ရေးသားသူ – Saya Aung Ko Latt
အကောင်းမြင်တတ်ပြီလား၊
လူ( ၂ ) ယောက် တစ်ပြိုင်တည်း ပြူတင်းပေါင် အပြင်ကို လှမ်းကြည့်လိုက်ပါတယ်။ တစ်ယောက်က ကောင်းကင်ပြာကိုမြင်တယ်။ နောက်တစ်ယောက် ရွှံ့ နွံအိုင်ကို မြင်တယ်။ လူဆိုတာ စိတ်ထဲမှာ မြင်ချင်တဲ့အရာကို မြင်ကြတာပါပဲ။
သင်ကော ဘာကိုမြင်သလဲ။
သဘောထားကြီးတတ်ပြီလား၊
ကောင်းတဲ့ဘက်ကို ရွေးမြင်တတ်တယ်။ ကျယ်အောင် ဆွဲတွေးတတ်တယ်။ ပြစ်တင်တာထက် ခွင့်လွတ်တာကို အရင်ဦးစားပေးတယ်။ ဒါ သဘောထားကြီးတာပါပဲ။
ပါးစပ်ပိတ်တတ်ပြီလား
ကျွန်တော်ကတော့ စကားပြောတတ်အောင် ( ၂ ) နှစ်ပဲ သင်လိုက်ရတယ်။ ပါးစပ်ပိတ်တတ်ဖို့ တစ်သက်လုံး ကြိုးစားနေရတယ်။ အခုထိ ထိန်းသိမ်းနေရဆဲပါ။ ပြောပြောပြီးချင်း နောင်တပြန်ရနေတတ်တယ်။
သင်ကော ပါးစပ်ပိတ်တတ်နေပြီလား၊
ကျေးဇူးတင်တတ်ပြီလား၊
ကျေးဇူးတင်တယ်ဆိုတာ အသိအမှတ်ပြုခြင်းပါ။ တန်ဖိုးထားတတ်ခြင်းပါ။ အတင်ခံရတဲ့လူထက် ကျေးဇူးတင်တဲ့လူကို ပိုမိုအကျိုးဖြစ်ထွန်းဖြစ်စေပါတယ်။ ကျေးဇူးသိတတ်သူဟာ အကျိုးခံစားရသူ ဖြစ်ပါတယ်။
သင်ကော အရာရာကို ကျေးဇူးအမြင်နဲ့ ကြည့်တတ်ပြီလား၊
“ No ” ပြောတတ်ပြီလား
သူများ အကူအညီတောင်းလာရင် ကူညီလိုက်ရမှ ကျေနပ်တယ်။ သူများကို ငြင်းဆိုရမှာ အရမ်းအားနာတယ်။ ဖြစ်နိုင်ရင် အားလုံးကို Yes လို့ပဲပြောလိုက်ချင်တယ်။ မငြင်းဆိုတတ်လို့ ကြုံခဲ့ရတဲ့ အခက်အခဲတွေ မနည်းတော့ပါ။
မငြင်းတတ်ရင် ရေရှည် စိတ်ဒုက္ခ တွေ့နိုင်ပါတယ်။
ဒါကြောင့် “ No ” ပြောဖို့ ဝန်မလေးသင့်ပါ။
သည်းခံတတ်ပြီလား၊
သည်းခံတာ ထင်သလောက် မလွယ်ကူပါ။ ဖြစ်ခဲ့တာတွေ ဖြစ်ပြီးနေပြီ၊ စိတ်ဆိုးနေရင်လည်း ဘာမှ အကြောင်းမထူးတော့ဘူးဆိုရင် သည်းခံလိုက်တာက ပိုအဆင်ပြေပါတယ်။ လောလောဆယ်ဆယ် အတိုက်ခိုက်ခံနေရရင်တော့ သည်းခံနိုင်ဖို့ တော်တော် ခက်ပါတယ်။ ပြသနာက ရန်ကိုရန်ချင်း တုန့်နင်းနေရင် ဘယ်တော့မှ မပြီးဆုံးတော့ပါ။ အဲဒီတော့ သီးခံနားလည်နိုင်တဲ့နည်းလမ်းကိုပဲ နောက်ဆုံးပြန်ရွေးချယ်ရတာပါပဲ။
ဒါကြောင့် သည်းခံတတ်အောင် လေ့ကျင့်ထားဖို့လိုပါတယ်။
ဝင်ဆန့်တတ်ပြီလား၊
ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် အသက်ရှင်ရပ်တည်ဖို့က အရေးကြီးပါတယ်။ ဝင်ဆန့်တယ်ဆိုတာ အဆင်ပြေအောင်နေထိုင်တတ်တာပါပဲ၊ သူများနဲ့ အဆင်ပြေတယ်။ ကိုယ့်စိတ်နဲ့ ကိုယ်အဆင်ပြေတယ်။ ကိုယ်လည်းသူများကို အသိအမှတ်ပြုတယ်။ ကိုယ်လည်း အသိအမှတ်ပြုခံရတယ်။
ရောင့်ရဲ တတ်ပြီလား၊
အကောင်းဆုံးမျှော်လင့်မယ်။ အကောင်းဆုံး ကြိုးစားမယ်။ မအောင်မြင်ခဲ့ရင် ရောင့်ရဲစိတ် မွေးမြူလိုက်မယ်။ ဒါ အကောင်းဆုံး ရောင်းရဲတတ်ခြင်းပါ။
စိတ်ထိန်းတတ်ပြီလား၊
စိတ်ဆိုးတယ်။ စိတ်ထိခိုက်တယ်။ ဒေါသထွက်တယ်။ စိတ်ထိန်းတယ်ဆိုတာ အဲဒါတွေကို မပေါက်ကွဲအောင် ထိန်းထားခြင်းထက် တစ်ခုခုစဉ်းစားပြီး စိတ်ဖြေလျှော့နိုင်ခြင်းကို ပိုမိုဆိုလိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်…စိုးရိမ်နေရင်လည်း ဘာမှထူးမလာဘူးဆိုရင် စိုးရိမ်မနေတော့ဘူး၊ စိတ်ဆိုးရင်လည်း ဘာမှထူးမလားဘူးဆိုရင် စိတ်မဆိုးတော့ဘူး၊ ကြောက်ရွှံ့ နေရင်လည်း ဘာမှထူးမလာဘူးဆိုရင် မကြောက်တော့ဘူး၊ စိတ်ညစ်နေရင်လည်း ဘာမှထူးမလာဘူးဆိုရင် စိတ်မညစ်တော့ဘူး။
ခံစားတတ်ပြီလား
ဘဝဆိုတာ ခရီးလို့တင်စားခဲ့မယ်ဆိုရင်….အဲဒီခရီးတလျှောက်မှာရှိတဲ့ ရူ့ခင်းတွေကို ခံစားတတ်ဖို့ လိုပါတယ်။ နေထွက်တာလည်း သူ့အလှနဲ့ သူရှိသလို မိုးရွာရင်လည်း သူ့အလှနဲ့သူ ရှိပါတယ်။ ခံစားတတ်တဲ့စိတ်သာ ရှိဖို့လိုပါတယ်။ ဦးတည်ရာကိုသာ လောလောလောလောနဲ့ ခရီးနင်ပြီး ဘေးပတ်ဝန်းကျင်က အလှကို ခံစားဖို့ မေ့သွားတဲ့လူ မဖြစ်ဖို့ လိုပါတယ်။
လက်လွှတ်တတ်ပြီလား
ဝင်ဆန့်နိုင်ရင် ဝင်ဆန့်မယ်။ ဝင်ဆန့်လို့ မရရင် ပြောင်းလဲဖို့ ကြိုးစားမယ်။ ပြောင်းလဲလို့ မရရင် လက်ခံနိုင်အောင် ကြိုးစားမယ်။ နောက်ဆုံးမှ လက်မခံနိုင်ရင်တော့ လက်လွှတ်တတ်အောင် စိတ်ပိုင်းဖြတ်နိုင်ရပါမယ်။ လက်လွှတ်တတ်ခြင်းဟာ ရွေးချယ်မူ အခွင့်အလမ်းသစ် ပေါ်ပေါက်စေပါတယ်။
လက်လွှတ်တတ်သူတိုင်း ဘဝလှနိုင်ကြပါစေ။
Ref: WeChat
Aung Ko Latt
Discussion about this post