)ကြိမ်အပါအဝင် ဥရောပ နဲ့ကမ္ဘာအသိအမှတ်ပြုဆုဖလားပေါင်း (၂၆)လုံးအထိရရှိထားသလို ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့ တစ်ခုတည်း သောအသင်းအဖြစ် ကမ္ဘာစံချိန်များစွာကို ပိုင်ဆိုင်ထားတဲ့ဘောလုံးအသင်းဆိုလည်းမမှားပါဘူး။
(၂၀၁၉)ခုနှစ်စာရင်းတွေအရတော့ ရီရယ်မက်ဒရစ်အသင်းရဲ့ စုစုပေါင်းတန်ကြေး ဟာ ယူရို(၃.၈)ဘီလီလျံအထိရှိနေပြီး နှစ်စဉ်ဝင်ငွေ ယူရို (၇၅၇၃)သန်းနဲ့ (၂၀၁၉)ခုနှစ် အတွက် ကမ္ဘာဒုတိယမြောက်ဝင်ငွေအများဆုံးရနေတဲ့ ဘောလုံးအသင်းအနေနဲ့ရပ် တည်လို့နေပါတယ်။ ရီရယ်မက်ဒရစ်ရဲ့ခါးသီးတဲ့ပြိုင်ဘက် ဘာစီလိုနာအသင်းနဲ့ ယှဉ် ပြိုင်ကစားတဲ့ ပွဲတွေကိုတော့ El Clásico ဒါဘီလို့သိကြပြီး မြို့ခံပြိုင်ဘက် အက်သလက် တီကိုနဲ့ ကစားတဲ့ပွဲတွေကိုတော့ El Derbi ပွဲစဉ်လို့ခေါ်ဆိုကြပါတယ်။
ရီရယ်မက်ဒရစ် အသင်းရဲ့ အိမ်ကွင်းကတော့ ဆန်တီယာဂိုဘာနေဗျူးဘောလုံးကွင်းကြီးုဖြစ်ပြီး ပရိတ်သတ် (၈၁၀၄၄)ဦးဆန့်ကာ ကွင်းရဲ့မြက်ခင်းပြင်ကိုတော့ Mixo Hybrid Grass နည်းပညာကိုအသုံးပြုပြီး ခင်းကျင်းထားပါတယ်။ ဥရောပရဲ့နာမည်ကျော်ဘာနေဗျူးကွင်း ကြီးကို (၁၉၄၄)ခုနှစ် အောက်တိုဘာမှာစတင်တည်ဆောက်ခဲ့ပြီး (၁၉၄၇) ခုနှစ် ဒီဇင်ဘာ (၁၄)ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာကြောင့် ကွင်းရဲ့သက်တမ်းဟာ (၇၂)နှစ် လောက်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
Discussion about this post